Thursday, December 19, 2019

အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းစီမံချက် ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၉
အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်း ကော်မတီ၏ လုပ်ငန်းစီမံချက်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီတွင် ရေးဆွဲထုတ်ပြန်ခဲ့သော အမျိုးသားမြေအသုံးချမှု မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် အမျိုးသားမြေအသုံးချမှု ကောင်စီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ယင်းကောင်စီ၏ လုပ်ငန်း တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အမျိုးသား မြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်း ကော်မတီကို ကောင်စီက ဖွဲ့စည်းခဲ့ပါကြောင်း၊ အမျိုးသားမြေအသုံးချမှု မူဝါဒ အပိုဒ် ၇၇ တွင် အမျိုးသားမြေဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် စပ်လျဉ်း၍ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပရာ၌ အကျိုး သက်ဆိုင်သူအားလုံး ပါဝင်စေခြင်းနှင့် အမျိုးသားမြေဥပဒေ(မူကြမ်း)ကို အပြီးသတ် ပြင်ဆင်၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခြင်း လိုက်နာရမည့် နည်းလမ်းများကို ဖော်ပြထားပါကြောင်း။
အဆိုပါ မူဝါဒနှင့်အညီ ဖြစ်စေရန် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂ ရက်၌ ကျင်းပသော အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတ ဖြစ်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေးတွင် ကော်မတီ၏ လုပ်ငန်းစီမံချက် ရေးဆွဲရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရန် သဘောတူညီခဲ့ပါကြောင်း၊ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ ထည့်သွင်း ဆွေးနွေးသင့်သည့် အချက်များကို အဆိုပြု တင်ပြနိုင်ရန် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ယင်းလုပ်ငန်းအဖွဲ့၏ အစည်းအဝေး ဆွေးနွေးချက်များအပေါ် မူတည်၍ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့် ခေါင်းစဉ်များ၊ အဆိုပြု နည်းလမ်းများကို ကော်မတီက အတည်ပြုခဲ့ပါကြောင်း၊ ယင်းအဆိုပြု နည်းလမ်းပါ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သည့် အလုပ်ရုံ ဆွေးနွေးပွဲသည် အမျိုးသား မြေဥပဒေ ပေါ်ပေါက်ရေးအတွက် အများပြည်သူပူးပေါင်း ပါဝင် ညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းစဉ်၏ ပထမခြေလှမ်း ဖြစ်ပါကြောင်းနှင့် အမျိုးသား မြေဥပဒေကို အမျိုးသားမြေ အသုံးချမှု မူဝါဒနှင့်အညီ ရေးဆွဲရမည့်လုပ်ငန်း တာဝန်များကို စနစ်တကျ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယခုအလုပ်ရုံဆွေးနွေးပွဲက လုပ်ငန်းစီမံချက်များ ချမှတ်ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲတွင် လုပ်ငန်းစီမံချက်များ ရေးဆွဲရာ၌ သိသင့်သည့် အကြောင်းအရာများ၊ အမျိုးသား မြေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းစဉ်များ၊ မြေစီမံခန့်ခွဲမှုဆိုင်ရာ ခေါင်းစဉ်များ၊ အဖွဲ့ငယ်များ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ လိုအပ်ချက်များနှင့် ဖြေရှင်း ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို အုပ်စု ၇ စုခွဲ၍ နှစ်ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲသို့ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ အထောက်အကူပြု လုပ်ငန်း အဖွဲ့ဝင်များ၊ နည်းပညာအကြံပေး အဖွဲ့ဝင်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment