Thursday, December 19, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် WFP Myanmar မှ Country Director တို့အား သီးခြားစီ လက်ခံတွေ့ဆုံ


နေပြည်တော် ဒီဇင်ဘာ ၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ola Almgren နှင့် WFP Myanmar မှ Country Director, Mr. Stephen Anderson တို့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံးမေခလာ ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်သူ Mr. Ola Almgren နှင့် တွေ့ဆုံစဉ် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ သဘာဝဘေး အန္တရာယ်နှင့် လူကြောင့်ဖြစ်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများအား လူမျိုး၊ ဘာသာ၊ ကျား/မခွဲခြားဆက်ဆံမှုမရှိဘဲ သာတူညီမျှဆောင်ရွက်နေမှု၊ ပဋိပက္ခအတွင်း အမျိုးသမီးများ၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများမှ တားဆီး ကာကွယ် တုံ့ပြန် ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အထူးကိုယ်စားလှယ်ရုံးများနှင့် ပူးတွဲသဘောတူစာချုပ်များ လက်မှတ်ရေးထိုး၍ လုပ်ငန်းစီမံချက်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာနှင့်အညီ သက်ဆိုင်ရာ ဒေသများအလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲ ဆောင်ရွက်သွားမည့် အခြေအနေ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ အာဆီယံနိုင်ငံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ရေတို၊ ရေရှည်အနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူညီပေးအပ်ဆောင်ရွက်နေမှု၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှုနှင့် လူမှုသဟဇာတ မျှတရေး ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီများနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
WFP Myanmar မှ Country Director , Mr. Stephen Anderson နှင့်တွေ့ဆုံစဉ် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးထောက်ပံ့မှုများအား စနစ်တကျ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး နည်းပညာ အသုံးပြုနိုင်ရန်နှင့် စီမံခန့်ခွဲမှု အထောက်အကူပြု သတင်းစနစ်ပေါ်ပေါက်လာရေး ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ရခိုင်ပြည်နယ် အပါအဝင် ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများရှိ ပြည်သူများအား စားနပ်ရိက္ခာထောက်ပံ့မှု ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ထောက်ပံ့မှု အခြေအနေများ ထိရောက်မှုရှိ/မရှိ စောင့်ကြပ်ကြည့်ရှု စစ်ဆေးနိုင်ရန် ဆောင်ရွက်သွားမည့် အခြေအနေများ၊ စားနပ်ရိက္ခာ ထောက်ပံ့မှုများတွင် အဓိကဖြစ်သည့်ဆန်တွင် အာဟာရဓာတ်များ ပြည့်ဝစွာပါဝင်စေနိုင်ရေး အားဖြည့်ဆန် ပြုလုပ်၍ ဖြန့်ဖြူးပေးနိုင်မည့် အခြေအနေ၊ ယာယီခိုလှုံရာ စခန်းများရှိ မသန်စွမ်းသူများအား ပိုမိုထောက်ပံ့ ကူညီပေးနိုင်ရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment