နေပြည်တော် ဒီဇင်ဘာ ၁၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Foundation for Electoral Systems (IFES) တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ရင်ဆိုင်ကြုံတွေ့နိုင်သော လုပ်ကြံသတင်းများ၊ အမုန်းစကားများ တိုက်ဖျက်ခြင်းတို့နှင့် စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက က ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွင် လူသားအားလုံး တန်းတူညီမျှဖြစ်သည်ဆိုသည့် အခြေခံမူကို အလေးထား ကြပါကြောင်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခြင်းနှင့် ဆန္ဒမဲပေးခြင်းတို့သည် လူသား အားလုံးကျား/မ တန်းတူညီမျှ ပါဝင်ခွင့်ရှိသော လူ့အခွင့်အရေးတစ်ရပ် ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အရွေးချယ်ခံကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီးများလည်း ပါဝင်ကြမည် ဖြစ်ပါကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများတွင် အမျိုးသမီးများ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခြင်းနှင့် စပ်လျဉ်း၍ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း (၃၀၆၉) ဦးအနက် အမျိုးသမီး ဦးရေ (၁၂၇) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း (၆၀၃၈) ဦးအနက် အမျိုးသမီး ကိုယ်စားလှယ်လောင်း (၈၀၀) အထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံ၏ လူဦးရေနှင့်နှိုင်းယှဉ်ပါက နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်မှု နည်းသေးသည်ဟု ယူဆပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ယခုထက် ပိုမိုပါဝင်လာမည်ဟု မျှော်လင့်ပါကြောင်း၊ ထို့ကြောင့် အမျိုးသမီးများ နိုင်ငံရေးနယ်ပယ်တွင် ပိုမို ပါဝင်လာစေရေးနှင့် ဒီမိုကရေစီ စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ရွေးကောက်ပွဲများဖြစ်စေရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အချိန် နီးကပ်လာသည် နှင့်အမျှ အမျိုးသမီး ကိုယ်စားလှယ်လောင်းများ ရင်ဆိုင်ရနိုင်သည့် အမုန်းစကားဖြင့် တိုက်ခိုက်ခြင်းများကို တားဆီးပြီး ကျား/မအားလုံး တန်းတူညီမျှစွာ ပါဝင်ခွင့်ရရှိရေးကို ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ကျား/မတန်းတူ ညီမျှရေးနှင့် အမျိုးသမီးများ ကဏ္ဍမြှင့်တင်ရေးဆိုင်ရာ မူဝါဒ (၂၀၁၉-၂၀၂၂) ကို ရေးဆွဲ အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း။
အမျိုးသမီး ကိုယ်စားလှယ်လောင်းများအား အမုန်းစကားများ၊ မမှန်ကန်သည့် သတင်းများဖြင့် တိုက်ခိုက်မှုများကို တားဆီးနိုင်မည့် နည်းလမ်းများတွင် အသိပညာပေးခြင်း၊ ဗဟုသုတ ဖြန့်ဝေခြင်းနှင့် တိုက်တွန်းစည်းရုံးခြင်း နည်းလမ်းများကို ထည့်သွင်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယနေ့ မြန်မာနိုင်ငံတွင် ဆိုရှယ်မီဒီယာ အသုံးပြုမှု မြင့်မားလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆိုရှယ်မီဒီယာပေါ်မှ အမုန်းစကားနှင့် တိုက်ခိုက်မှုများ၊ သတင်းအမှားများ ဖြန့်ဝေမှုများရှိခဲ့လျှင် အမျိုးသမီး ကိုယ်စားလှယ်လောင်းများကို သာမက ရွေးကောက်ပွဲ အပေါ်လည်း ဆိုးကျိုးများ သက်ရောက်နိုင်မည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် သတင်းအမှားများ၊ အမုန်းစကားများ ဖြန့်ဝေနေမှုကို တားဆီးကာကွယ်ရန် အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ Facebook Team တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာနှင့် စပ်လျဉ်းသည့် သတင်းအမှန်များကို ပြည်သူလူထုသိရှိစေရန် သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ကော်မရှင်ရုံးတွင် အပတ်စဉ် သတင်းများ ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ ရင်ဆိုင်ကြုံတွေ့ရနိုင်မည့် အမုန်းစကားနှင့် လုပ်ကြံသတင်းများအား တားဆီး ကာကွယ်နိုင်မည့် နည်းလမ်းများကို အလေးထား ဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌသည် တက်ရောက်လာကြသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်၍ အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment