Wednesday, December 18, 2019

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ ကျင်းပ



နေပြည်တော် ဒီဇင်ဘာ ၁၈
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တာမွေ မဲဆန္ဒနယ်မှ ဦးတိုးဝင်း၏ လူအများစုနေထိုင်ရာ ဖြစ်သော မြို့ပြကြီး များရှိ တိုက်ခန်းနေ ပြည်သူများ၏ ဘေးအန္တရာယ်ကင်းစေရေး အတွက် တိုက်ခန်းပြုပြင်ခြင်း များ ဆောင်ရွက်ရန်၊ သက်ဆိုင်ရာ အစိုးရဌာနများမှကွင်းဆင်းစစ်ဆေးရန်နှင့် ပြန်လည် တည်ဆောက်ရန်သင့်သော တိုက်ခန်းများအဖြစ် သက်ဆိုင်ရာမှ ဆုံးဖြတ်ပါက ပြည်သူများ၏ ဘ၀နေထိုင် ရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆောက်လုပ်ရေး ဝန်ကြီးဌာနက ရေးဆွဲနေ သည့် အဆောက်အဦနှင့် ဆောက်လုပ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဥပဒေ (Building and Construction Industry Development Law-BCID Law)နှင့် ပတ်သက်၍ ရှင်းပြလိုပါကြောင်း၊ BCID Law တွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ အရ အဆောက်အဦများ တည်ဆောက်သည့်အခါ မည်သည့်စံချိန်စံညွှန်းနှင့် တည်ဆောက်ရမည်ကို ပြဋ္ဌာန်းမည်ဖြစ်ပါကြောင်း၊ BCID ဥပဒေ ရေးဆွဲပြီးသည့်အခါ ပြည်ထောင်စုတွင် BCID ဗဟိုကော်မတီဖွဲ့စည်းပြီး တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဒေသဆိုင်ရာ ကော်မတီများ ရှိလာမည်ဖြစ်ပါကြောင်း။
ယခုအချိန်တွင် အိမ်ရာများ၊ အဆောက်အဦများနှင့် Building Construction များကို တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သည့်ဥပဒေ မရှိသေးသည့်အတွက် အဆောက်အဦ ဆောက်လုပ်ရာ တွင် အသုံးပြုမည့် ဆောက်လုပ်ရေးပစ္စည်းများ ဖြစ်သည့် သံချောင်း၊ ဘိလပ်မြေ တို့၏ စံချိန်စံညွှန်း များ၊ အဆောက်အဦတစ်ခုလုံးအတွက် လိုအပ်သည့် ရေဂါလံ၊ ရေပမာဏ၊ မီးသတ်စနစ်များ ဆောင်ရွက် ထားရှိမှု၊ အရေးပေါ်လှေကားများကို ထားရှိရမည့် စနစ်များစသည် တို့ကို လွှမ်းခြုံနိုင်သည့် ဥပဒေကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ရေးဆွဲ၍ လွှတ်တော်ရေးရာ ကော်မတီများနှင့် ဆွေးနွေးညှိနှိုင်း ဆောင် ရွက်လျက်ရှိပါကြောင်း၊ ရေးရာ ကော်မတီများမှ ပေးသည့် အကြံဥာဏ်များကိုလည်း ပြင်ဆင်ဖြည့်စွက်ပြီး မကြာ မီကာလတွင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြသွား မည်ဖြစ်ပါကြောင်း၊ အစည်းအဝေးက အတည်ပြုပြီး ပါက ဆွေးနွေးနိုင်ရန် အတွက် လွှတ်တော်သို့ ရောက်ရှိလာမည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြီးပါက ဆောက်လုပ်မှုကဏ္ဍကို လွှမ်းခြုံနိုင်သည့် ဥပဒေတစ်ခု ထွက်ရှိလာ မည်ဖြစ်ပါကြောင်း။
ကန်ထရိုက်တိုက်ဟု ခေါ်ဆိုသော စုပေါင်းပိုင် တိုက်များတွင် နေထိုင်ကြသူများ အနေဖြင့် မိမိတို့ အဆောက်အဦပြင်ဆင်ရေးနှင့်ပတ်သက်၍ နေထိုင်ကြသူများအားလုံး တွင် တာဝန်ရှိပြီး နေထိုင်သူ အားလုံးမှ ပြင်ဆင်စရိတ်ကို အညီအမျှကျခံရမည် ဖြစ်ပါ ကြောင်း၊ အဆိုပါ အဆောက်အဦ များကို ပြင်ဆင်နိုင်ရန်အတွက် BCID ကော်မတီအဖွဲ့ များ အမြန်ဆုံး ထူထောင် သွားပြီး အဆိုပါ BCID ကော်မတီ အဖွဲ့များမှ အကြံပြုချက်များ၊ လမ်းညွှန်ချက်များကို ထုတ်ပြန်ကြေညာပြီး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် BCID Law နှင့် Estate Management Law များကို ရေးဆွဲ လျက်ရှိပြီး အဆိုပါ ဥပဒေများ ပြဋ္ဌာန်းပြီး ပါက ဆောက်လုပ်မှု ကဏ္ဍကြီးတစ်ခုလုံးကို လွှမ်းခြုံ၍ တစ်နိုင်ငံလုံး အတိုင်းအတာအရ ပုဂ္ဂလိက ကဏ္ဍနှင့် နိုင်ငံပိုင်အဆောက်အဦ ကဏ္ဍ တွင်ပါ စံချိန်စံညွှန်း ပြည့်မီသည့် အဆောက်အဦ များကို တည်ဆောက်နိုင်ရန် အတွက် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ များမှ ပေးပို့လာသော အချက်အလက်များနှင့်ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။
မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ မြန်မာနိုင်ငံတွင် မကြာခင် ရောက်ရှိလာ တော့မည့် (၂၀၂၀) အထွေထွေရွေးကောက်ပွဲ ကာလအတွင်း လူမှုကွန်ရက်မီဒီယာ (Facebook) အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရမှ ညှိနှိုင်းထိန်း ကျောင်းပေးရန် အစီအစဉ် ရှိပါသလား နှင့် ကိုယ်စားလှယ်လောင်းများ၏ (Facebook) ပေါ်တွင် (Boost)လုပ်ပြီး နိုင်ငံရေး ကြေညာအတွက် သုံးစွဲခဲ့သည့် ငွေကြေးပမာဏ တန်ဖိုးများသည် ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ် ရှင်းတမ်း၌ ဖော်ရန်လို၊ မလိုနှင့် ရွေးကောက်ပွဲရက် နီးကပ်နေသော မဲမဆွယ်ရ သည့် နေ့များ (Silent Day)နှင့် ရွေး ကောက်ပွဲရက်မဲမဆွယ်ရ ဧရိယာများတွင် (Facebook) အသုံးပြုပါက ရွေးကောက်ပွဲ ဥပဒေနှင့် ညီညွတ်မှုရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်ဆွေက မြန်မာနိုင်ငံတွင် မကြာမီရောက်ရှိ လာတောမည့် အထွေထွေ ရွေးကောက်ပွဲကာလအတွင်း လူမှုကွန်ယက်မီဒီယာ (Facebook)အသုံး ပြုခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရမှ ညှိနှိုင်းထိန်းကျောင်းပေးရန် အစီအစဉ်နှင့် စပ်လျဉ်း၍ ဆိုရှယ်မီဒီယာများကို အသုံးပြုရာ၌ သတ်မှတ်ထားသည့် Community Standards တို့ကို သုံးစွဲသူကိုယ်တိုင်က ဦးစွာဖတ်ရှုပြီး လိုက်နာကျင့်သုံးရမည် ဖြစ်ပါ ကြောင်း၊ Community Standards ဆိုသည်မှာ ကျင့်ဝတ်အဖြစ် လိုက်နာကျင့်သုံးသင့် ကြောင်း သတ်မှတ်ထားခြင်းသာဖြစ်၍ ဥပဒေကဲ့သို့ အရေးယူထိန်းကျောင်းရန် အခက် အခဲရှိသည်ကို တွေ့ရှိရပါကြောင်း။
ကိုယ်စားလှယ်လောင်းများ၏ (Facebook)ပေါ်တွင် (Boost)လုပ်ပြီး နိုင်ငံရေးကြေညာ အတွက် သုံးစွဲခဲ့သည့် ငွေကြေးပမာဏတန်ဖိုးများသည် ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ် ရှင်းတမ်း၌ ဖော်ပြန်ရန် လို၊ မလို နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ တွင် တိုက်ရိုက်သီးခြားဖော်ပြ၍ သတ်မှတ်ပြဋ္ဌာန်း ထားခြင်း မရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ယင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်တို့သည် မည်သည့်နည်း ဖြင့်ဖြစ်စေ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲကိစ္စအလို့ငှာ မဲဆွယ် စည်းရုံးခြင်း အတွက် သုံးစွဲခဲ့သော ငွေကြေးပမာဏတန်ဖိုးများကို ရွေးကောက်ပွဲကုန်ကျစရိတ် စာရင်း ပုံစံ (၂၀)တွင်သတ် မှတ်ထားသည့် အပိုင်း၊ ခေါင်းစဉ်များအလိုက် ထည့်သွင်းဖော်ပြရမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ နှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲအလို့ငှာ ဖော်ပြခဲ့သည့် အပိုင်း ခေါင်းစဉ်များ တွင် အမည်ဖော်ပြ မပါရှိသည့် အခြားအသုံးစရိတ်များကိုလည်း အပိုင်း (ဌ) ခေါင်းစဉ် အောက်တွင် ထည့်သွင်းဖော်ပြရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ရွေးကောက်ပွဲရက် နီးကပ်နေသော မဲမဆွယ်ရသည့်နေ့များ (Silent Day) နှင့် ရွေးကောက်ပွဲ ရက် မဲမဆွယ်ရ ဧရိယာများတွင် (Facebook)အသုံးပြုပါက ရွေးကောက် ပွဲဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ များတွင် တိုက်ရိုက်ဖော်ပြ ၍ သတ်မှတ်ထားခြင်းမရှိပါကြောင်း၊ ကော်မရှင်မှ ညွှန်ကြား သတ်မှတ် ထားသည့် Silent Day ကာလတွင် ဥပဒေနှင့် နည်းဥ ပဒေများပါ ပြဋ္ဌာန်းချက်များ နှင့် ဆန့်ကျင်၍ မဲဆွယ်စည်းရုံးခြင်း မပြုလုပ်ရန် လိုအပ်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား သည်။
ရန်ကင်း မဲဆန္ဒနယ်မှ ဒေါ်ဇင်မာအောင်၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ၂၀၁၇ ခုနှစ်မှ စတင်၍ အသုံးပြုခြင်းမရှိ သည့်အပေါ် မည်သည့် အတွက်ကြောင့် သုံးစွဲခြင်းမရှိသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်ဆွေက ကော်မရှင် အနေဖြင့် ပြည်သူလူထု အသိပညာပေးလုပ်ငန်းများ၊ မဲဆန္ဒရှင်အသိပညာပေး လုပ်ငန်းများနှင့် ရွေးကောက်ပွဲဆိုင်ရာ ဆောင် ရွက်မှုသတင်းများကို ပြည်သူလူထုသိရှိ စေရန်အတွက် ကော်္မရှင်၏ လူမှုကွန်ယက်စာ မျက်နှာ (Facebook) ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် စတင်ဖွင့်လှစ်အသုံးပြုခဲ့ပါကြောင်း၊ ထိုသို့အသုံးပြုခဲ့ရာတွင် လူမှု ကွန်ယက် အသုံးပြုမှုဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့နှင့် လုပ်ငန်းအထောက်အကူပြု အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ရမှု မရှိသည့်အပြင် စံနှုန်းနှင့် ကိုက်ညီသည့် စနစ်တကျ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ သတ်မှတ်ထားမှု မရှိသေးခြင်းတို့ကြောင့် မလိုလား အပ်သည့် ကိစ္စရပ်များမပေါ် ပေါက်စေရန် အသုံးပြုမှုကို ယာယီ ရပ်နားခဲ့ခြင်းဖြစ်ပါ ကြောင်း၊ သို့သော် ပြည်သူလူထုများ အနေဖြင့် အချိန်နှင့် တပြေးညီ သိရှိစေရန် မူလ သတင်းအရင်းအမြစ်ဖြစ်သည့် ကော်မရှင်၏ Website (www.uec.gov.mm) တွင် လွှင့်တင်ပေးလျက်ရှိပါကြောင်း။
ကော်မရှင်သည် လူမှုကွန်ယက်စာမျက်နှာ (Facebook)အသုံးပြုရာတွင် စနစ် တကျရှိစေရေး အတွက် ဆိုရှယ်မီဒီယာအသုံးပြုမှုဆိုင်ရာ ကြီးကြပ်ရေးကော်္မတီကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာများ နှင့်စပ်လျဉ်း၍ ပြည်သူလူထုထံသို့ ဆိုရှယ်မီဒီယာများပေါ်မှတစ်ဆင့် သတင်းတု၊ သတင်းမှားများ မပြန့်ပွားစေရေးအတွက် ကော်မရှင်အနေဖြင့် Facebook ကုမ္ပဏီနှင့် တွေ့ဆုံပူးပေါင်း ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ ကော်မရှင်၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် သတင်းမီဒီယာအဖွဲ့များနှင့် တွေ့ဆုံရှင်းလင်းမည့် သတင်း