ယမန်နေ့မှအဆက်
နိုင်ငံတကာဆက်ဆံရေးကဏ္ဍ
နိုင်ငံခြားရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် မတ်လ ၂ ရက် မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့်
ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းဖြင့်
ဒုတိယတစ်လ တာ၏ နိုင်ငံတကာဆက်ဆံရေးအခြေ အနေသည် တိုးတက်ကောင်းမွန်ခြင်းသို့ ဦးတည်ခဲ့ပါသည်။
အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများနှင့်အာဆီယံအတွင်းရေး မှူးချုပ်တို့ တက်ရောက်ကြသည့်
အဆိုပါ အစည်းအဝေးအတွင်း ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လတ်တလော ဖြစ်ပေါ်တိုးတက်မှုအခြေ
အနေနှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှု ဖြစ်ပွားခဲ့သည့်
အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့ဆက် ဆောင်ရွက်မည့် ဦးစားပေး
အစီအစဉ်များ၊ ပြည်သူများ၏ လုံခြုံမှုအတွက် တရားဥပဒေစိုးမိုးမှုရှိရေး ထိန်းသိမ်းဆောင်ရွက်နေမှု
အခြေအနေ များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မဲစာရင်းများ စိစစ်နေသည့် အခြေအနေတို့ကို
ဆွေးနွေးပြောကြားခဲ့ပါသည်။
ယင်းနေ့တွင်ပင် အာဆီယံစီးပွား
ရေးဝန်ကြီးများ သီးသန့်အစည်းအဝေး တွင်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင်
ပုဂ္ဂလိကဏ္ဍ၏ အရေးပါမှုနှင့် ၂၀၂၁ ခုနှစ်တွင် အာဆီယံစီးပွားရေးအကြံပေးကောင်စီ ၏ အကောင်အထည်ဖော်မည့်
လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအနေ ဖြင့် ပြဋ္ဌာန်းထားသည့်
ဥပဒေများနှင့် အညီ ချုပ်ဆိုခဲ့သည့် ဒေသတွင်းနှင့် နိုင်ငံတကာသဘောတူစာချုပ်များကို ဆက်လက်
အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း၊ လက်ရှိအစိုးရအနေ ဖြင့် ယခင်အစိုးရ အဆက်ဆက် ခွင့်ပြုခဲ့သည့်လုပ်ငန်းများကို
ဥပဒေ နှင့်အညီ အကာအကွယ်ပေးရန် အာမခံကြောင်း၊ အထူးသဖြင့် ခွင့်ပြုပြီးသော စီးပွားရေးလုပ်ငန်းများတွင်
တွေ့ကြုံနေရသည့် အခက်အခဲများကို ကူညီ ဆောင်ရွက်ပေးရန်အတွက် ဦးစားပေး အစီအစဉ်များ ချမှတ်လုပ်ဆောင်မည်
ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါ သည်။
မတ်လ ၅ ရက် နံနက်ပိုင်းတွင်
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ
သံအမတ်ကြီး Mr. Thomas L. Vajda နှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံဆွေးနွေးမှုများ
ပြုလုပ်ခဲ့သည်ကိုလည်း မြင်တွေ့ရပါသည်။ ဖေဖော်ဝါရီလ ၁ ရက် အရေးပေါ်ကာလမတိုင်မီ မဲစာရင်းများ
ကြီးမားစွာ မှားယွင်းမှုအပါအဝင် အခြား သောကိစ္စရပ်များအား သက်ဆိုင်ရာ တာဝန်ရှိသူများ၊
အဖွဲ့အစည်းများထံ တွေ့ဆုံ ဆွေးနွေးရန် ကြိုးပမ်းသည့် အခြေအနေများ၊ လက်ရှိဖြစ်ပေါ်နေသည့်
ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များအပေါ် ဥပဒေနှင့်အညီ လုံခြုံရေးတပ်ဖွဲ့ဝင်များက အနည်းဆုံးအင်အား၊
အနိမ့်ဆုံးအဆင့်မှစ၍ ဖြေရှင်းနေသည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏
ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အကောင်အထည်ဖော်နေသည့်အခြေအနေများ စသည် တို့ကို
အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ကိုလည်း မြင်တွေ့ရပါသည်။
တရားဥပဒေစိုးမိုးရေး
ဆောင်ရွက်
ထို့ပြင် မတ်လ ၈ ရက်
နံနက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် မြန်မာနိုင်ငံဆိုင်ရာ
ဂျပန်သံအမတ်ကြီး မစ္စတာ မာရုယာမအား နေပြည်တော်ရှိ ဝန်ကြီး ဌာနတွင် လက်ခံတွေ့ဆုံခဲ့ပြီး
မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ်တိုးတက် မှုအခြေအနေများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အသစ်မှ
မဲစာရင်း စိစစ်သည့် အခြေအနေများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်
ပြည်သူများ၏ လုံခြုံရေးအတွက် တရားဥပဒေစိုးမိုးရေး ကို အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း
ဖြင့် ဆောင်ရွက်နေမှုအခြေအနေများ ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် မတ်လ ၉ ရက်တွင် Head of the
European Union Military Staff (EUMS) ဖြစ်သူ Vice Admiral Herve Blejean နှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်
တွေ့ဆုံဆွေးနွေးခဲ့ကြသည်ကိုလည်း မြင်တွေ့ ရပါသည်။ အဆိုပါဆွေးနွေးမှုများတွင် မြန်မာနိုင်ငံ၏
လက်ရှိအခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လက်ရှိ ဆောင်ရွက်နေမှုများနှင့်
ရှေ့လုပ်ငန်းစဉ်များ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး
ဆောင်ရွက်မှုနှင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း စဉ်များအကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ကိုလည်း
မြင်တွေ့ရပါသည်။
(၁၁) ကြိမ်မြောက်
အာဆီယံ တပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး (11th AMOM) ကို မတ်လ ၁၀ ရက်တွင်
ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ မြန်မာ့တပ်မတော်မှ စစ်ဦးစီးအရာရှိချုပ် (ကြည်း)
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တက်ရောက်၍ အာဆီယံ နိုင်ငံများမှတပ်မတော်အရာရှိ ကိုယ်စားလှယ်ကြီးများ
တက်ရောက်၍ ပါဝင် ဆွေးနွေးခဲ့ကြပါသည်။ အာဆီယံနိုင်ငံများအကြား စစ်ဘက်ဆိုင်ရာ စုစည်း
ပူးပေါင်းဆောင်ရွက်ရေးအတွက် ဂရုပြု။ ပြင်ဆင်၊ အောင်ပွဲဝင် (We care, We Prepare,
We Prosper towards an integrated ASEAN Military Cooperation) အပေါ် သဘောထား အမြင်များကို နိုင်ငံအလိုက်
အလှည့်ကျ ဆွေးနွေးခဲ့ကြပါသည်။
မတ်လ ၁၂ ရက်နေ့က ကျင်းပသည့်
(၁၅) ကြိမ်မြောက် အာဆီယံပြန်ကြား ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်နှင့်အဖွဲ့ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ပါသည်။
အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ထိုင်းနိုင်ငံမှ ဗီဒီယိုအစည်းအဝေးစနစ်ဖြင့် ကျင်းပသည့်
အဆိုပါ ယခုနှစ် အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သည့် “ASEAN: A Digital Community with
Accessibility for AI)” “လူတိုင်းလှမ်းမီရပ်ဝန်းသည် အာဆီယံဒစ်ဂျစ်တယ် အသိုက်အဝန်း ဆီ”အပေါ် အခြေခံ၍အာဆီယံနိုင်ငံများအလိုက် ဆွေးနွေးခဲ့ကြပြီး ဆက်စပ်အစည်းအဝေးများကိုလည်း
ပြန်ကြားရေးဝန်ကြီးနှင့် အဖွဲ့ဝင်များက တက်ရောက်
ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဂျီနီဗာမြို့ ကုလသမဂ္ဂအဆောက်အအုံတွင်
မတ်လ ၁၁ ရက်က ကျင်းပသည့် လူ့အခွင့်အရေး ကောင်စီ၏ (၄၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်
မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးမှုများ ပါဝင် ခဲ့ပြီး ယင်းအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန
အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် တာဝန်ရှိသူများက ဗီဒီယိုမိန့်ခွန်းများ ပေးပို့ပြောကြားခဲ့ပြီး
ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးက အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် တည်ဆဲဥပဒေများ၊ အမျိုးသားရေး
ဦးစားပေးများ၊ လိုအပ်ချက်များနှင့်အညီ သက်ဆိုင်ရာကုလ သမဂ္ဂနှင့် အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများ
ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံခြားရေး ဝန်ကြီး
(၂) Dato Erywan Pehin Yusof ကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် လက်ခံ တွေ့ဆုံခြင်းကို
မတ်လ ၁၅ ရက်တွင် ပြုလုပ်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက လက်ရှိမြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများ၊
အထူးသဖြင့် မြန်မာအစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန် အကြမ်းဖက်ဆန္ဒပြမှုများကို
အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ဖြင့် ဆောင်ရွက်နေကြောင်းကို ရှင်းလင်း ပြောကြားနိုင်ခဲ့ပါသည်။
မတ်လ ၁၆ ရက်တွင် ကျင်းပသည့်
(၁၈) ကြိမ်မြောက် အာဆီယံတပ်မတော် ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ
ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ဆွေးနွေး ကြသည်။
အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များပါဝင်သည့် အဆိုပါအစည်း အဝေးအတွင်း ဂရုပြု၊ ပြင်ဆင်၊
အောင်ပွဲဝင်ဟူသည့် ခေါင်းစဉ်အပေါ် နိုင်ငံအသီးသီးမှ အလှည့်ကျဆွေးနွေးကြပြီး အာဆီယံစစ်ဘက်ဆိုင်ရာ
ထောက်လှမ်း ရေးအသိုက်အဝန်း တည်ထောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း
သိရသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ
၁၈ ရက်တွင် ကျင်းပသည့် (၁၈) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး
(ACDFM - 18) သို့တက်ရောက် ဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်း အဝေးအတွင်း အာဆီယံနိုင်ငံ
တပ်မတော်များမှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
ဆွေးနွေးရာတွင် သမားရိုးကျ မဟုတ် သည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအနက် အကြမ်းဖက်ဝါဒနှင့်
ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါသည် အာဆီယံ ဒေသကြီးတစ်ခုလုံးကို ကြီးမားစွာ ခြိမ်းခြောက်နေပြီး
နိုင်ငံတစ်နိုင်ငံချင်း ဖြေရှင်းခြင်းထက် နိုင်ငံအများစည်းလုံး ညီညွတ်စွာ ပေါင်းစပ်ညှိနှိုင်း၍
ဖြေရှင်း ခြင်းက ပိုမို ထိရောက်ကြောင်းဖြင့် အာဆီယံဒေသတွင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊
အားနည်းချက်၊ လိုအပ်ချက်များနှင့် တိုက်တွန်းချက် များကို ဆွေးနွေးပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌသည် (၇၆)နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားသို့ ပါဝင်တက်ရောက် ရန်အတွက် ရောက်ရှိလာသည့်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေး ဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်
တွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်
လုပ်ငန်းစဉ် များကို ခင်မင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးကြခြင်းနှင့် ဂုဏ်ထူးဆောင်
တံဆိပ်နှင့် ဆုတံဆိပ်များ အပြန်အလှန် ဂုဏ်ပြု ချီးမြှင့်ခဲ့ကြသည်ကိုလည်း ဝမ်းမြောက်ဖွယ်
မြင်တွေ့ရသည်မှာ နိုင်ငံအတွက် အားတစ်ရပ်ဖြစ်စေခဲ့ ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်၏ သတင်းထုတ်ပြန်ချက်များ
ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်မှ မတ်လ ၁ ရက်နေ့ ရက်စွဲ ဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ နယ်ရှိဆန္ဒမဲပေးမှု
စစ်ဆေးမှုရလဒ်များ ထွက်ပေါ်လာခဲ့ပြီး မတ်လ ၃ ရက်နေ့ ရက်စွဲဖြင့် ရွေးကောက်ပွဲကော်မရှင်
သတင်းထုတ်ပြန်ချက်တွင် မန္တလေး တိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် အတွင်း ဆန္ဒမဲလက်မှတ်များ
