Thursday, December 19, 2019

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး (၇၁/၂၀၁၉) ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး (၇၁/၂၀၁၉) ကို ယနေ့ မွန်းလွဲ ၁နာရီတွင် ပြည်ထောင်စု လွှတ်တော် D ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်း ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ)ဦးထွန်းထွန်းဟိန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူး ဦးဌေးဝင်းအောင်(ခ) ဦးပြုံးချို၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပူးပေါင်းကော်မတီအနေဖြင့် ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ပါဝင်သည့် နိုင်ငံရေး ပါတီ၊ အစုအဖွဲ့ အသီးသီးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တို့မှ တင်ပြခဲ့သည့် အခန်းလိုက် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြံပြုချက်များအပေါ် ပြင်ဆင်သည့် ဥပဒေမူကြမ်း ရေးဆွဲရန် ဆန္ဒပြုမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၏ နိဒါန်းအပါအဝင် အခန်း (၁) နိုင်ငံတော်အခြေခံမူများ အခန်းမှစ၍ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းအခန်းထိ ပြီးပြတ်အောင် ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ယနေ့ကျင်းပသည့် အစည်းအဝေး၌ အခန်း (၁၃) နိုင်ငံတော်အလံ၊ အထိမ်းအမှတ်တံဆိပ် သီချင်းနှင့်မြို့တော် အခန်းကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment