အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ
တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊
ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေနှင့် ဒေါက်တာဝင်းမြတ်အေး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊
ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ တိုင်းဒေသကြီး /ပြည်နယ်အစိုးရအဖွဲ့ဝင်
ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊
မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ အမြဲတမ်းအတွင်းဝန်များ၊
ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊
နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (INGOs) များမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော
အဖွဲ့အစည်း (NGOs) များမှ ကိုယ်စားလှယ်များ၊ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်
များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ က ၂၀၀၀ ပြည့်နှစ်၌ ကျင်းပခဲ့သည့် (၅၅)ကြိမ်
မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံက ဒီဇင်ဘာလ (၁၈)ရက်နေ့ကို “နိုင်ငံ တကာ ရွှေ့ပြောင်းသွားလာသူများနေ့”
အဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံအလိုက် အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်း သွားလာသူများနေ့
အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ
ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားများကို ယခုနှစ် အပါအဝင် (၈)ကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီဖြစ်ပါကြောင်း။
ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးအခြေအနေ ပြောင်းလဲလာမှုများနှင့်အတူ နိုင်ငံတစ်နိုင်ငံချင်းစီ၏
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မတူညီမှု၊ လုပ်အားခနှုန်းများ ကွာခြားမှု၊ ပိုမိုကောင်းမွန်သည့်
အလုပ်အကိုင် အခွင့်အလမ်း ရရှိလိုမှု၊ ရာသီဥတု ပြောင်းလဲလာမှုနှင့် နည်းပညာများ လျင်မြန်စွာ
တိုးတက်လာမှုတို့ကြောင့် ရွှေ့ပြောင်းသွားလာခြင်းနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်
များ လွယ်ကူစွာ ရရှိလာမှု စသည့် အကြောင်းရင်းများကြောင့် နိုင်ငံတစ်နိုင်ငံမှ အခြားတစ်နိုင်ငံ
သို့ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖွံ့ဖြိုးပြီးနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာလုပ်ကိုင်လျက်
ရှိပါကြောင်း။
၂၀၁၃ ခုနှစ် စာရင်းအရ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်း အလုပ်သမားဦးရေ ၁၅၀ သန်းခန့်
ရှိပြီး ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူ
ခန့်မှန်းဦးရေ ၂၇၂ သန်းရှိကြောင်း သိရှိရသည့်အတွက် ရွှေ့ပြောင်းအလုပ်သမား အရေအတွက်
ပိုမိုတိုးမြင့်လာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။
ယခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့၏ ဆောင်ပုဒ်မှာ “လူမှုစီးပွား
ကောင်းစေဖို့၊ ကောင်းစွာစီမံရွှေ့ပြောင်းစို့ (Migration and Social Cohesion)” ဖြစ်ပြီး
ရွှေ့ပြောင်း သွားလာခြင်းမှ လူမှုရေးဆိုင်ရာ ပေါင်းစည်းညီညွတ်မှုဖြစ်စေရန်၊ တစ်ဦး တစ်ယောက်ချင်းစီ၏
ပူးပေါင်း ဆောင်ရွက်မှုမှ လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးများ ဖြစ်စေရန်၊ အားလုံးကောင်းကျိုးအတွက်
အတူတကွလုပ်ဆောင်ရန်၊ ဖယ်ထုတ်ထားခြင်းများ မရှိရန်နှင့် ယုံကြည်မှုများ တိုးမြှင့်ရန်
စသည်တို့ကို ရရှိရန် လိုအပ်ပါကြောင်း။
ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ခြင်းမှ လူမှုစီးပွားဘဝတိုးတက်စေခြင်း၊
အတွေ့အကြုံ ဗဟုသုတရရှိစေခြင်း၊ သင့်တင့်သည့်ဝင်ငွေရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ
ပိုမို ရရှိစေခြင်း၊ မိသားစုလွှဲပို့ငွေမှတစ်ဆင့် နိုင်ငံတော်၏ GDP မြင့်တက်စေခြင်း၊
နိုင်ငံအတွက် ဝင်ငွေခွန်များ ရရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်သဖြင့်
ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ခြင်းသည် Social Cohesion အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ
ဖြစ်စေပါကြောင်း။
ဘေးကင်းလုံခြုံပြီးစနစ်ကျသည့် တရားဝင်လုပ်သားရွှေ့ပြောင်းသွားလာခြင်း မြှင့်တင်ရန်၊
ပုံမှန် မဟုတ် သည့်လမ်းကြောင်းများမှ ရွှေ့ပြောင်းသွားလာမှုကို လျှော့ချရန်နှင့် လူ့အဖွဲ့အစည်း
အတွက် အကျိုးကျေးဇူးဖြစ်စေသည့် ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှုဖြစ်ရန် စသည်တို့အတွက်
ရွှေ့ပြောင်း သွားလာလုပ်ကိုင်ခြင်းကို စနစ်တကျစီမံခန့်ခွဲခြင်းသည် အလေးထားဆောင်ရွက်
ရမည့် ကိစ္စရပ်ဖြစ် ပါကြောင်း။
ပုံမှန်မဟုတ်သည့် လမ်းကြောင်းများမှ တရားမဝင်ရွှေ့ပြောင်း သွားလာလုပ်ကိုင်မည်ဆိုလျှင်
အန္တရာယ်များသည့် လုပ်ငန်းခွင်အခြေအနေ ကြုံတွေ့ရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်း၊ အခွင့်အရေး
များ ချိုးဖောက်ခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ အဓမ္မခိုင်းစေခံရခြင်း၊ သင့်လျေှာ်ကောင်းမွန်သည့်
အလုပ်အကိုင် ရှာဖွေရန် အခက်အခဲများရှိခြင်းနှင့် လုပ်ခနည်းပါးခြင်း စသည်တို့ကို ကြုံတွေ့နိုင်
ပါကြောင်း။
ရွှေ့ပြောင်းအလုပ်သမားများသည် မူရင်းနိုင်ငံနှင့် လက်ခံနိုင်ငံနှစ်ခုလုံးအတွက်
အကျိုးရှိ စေသည့် အတွက် ရွှေ့ပြောင်းသွားလာလုပ်ကိုင်သူများအနေဖြင့် ဘေးကင်းလုံခြုံစိတ်ချစွာ
ရွှေ့ပြောင်း သွားလာနိုင်ရေးသည် အရေးကြီးသကဲ့သို့ ဂုဏ်သိက္ခာရှိစွာ လူမှုကာကွယ် စောင့်ရှောက်မှုများ
ရရှိခံစားနိုင်ရန် လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာခြင်းနှင့် စပ်လျဉ်း၍
အကျိုး ကျေးဇူး များရရှိစေရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာတွင် ကုလသမဂ္ဂ အထွေထွေညီလာခံက တရားဝင်
အတည်ပြု ချမှတ်ခဲ့သည့် ဘေးကင်းလုံခြုံ၍ စနစ်ကျသော တရားဝင်ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းအတွက်
ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက် (Global Compact for Safe, Orderly and Regular
Migration) အတည်ပြုချမှတ်ရာတွင် အခြားကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ များနှင့်အတူ ပါဝင်ဆောင်
ရွက်ခဲ့ပါကြောင်း။
ဘေးကင်းလုံခြုံပြီး စနစ်ကျသည့် တရားဝင်ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းအတွက်
ကမ္ဘာလုံး ဆိုင်ရာသဘောတူညီချက်သည် ဥပဒေအရ စည်းနှောင်မှုမရှိဘဲ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများက
ပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ်ပြုထားသည့် သဘောတူညီမှုတစ်ရပ်ဖြစ်ပြီး အလုပ်သမား စေလွှတ်သည့်နိုင်ငံဖြစ်သော
မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအတွက် အကျိုး ကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ပါကြောင်း။
ရွှေ့ပြောင်းအမျိုးသမီးအလုပ်သမားများနှင့် ကလေးများသည် စိန်ခေါ်မှုများစွာ ကြုံတွေ့
နေကြ ရပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရရန် အလားအလာအများဆုံးရှိသူများဖြစ်ကြသဖြင့် ရွှေ့ပြောင်းသွားလာ
လုပ်ကိုင်ခြင်းနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသမီးများနှင့်
ကလေးသူငယ်များအတွက် မမေ့မလျော့ အလေးထားဆောင်ရွက်ကြရန် လိုပါကြောင်း။
ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ၂၀၃၀ ခုနှစ်၊
ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်နှင့် ချိတ်ဆက်နေစေရန် အကောင်အထည်ဖော်ဆောင်ရွက်
နေသည့် မူဝါဒများ၏ ထိရောက်မှုနှင့် အောင်မြင်မှုရှိ/မရှိကို ပြန်လည်သုံးသပ်ပြီး ပိုမိုလက်တွေ့
ကျသည့် မူဝါဒဖြစ်ရန် ဆက်လက်ပြင်ဆင် ဖြည့်စွက်ခြင်းများ လုပ်ဆောင်ရန် လိုအပ်ပါကြောင်း။
အရှေ့တောင်အာရှအတွင်းရှိ ရွှေ့ပြောင်းသွားလာသူများ၏ ဘဝများသည် ကြွေးမြီများနှင့်
ချည်နှောင် ခံနေကြရပြီး ၎င်းတို့ရှာဖွေရရှိသည့်ငွေကြေးများအား ကြွေးမြီပြန်ဆပ်ရန် အသုံးပြုနေသည်ကို
လေ့လာတွေ့ရှိရပါကြောင်း၊ ထိုသို့ ကြွေးမြီချည်နှောင်ခံရမှုကြောင့် ဘဝရှေ့ရေးထိခိုက်
စေပြီး ရေရှည်တည်တံ့သည့် မိသားစုပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် များစွာသော စိန်ခေါ်မှုများ
ဖြစ်ပေါ်စေပြီး ကြွေးမြီချည်နှောင်ခံရခြင်းမရှိပါက ကောင်းမွန်သည့် အသိုက်အဝန်းတစ်ရပ်
ဖန်တီး နိုင်မည်ဖြစ်ပါကြောင်း။
ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများသည် နိုင်ငံ၏ GDP အတွက် အရေးပါသည့်
အရင်းအမြစ်များဖြစ်၍ မိသားစုလွှဲပို့ငွေများကို စနစ်တကျစီမံခန့်ခွဲပြီး လုံခြုံစိတ်ချ
ရသည့် လမ်းကြောင်းမှ တစ်ဆင့် လျင်မြန်ချောမွေ့စွာ လွှဲပြောင်းပေးပို့နိုင်ရန် လွန်စွာ
အရေးကြီးပါ ကြောင်း။
“ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး” ဆိုင်ရာ
ဆက်သွယ် ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်ကို မြန်မာနိုင်ငံတော်
ဗဟို ဘဏ်က မကြာသေးမီကထုတ်ပြန်ခဲ့သည့်အတွက် နောင်လာမည့်ကာလများတွင် မိသားစု လွှဲပို့
ငွေများကို ပိုမိုချောမွေ့စွာ လွှဲပို့နိုင်မည်ဖြစ်ပါကြောင်း။
“ရွှေ့ပြောင်းအလုပ်သမားများ ကုန်ကျစရိတ်သက်သက်သာသာနှင့် ရွှေ့ပြောင်းသွားလာ
လုပ်ကိုင်နိုင်ရန် အလေးထားဖော်ဆောင်ပေးရမည်” ဖြစ်သကဲ့သို့ အလုပ်ရှင်အချို့က ဝန်ဆောင်
စရိတ် အခမဲ့ (Zero Cost) ဖြင့် ဆောင်ရွက်ပေးနေခြင်းများ ရှိသကဲ့သို့ အစိုးရ အနေဖြင့်လည်း
အလုပ်ရှင်များအား နောင်တွင် ဝန်ဆောင်စရိတ်အခမဲ့ဖြင့် တိုးမြှင့်ခေါ်ယူစေရေး တွန်းအားပေး
ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာတွင် ဂုဏ်သိက္ခာရှိစွာ အပြည်ပြည်ဆိုင်ရာ လုပ်သား
စုဆောင်းသည့် စနစ် ပေါ်ထွက်လာစေရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့နိုင်ငံအတွင်းမှာ
ရှိသည့် လုပ်သားစုဆောင်းပို့ဆောင်ပေးသော ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများ
အနေဖြင့် လုပ်သားစုဆောင်းရာတွင် သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့် အညီ လိုက်နာဆောင်ရွက်ရန်၊
ကောင်းမွန်သည့်စီမံခန့်ခွဲမှုဖြစ်စေရန်၊ စေလွှတ်ထား သည့် လုပ်သားများ၏ အချက်အလက်များ
စနစ်တကျပြုစုထားရှိရန်နှင့် ကောင်းမွန်သည့် အလေ့အထကောင်းများ ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ်
ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလို ပါကြောင်း။
ရွှေ့ပြောင်းအလုပ်သမားများသည် ကောင်းမွန်သည့် လူမှုအသိုက်အဝန်းဖြစ်စေရန် တစ်ဖက်
တစ်လမ်းမှ အထောက်အကူပြုသူများဖြစ်သည့်အတွက် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်း၏ ကောင်းကျိုးများ
တိုးမြှင့်ရရှိရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် လူ့ဘောင်တစ်ရပ် လုံး ကောင်းမွန်စွာ
ရပ်တည်နေထိုင်နိုင်ရန် မိမိတို့အားလုံး အတူတကွ ကြိုးပမ်းဆောင်ရွက် သွားကြ ရမည်ဖြစ်ပါကြောင်း၊
ရွှေ့ပြောင်းအလုပ်သမားများအားလုံး သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေများနှင့် အညီ အကျိုးခံစားခွင့်များ
ရရှိခံစားပြီး ကျန်းမာပျော်ရွှင်စွာ တာဝန်ဝတ္တရားများ ထမ်းဆောင် နိုင်စေရန် သက်ဆိုင်ရာဌာန၊
အဖွဲ့အစည်းအသီးသီးတို့က စီမံဆောင်ရွက် ပေးနိုင်ကြပါစေဟု ဆန္ဒပြုအပ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အခမ်းအနားသို့ တက်ရောက်လာကြသူ များနှင့်အတူ
မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အခမ်းအနား အစီအစဉ် ပထမပိုင်းကို ရုပ်သိမ်း လိုက်သည်။
ယင်းနောက် ဒုတိယသမ္မတသည် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ်
ပြခန်းများ၌ ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်စာတမ်း များကို လှည့်လည်
ကြည့်ရှုသည်။
ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ “ရွှေ့ပြောင်း သွားလာခြင်း၏
အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုမြှင့်တင်ရန်နှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ
၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန်” အတွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်
မှုများအပေါ် “ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း” ၏ ကူညီပံ့ပိုးပေး
မှုများနှင့် စပ်လျဉ်းသည့် မှတ်တမ်းဓာတ်ပုံများအား ဗီဒီယိုဖြင့် ပြသသည်။
ယင်းနောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးသိန်းဆွေက အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့နှင့် စပ်လျဉ်း၍ အမှာ စကားပြောကြားသည်။
ထို့နောက် “ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း” ၏ Chief
of Mission ဖြစ်သူ Mr. Akio Nakayama က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့် ရွှေ့ပြောင်း
သွားလာနေ ထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း၏ ညွှန်ကြားရေးမှူးချုပ်တို့က ပေးပို့သည့်
သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း
အလုပ် သမားများ အရေး၊ မိသားစုဝင်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးတို့ကို ပူးပေါင်း
ပါဝင် ကူညီ ပေးခဲ့သည့် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ၊ ဘန်ကောက်အခြေစိုက်
ရွှေ့ပြောင်းအလုပ်သမားကွန်ရက်၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်၊ ပညာရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းနှင့် အလုပ်သမားဟစ်တိုင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ
ပေးအပ်ချီးမြှင့်သည်။
သတင်းစဉ်
No comments:
Post a Comment