ထုတ်ပြန်ချက်များဖြင့် စဉ်ဆက် မပြတ် ထုတ်ပြန်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ လှိုင်သာယာ မဲဆန္ဒနယ်မှ ဦးဝင်းမင်း၏ ရွှေလင်ဗန်းစက်မှုဇုန် ကနောင်မင်းသား ကြီးလမ်းရှိ မိုးလုံလေလုံအားကစားခန်းမအား အများပြည်သူ အသုံးပြုနိုင်ရန်အတွက် စီစဉ် ဆောင် ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ကျောက်ကြီး မဲဆန္ဒနယ်မှ ဦးမြင့်ငွေ၏ ကျောက်ကြီး မြို့နယ်၊ ပတ္တလားကျေးရွာ အုပ်စု၊ ထန်းပင်ကုန်းရွာမှ ထိပ်ပေါက်ရွာအထိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင် ကုန်ထုတ် ကျောက်ချောလမ်း ခင်းပေးပါရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန် ကြီး ဦးကျော်လင်းက လည်းကောင်း၊ မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်၏ International Foundation For Electoral Systems (IFES)မှ ထောက်ပံ့မည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများတွင် မည်သည့် Soft Ware မှ ပါဝင်ခြင်း မရှိဘဲ သာမန်ကွန်ပျူတာဖြစ်သည်ကို အာမခံချက် ပေးနိုင်ခြင်းရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် လယ်ဝေး မဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦး၏ ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးနေသည့် နိုင်ငံတော်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ သတ်မှတ်ထားသော ဝန်ခံချက်များကို စောင့်ထိန်းလိုက်နာခြင်း ရှိ၊ မရှိကို ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင် အနေဖြင့် ပါတီများအပေါ် စိစစ်နေခြင်းရှိ၊ မရှိ သိလိုခြင်းမေးခွန်း တို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်ဆွေက လည်း ကောင်း ရှင်းလင်း ဖြေကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံဘူမိသိပ္ပံကောင်စီဥပဒေကြမ်းကို လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ နှင့်စပ်လျဉ်း၍ ကသာ မဲဆန္ဒနယ်မှမှ ဦးမြင့်ကြည်၊ မြင်းခြံ မဲဆန္ဒနယ်မှ ဦးစိန် မြင့်၊ မင်းတုန်း မဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနုနှင့် တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ထင်လင်းဦးတို့က ဆွေးနွေးကြသည်။
မြင်းခြံ မဲဆန္ဒနယ်မှ ဦးစိန်မြင့်က ပညာရေးနှီးနှောဖလှယ်ပွဲများတွင် ဆွေးနွေးချက်၊ ဆောင်ရွက် ချက်များကို ပညာရေးတွင် လက်တွေ့အကောင်အထည်ဖော်နေသည့် ဆရာ၊ ဆရာမများကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှတစ်ဆင့် အသိပေးဖြန့်ဖြူးပေးရန် ဆောင်ရွက်သင့်ကြောင်းကို အကြံပြု လိုပါကြောင်း၊ ပြည်ပခရိးစဉ်များတွင် ပညာရေးနှင့် ပတ်သက်၍ သွားရောက် လေ့လာခဲ့ သည့် အချက်များကို မိမိတို့နိုင်ငံတွင် ကျင့်သုံးနေ သည့် ပညာရေးမူဝါဒနှင့် လျော်ညီသည့် ကဏ္ဍများကို သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပြသင့် ကြောင်းကို အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။
အဆိုပါ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကော်မတီဝင် ဦးစောကျော်ဝင်းမောင် က လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြန်လည် ရှင်းလင်းဆွေးနွေး သည်။