မြေပြင် ဖွင့်ဖောက်စစ်ဆေးမှု အခြေအနေအရ ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ် များ ပျောက်ဆုံးနေခြင်း၊
ပိုသုံးစွဲထား ခြင်းတို့ကို စိစစ်တွေ့ရှိခဲ့ရသည်။
မတ်လ ၄ ရက်နေ့ ရက်စွဲဖြင့်
ရွေးကောက်ပွဲကော်မရှင်၏ သတင်း ထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသ ကြီး ကျောက်တံတားမြို့နယ်၏ပြည်သူ့
လွှတ်တော်အသုံးပြုခဲ့သည့် ဆန္ဒမဲ လက်မှတ်များ ထုတ်ယူရရှိ/ သုံးစွဲ လက်ကျန်အခြေအနေများတွင်
ကျန်ရှိ နေရမည့် မဲလက်မှတ် အပို အလိုများ တွေ့ရှိခဲ့ရပြီး ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲအတွင်း အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ်အခြေအနေများ မြေပြင်
စစ်ဆေးခြင်းအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က
မတ်လ ၅ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ရာတွင်လည်း ကျန်ရှိရမည့် မဲလက်မှတ် အရေအတွက်ထက် လျော့နည်းပျောက် ဆုံးနေသော မဲလက်မှတ်အရေအတွက်
မှာ တစ်သောင်းကျော်ရှိနေပြီး တရား မဝင် အပိုသုံးစွဲ ထားသည့် မဲလက်မှတ် ၆၀၀၀ ခန့် ရှိနေကြောင်း
ဖော်ထုတ် တွေ့ရှိခဲ့သည်။
မတ်လ ၆ ရက်နေ့တွင်လည်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့နယ်၏ ပြည်သူ့လွှတ်တော်
ရွေးကောက်ပွဲတွင် မဲလက်မှတ် တစ်သောင်းကျော်ခန့်
ကွာဟနေမှုများကိုလည်းကောင်း၊ မတ်လ၇ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ်အတွင်း
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် မဲလက်မှတ်ကွာဟနေမှုများကို လည်းကောင်း၊ မတ်လ ၈ ရက်နေ့တွင်
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်နှင့်
မတ်လ၉ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ်၏မဲဆန္ဒရှင်စာရင်းများနှင့် ဆန္ဒမဲ
ပေးမှု မြေပြင်အခြေအနေများကို စစ်ဆေးခဲ့ရာမှ မဲဆန္ဒရှင်စာရင်းထပ်နေ သူများ၊ ပျောက်ဆုံးနေသော
ဆန္ဒမဲလက်မှတ်အရေအတွက်များကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်သည် မတ်လ ၁၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်း
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းဆောင်ရွက်မှု အခြေအနေများ၊
မတ်လ ၁၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းနှင့်
ဆန္ဒမဲလက်မှတ် မြေပြင်စစ်ဆေးတွေ့ရှိချက် ကွာဟမှုများကိုလည်းကောင်း၊ မတ်လ ၂ ရက်နေ့တွင်
ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ မဲဆန္ဒရှင်စာရင်းနှင့် ဆန္ဒမဲလက်မှတ် မြေပြင်စစ်ဆေးတွေ့ရှိချက်
ကွာဟမှုများကိုလည်းကောင်း၊ မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊
မတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ လသာမြို့နယ်။ မရမ်းကုန်းမြို့နယ်တို့ရှိ
မဲဆန္ဒရှင်စာရင်းများနှင့် ဆန္ဒမဲလက်မှတ် မြေပြင်စစ်ဆေးတွေ့ရှိချက်များ ကွာဟနေမှု တို့ကိုလည်းကောင်း
သတင်းထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်သည် ဆက်လက်၍ မတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ အင်းစိန်မြို့နယ်၊
ဒေါပုံမြို့နယ်၊ မတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်နှင့်
ကြည့်မြင်တိုင်မြို့နယ်၊ မတ်လ ၁၇ ရက် နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်၊
လှိုင်မြို့နယ်၊ ကမာရွတ် မြို့နယ်၊ဒဂုံမြို့နယ်၊ ဆိတ်ကြီး/ခနောင် တိုမြို့နယ်၊ မတ်လ
၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ဗဟန်းမြို့နယ်၊ သန်လျင်မြို့နယ်၊
ကျောက်တန်းမြို့နယ်နှင့် မှော်ဘီမြို့နယ်၊ မတ်လ ၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး
ပန်းဘဲတန်းမြို့နယ်။ စမ်းချောင်းမြို့နယ်၊ ခရမ်းမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ဒလမြို့နယ်၊
မတ် ၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊
လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့၏ မဲဆန္ဒရှင်စာရင်းများနှင့်
ဆန္ဒမဲလက်မှတ်များ ထုတ်ယူ ရရှိ သုံးစွဲ လက်ကျန်မြေပြင်အခြေအနေ များကို စာရင်းဇယားများဖြင့်
ပွင့်လင်း မြင်သာစွာ စစ်ဆေးဖော်ထုတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်သည် မတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်
များ (ကိုကိုးကျွန်းမြို့နယ်မပါ) ၄၄ မြို့ နယ်၏ မဲဆန္ဒရှင်စာရင်းများနှင့် ဆန္ဒမဲ လက်မှတ်များ
မြေပြင်စစ်ဆေးခဲ့ရာတွင် မဲစာရင်းကောက်ယူရာ၌ ဥပဒေနှင့် ညီညွတ်ခြင်းမရှိသော မှားယွင်းမှုများကို
မြင်တွေ့ခဲ့ရကြောင်းနှင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေပါသတ်မှတ်ပြဋ္ဌာန်းချက်များအတိုင်း
လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်ကို စာရင်းဇယား
အချက်အလက်များဖြင့် စိစစ်ဖော်ထုတ်ခဲ့သည်ကိုလည်း မြင်တွေ့ရပါသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်၏ ဆက်လက်သတင်းထုတ်ပြန်ချက်များအရ မတ်လ ၂ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် ကျောက်ကြီးမြို့နယ်၊
မတ်လ ၂၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးရေတာ ရှည်မြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်၊
မတ်လ ၂၄ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တို့၏ မဲဆန္ဒနယ်စာရင်းများနှင့် ဆန္ဒမဲလက်မှတ်များ ထုတ်ယူ
ရရှိ/ သုံးစွဲ/လက်ကျန် မြေပြင်အခြေအနေများကို လည်းကောင်း၊ မတ်လ ၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး
ချောက်မြို့နယ်၊ မတ်လ၂၆ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး
သဲကုန်းမြို့နယ်၊ မတ်လ ၂၇ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်နှင့် ချောင်းဦးမြို့နယ်၊
မတ်လ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်နှင့် အရာတော်မြို့နယ်၊
မတ်လ၂၉ ရက်နေ့ တွင် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့ နယ်နှင့် မတ်လ ၃၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး
ရွှေတောင်မြို့နယ်။ ပေါင်းတည်မြို့နယ်နှင့် ပေါက်ခေါင်း မြို့နယ်တို့၏ မဲဆန္ဒရှင်များနှင့်
ဆန္ဒမဲ လက်မှတ်များ ထုတ်ယူ ရရှိ/ သုံးစွဲ လက်ကျန် စသည့်မြေပြင်အခြေအနေ များကို ပွင့်လင်းမြင်သာစွာ
ဖော်ထုတ် နိုင်ခဲ့သည်ကိုလည်း မြင်တွေ့ရပါသည်။
အထိမ်းအမှတ်သဝဏ်လွှာနှင့်
အမှာစကားများပေးပို့
မတ်လ ၂ ရက်နေ့တွင်
ကျရောက် သည့် တောင်သူလယ်သမားနေ့ အခမ်း အနားတွင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကသဝဏ်လွှာကို
ပေးပို့ ခဲ့ပြီး လယ်ယာကဏ္ဍ၏စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှု လုပ်ငန်းစဉ်များသည် စားနပ်ရိက္ခာ
ထုတ်လုပ်မှုအတွက် သာမက ကျေးလက်နေပြည်သူ သန်း ပေါင်းများစွာ၏ အဓိက ကျောရိုး လုပ်ငန်းကြီး
ဖြစ်ပါကြောင်းမှစ၍ တောင်သူ လယ်သမားများအတွက် နိုင်ငံတော်က ဆောင်ရွက်ဖြည့်ဆည်း လျက်ရှိသည့်
အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ကြေးပေးအပ်မှုအခြေအနေ၊ အခြေခံ ရည်ညွှန်း စပါးဈေးနှုန်း
ထုတ်ပြန်ပေးနေသည့် အခြေအနေနှင့် ဆက်စပ်ဝန်ကြီးဌာနအသီးသီးမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက်
ဆောင်ရွက်ချက်များကိုလည်း သဝဏ်လွှာအတွင်း ပြည့်ပြည့်စုံစုံ ထည့်သွင်းပြောကြားခဲ့သည်။
တောင်သူ လယ်သမားများအနေဖြင့် ပေါင်းစည်းအင်အားကို အသုံးပြုကာ လယ်ယာ ကဏ္ဍအပါအဝင် နိုင်ငံတော်၏
အမျိုးသား လူမှုစီးပွားနှင့် ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးအတွက် အတူတကွ ပေါင်းစည်းဆောင်ရွက်ပေးကြရန်လည်း
လမ်းညွှန်တိုက်တွန်းခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်သည် မတ်လ ၈ ရက်တွင် ကျရောက် သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီး
များနေ့ အထိမ်းအမှတ်အခမ်းအ နား သို့လည်း အမှာစကားပေးပို့ခဲ့ပြီး မြန်မာနိုင်ငံတွင်
အမျိုးသမီးများ၏အခန်းကဏ္ဍ သည် တိုးတက်မြင့်မားပြီး အမျိုးသား များနှင့်တန်းတူ နိုင်ငံတော်ကာကွယ်
ရေးနှင့် လုံခြုံရေးတာဝန်များတွင် ထမ်းဆောင်နေကြပြီ ဖြစ်ပါကြောင်း၊ တန်းတူညီမျှရေးအတွက်
အမျိုးသမီး များ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင် ပေးလျက်ရှိပါကြောင်းနှင့် နိုင်ငံနှင့်
လူမျိုးအကျိုးအတွက် လက်ရှိတွေ့ကြုံ နေရသည့် စိန်ခေါ်မှုများကိုရင်ဆိုင်ကျော် လွှား၍
အောင်မြင်ကြပါစေကြောင်း ပြောကြားခဲ့သည်။
မတ်လ ၁၉ ရက်တွင် ကျရောက်
သည့် (၄၇) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သဝဏ်လွှာ ပေးပို့ခဲ့သည်။ သဝဏ်လွှာအတွင်း မိမိတို့ နိုင်ငံသည်
ကောင်းမြတ်သည့် သမိုင်း အစဉ်အလာဖြစ်သော တိုင်းရင်းသားများ အချင်းချင်း ဥမကွဲ သိုက်မပျက်
စည်းလုံးညီညွတ်စွာ နေထိုင်ရေးသည် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်း
ရေးနှင့် ထာဝရငြိမ်းချမ်းရေးတို့အတွက် အလွန်ပင် အရေးကြီးလှကြောင်း ထည့်သွင်း ဖော်ပြထားပါသည်။
မွန်ပြည်နယ်အတွင်း
မှီတင်းနေထိုင်ကြသော မွန်၊ ဗမာ၊ ကရင်၊ ပအိုဝ်းနှင့် ကျန်တိုင်းရင်းသားများ အားလုံး
ကျန်းမာချမ်းသာကြပါစေကြောင်းနှင့် ပြည်ထောင်စုတိုင်းရင်းသား သွေးချင်းများပီပီ ပြည်နယ်၏အကျိုး၊
ပြည်ထောင်စု၏အကျိုးကို တက်ညီလက်ညီ ဝိုင်းဝန်းသယ်ပိုး ဆောင်ရွက်နိုင်ပါ စေကြောင်း ဆုမွန်ကောင်းများကို
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဝဏ်လွှာအတွင်း
ဖော်ပြထားသည်ကို လည်း မြင်တွေ့ရပါသည်။
နိုင်ငံရေးနှင့် တိုင်းရင်းသား
လူမျိုးများအရေး
တိုင်းရင်းသားရေးရာ၊
ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း
အဝေးကို မတ်လ ၄ ရက်တွင် ကျင်းပ ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင်
ကော်မတီ၏ဥက္ကဋ္ဌဖြစ်သူ၊
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး
ဗိုလ်ချုပ်ကြီးမြထွန်းဦးက နယ်စပ်ဒေသများတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ
နိုင်ငံသား စိစစ်ရေးကတ်များ အမြန်ရရှိရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးကြရ မည်ဖြစ်ကြောင်းနှင့်
တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံ အလုပ်အကိုင်များရရှိလာစေရေး၊
လူမှုဘဝမြင့်မားရေးတို့ကို ကော်မတီဝင်များက
ဆွေးနွေးညှိနှိုင်း၍ အစီအမံများ ရေးဆွဲနိုင်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက
ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တို့နှင့်အညီ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး တည်ဆောက်ရန်အတွက်
ရည်ရွယ်သော အားဖြင့် အကြမ်းဖက်လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့သည့်
United League of Arakan (ULA/ Arakan Aramy - AA) လက်နက်ကိုင် အဖွဲ့အား အကြမ်းဖက်အုပ်စုအဖြစ်
ကြေညာထားခြင်းမှ မတ်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် ပြန်လည်ရုပ်သိမ်းပေးနိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏
အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ရေးဆွဲခြင်းနှင့်စပ်လျဉ်းသည့် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို
မတ် ၂၃ ရက်က နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတွင် ကျင်းပခဲ့သည်။
Teaching
Assistant (TA) နှင့် ဘာသာရပ်ဆိုင်ရာ ဆရာခန့်အပ်ထားမှုနှင့်
ပတ်သက်၍ ဒေသခံများကို ဦးစားပေးခန့်အပ်ရေး၊ လစာတိုးမြှင့် ခံစားခွင့်ပြုရေး၊ မှတ်ပုံတင်လျှောက်ထားရာတွင်
မျိုးနွယ်စုအမှန်ဖြစ်စေရေး၊ တိုင်းရင်းသားများအားလုံးတန်းတူညီမျှသည့်
နိုင်ငံသားအခွင့်အရေးများ ရရှိနိုင်ရေး စသည့်တိုင်းရင်းသားအရေးကိစ္စ များပါဝင်သည့်
မဟာဗျူဟာ သက်တမ်းအဖြစ်ကို ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ် အထိ ၁၀ နှစ်တာ ကာလအတွင်း အောင်မြင်စွာ
အကောင်အထည်ဖော် နိုင်ရေးအတွက် ဆောင်ရွက်သွားမည် ဆိုသည်မှာလည်း တိုင်းရင်းသားလူမျိုးများအတွက်
အကျိုးရှိစေမည့် လုပ်ဆောင်ချက်ပင် ဖြစ်ပါသည်။
တာဝန်ရှိသူများအား
ဆက်လက်ခန့်အပ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်များ၊
ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များနှင့်
ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီအဖွဲ့ဝင်များကို ယခုလအတွင်း ခန့်အပ်ခဲ့သည်ကို
မြင်တွေ့ရပါသည်။
တိုင်းဒေသကြီးနှင့်
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီသည်
ပြည်နယ်ကုန်စည် စီးဆင်းမှုလွယ်ကူ မြန်ဆန်စေရေးအတွက် ပြည်နယ်ကုန်စည်ပို့ဆောင်ရေး အသင်းနှင့်
ညှိနှိုင်းဆွေးနွေးခြင်းကို မတ်လ ၉ ရက်တွင် ပြုလုပ်ခဲ့သည်။ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ
သည် KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ နှင့် DKBA အဖွဲ့များထံ ဆန်၊ ဆီနှင့် ကျွန်းမျိုးစေ့များကို
မတ်လ ၉ရက်တွင် ပေးအပ်နိုင်ခဲ့သည်။ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့
ဝင်များသည် စစ်တွေမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
နေမှုကို မတ်၁၃ ရက်က ကြည့်ရှုအားပေးခဲ့သည် ကိုလည်း မြင်တွေ့ရသည်။
ထို့အတူ ကယားပြည်နယ်၊
မွန်ပြည် နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း
ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်
တနင်္သာရီတိုင်းဒေသကြီး အစရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌများနှင့်
အဖွဲ့ဝင်များ သည်လည်း ဒေသအတွင်း တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံများ၏ကျန်းမာရေး၊ အလုပ်အကိုင်ရရှိရေးနှင့် အခြေခံလိုအပ်
ချက်များကို ကွင်းဆင်းကြည့်ရှုကာ ဖြည့်ဆည်းပေးခြင်းနှင့် လုပ်ငန်းအစီ အမံများ ချမှတ်ဆောင်ရွက်ခြင်းများကို
မတ်လတစ်လတာအတွင်း အင်တိုက်အားတိုက် ဆောင်ရွက်နေကြသည်ကိုလည်း မြင်တွေ့ရမည် ဖြစ်ပါသည်။
ပြည်သူများအတွက် စီးပွားရေးကဏ္ဍ
ကူညီဆောင်ရွက်ပေးနိုင်မှု
ကိုဗစ်-၁၉ကြောင့်
ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများ အပေါ်ကုစားရေး လုပ်ငန်းကော်မတီက ကပ်ရောဂါကြောင့်
ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား ချေးငွေ သက်တမ်း တစ်နှစ် (အတိုးနှုန်း
၁ ရာခိုင် နှုန်း) ဖြင့် ချေးငွေထုတ်ပေးခြင်းကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၉ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ
မကြာမီ တစ်နှစ်ပြည့် မြောက်ပြီး ပြန်လည်ပေးဆပ်ရမည့် ကာလသို့ ရောက်ရှိလာတော့မည် ဖြစ်သဖြင့်
ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ဆောင်ရွက် ရာတွင် လုပ်ငန်းများ ငွေကြေးလည်ပတ်မှု
ချောမွေ့စေရေးအတွက် ချေးငွေ ပြန်လည်ပေးဆပ်ရမည့် ကာလကို ချေးငွေပြန်လည်ပေးဆပ်ရန် ကာလစေ့ရောက်သည့်နေ့မှစ၍
နောက်ထပ် ခြောက်လသက်တမ်းတိုးမြှင့်ပေးခဲ့ခြင်းကို မတ်လ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ပို့ကုန်တင်ပို့မှုအပေါ်
ကြိုတင် ကောက်ခံသည့်ဝင်ငွေခွန် ၂ရာခိုင်နှုန်းကို ဧပြီ ၃၀ ရက်နေ့အထိ ထပ်မံ၍ ကာလ တိုးမြှင့်
ကင်းလွတ်ခွင့်ပြုကြောင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ မတ်လ၁၉ ရက်နေ့ ရက်စွဲဖြင့်
ထုတ်ပြန်ကြေညာခဲ့ခြင်းသည်လည်း ပြည်တွင်း ပို့ကုန်လုပ်ငန်းရှင်များအတွက် စီးပွားရေး
ပြန်လည်ကုစားပေးနိုင်မည့် အစီအစဉ်တစ်ခု ဖြစ်လာခဲ့ပါသည်။
မြန်မာ့ရေလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေးအတွက် Fish Processing စီးပွားရေးဇုန်များကို နယ်စပ်ဒေသတွင် ထူထောင်နိုင်ရေးအတွက်
ညှိနှိုင်းဆွေးနွေးခြင်းများကို မတ်လ ၁၉ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ
ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ သည်ကိုလည်းမြင်တွေ့ရသည်။ ငါးကုန်
ကြမ်းတင်ပို့မှုမှသည် ကုန်ချောတင်ပို့ ရောင်းချနိုင်ရေးနှင့် နိုင်ငံသားများ ဝင်ငွေရရှိမှု
မြင့်မားလာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်လာ စေရေးတို့ကို ရည်ရွယ်ဆောင်ရွက်နေ
ခြင်းဖြစ်သည်ကိုလည်း အားတက်ဖွယ် မြင်တွေ့ရပါသည်။
ရန်ကုန်တိုင်းဒေသကြီး
အတွင်းရှိ လှိုင်သာယာ၊ ရွှေလင်ပန်းစက်မှုဇုန်ရုံး ခွဲနှင့် ရွှေပြည်သာမြို့နယ်လူမှုဖူလုံရေး
ရုံးများတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် စက်ရုံ ၁၈ ရုံသည် မတ်လ ၁၄ ရက်၊ မတ်လ ၁၅ ရက်နှင့်
မတ်လ ၁၉ ရက်တို့တွင် ရှို့မီးကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ရသည်။ အဆိုပါစက်ရုံများတွင်
လူမှုဖူလုံရေးအဖွဲ့နှင့် အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားဦးရေ တစ်သောင်းခွဲခန့်အား
လူမှုဖူလုံရေးဥပဒေနှင့်အညီ နောက်ဆုံး ပေးသွင်းခဲ့သော
ထည့်ဝင်ကြေးလုပ်ခ လစာ၏ ၄၀ ရာခိုင်နှုန်းကို ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း မတ်လ ၂၄
ရက်နေ့ ရက်စွဲဖြင့် ကြေညာခဲ့ခြင်းသည် လည်းအလုပ်သမားများ၏ဘ၀ရပ်တည်မှုအတွက် အကူအညီကောင်းများ
ဖြစ်စေခဲ့ပါသည်။
ထို့ပြင် ကိုဗစ်
-၁၉ ကြောင့် ဒုတိယအကြိမ် လုပ်ငန်းရပ်ဆိုင်းထားခဲ့ရသည်မှာ ခြောက်လကျော် ကြာမြင့်ခဲ့ပြီဖြစ်သည့်
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)၏ နှစ်လဲသက်တမ်းတိုး ယာဉ်မှတ်ပုံတင်လုပ်ငန်းများကို
တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး/ ပြည်နယ် ခရိုင်ရုံး စုစုပေါင်း ၅၂ ရုံး၌ မတ်လ ၂၂
ရက်မှ စတင်ကာ ပြန်လည် ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းသည်လည်း ယာဉ်ပိုင်ရှင်များအတွက် ဝမ်းမြောက်ဖွယ် အကြောင်းအရာ တစ်ရပ်ပင် ဖြစ်ပါသည်။
ထို့ပြင် ပြည်သူများ
ကိုဗစ် - ၁၉ ရောဂါ၏နောက်ဆက်တွဲလူမှုစီးပွားဘဝ ထိခိုက်နိုင်မှုကို အထိရောက်ဆုံး ကုစား
ပေးလျက်ရှိသည်များအနက်မှ တစ်ခုဖြစ်သည့် လျှပ်စစ်ဓာတ်အား ကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့)ကိုလည်း
မတ်လ ၁ ရက်မှ မတ်လ ၃၁ ရက် အထိ ၁၅၀ ယူနစ်ကင်းလွတ်ခွင့်ကို
မတ်လ၂၅ ရက်နေ့ ရက်စွဲဖြင့် ပြည်သူသို့ အသိပေးတင်ပြခဲ့သည်ကိုလည်း
မြင်တွေ့ရပါသည်။
(ဆက်လက်ဖော်ပြပါမည်)
ကနောင်
No comments:
Post a Comment