ဆက်လက်၍ ကော်မတီဝင် ဦးသန်းအောင်က ယင်းနှစ်ပတ်လည် အစီရင် ခံစာကို လွှတ်တော် မှ သဘောတူလက်ခံရန် အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။
ထို့နောက် ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါက်တာဦးခင်မောင်မောင်၊ တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ စလင်း မဲဆန္ဒနယ်မှ ဦးကံဦး၊ အင်းတော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံးနှင့် တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးမြင့်အောင်တို့ ကဆွေးနွေးကြသည်။
တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးမြင့်အောင် က အစီရင်ခံစာ၏ သုံးသပ်ချက်၊ အကြံပြုချက်အပိုင်းတွင် ကော်မတီသက်တမ်း ၃ နှစ်အတွင်း Stakeholder များ၊ ပြင်ပအဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းများ ကြောင့် ပကတိအခြေ အနေများကို သိရှိရပြီး ဆက်လက်လုပ်ဆောင်သင့်သည်ဟု အကြံပြုထားသည်မှာ အလွန် ကောင်းမွန်ပါကြောင်း၊ ပြည်သူများမှ လာရောက် ကွင်းဆင်းကြည့်ရှုရန် ဖိတ်ခေါ်စာများ ရရှိသည်ဟု ဖော်ပြထားသော်လည်း ကွင်းဆင်း ဆောင်ရွက်မှုများကို အစီရင်ခံစာ ၃ ခုလုံးတွင် မတွေ့ ရပါကြောင်း၊ သို့သော် ပြည်ပ နိုင်ငံများသို့ သွားရောက်ခြင်းကို ခေါင်းစဉ်တစ်ခုအနေဖြင့် တင်ပြ ထားသည်ကို တွေ့ရပါကြောင်း၊ ကော်မတီဦးဆောင်မှု Committee Leadership ကို ယခုထက် ကောင်းမွန်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း အကြံပြု ဆွေးနွေးသည်။
အဆိုပါ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကော်မတီဥက္ကဋ္ဌ ဦးရန်လင်းက လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍ ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ယင်းနှစ်ပတ်လည် အစီရင်ခံစာကို လွှတ်တော်မှ သဘောတူလက်ခံရန် အဆိုတင်သွင်းပြီး ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။
ထို့နောက် ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာကို လွှတ်တော်မှ သဘောတူလက်ခံရန် ကော်မတီဝင် ဦးမြတ်လေးဦး က အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြု သည်။
ယင်းနောက် ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ၏ နှစ်ပတ် လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဘီးလင်း မဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး(ခ) ဦးအတွတ် က ဆွေးနွေးသည်။
အဆိုပါ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ကော်မတီ အတွင်းရေးမှူး ဦးတင့်စိုးက လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေး သည်။
ဆက်လက်၍ ကော်မတီ အတွင်းရေးမှူး ဦးတင့်စိုးက ယင်းနှစ်ပတ်လည် အစီရင်ခံစာကို လွှတ်တော်မှ သဘောတူလက်ခံရန် အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော် ၏ သဘောထားရယူ အတည်ပြုသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ ကို ဒီဇင်ဘာ ၁၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment