Friday, November 1, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကမ္ဘာ့ကျန်းမာရေး ထိပ်သီးညီလာခံ(၂၀၁၉) တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၁
ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် အောက်တိုဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သည် ကမ္ဘာ့ကျန်းမာရေး ထိပ်သီးညီလာခံ(၂၀၁၉)သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် ခဲ့သည်။

ညီလာခံသို့ တက်ရောက်စဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ပဋိဇီဝ ဆေးယဉ်ပါးမှု၊ ကျန်းမာရေးစောင့်ရှောက်မှု ဆန်းသစ်တီထွင်မှုများတွင် အသိဉာဏ်တု၏ အခန်းကဏ္ဍ၊ ရေရှည်တည်တံ့သော ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံသော ကျန်းမာရေးစောင့်ရှောက်မှု ဆွေးနွေးပွဲများကို တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် မကူးစက်နိုင်သော ရောဂါများအား ပြုစုကုသမှုများ ရေရှည်တည်တံ့ လက်လှမ်းမီ ရရှိရေး စားပွဲဝိုင်းဆွေးနွေးပွဲ၌ ဦးဆောင်ဆွေးနွေးသူအဖြစ် ယူဂန်ဒါနိုင်ငံ ကျန်းမာရေးဝန်ကြီးနှင့်အတူ တက်ရောက်ဆွေးနွေးသည်။
ထိုသို့ ဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် အခြားအရှေ့တောင် အာရှဒေသ တွင်း နိုင်ငံများနည်းတူ မကူးစက်တတ်သော ရောဂါများ ဖြစ်ပွားမှုနှုန်းမှာ မြင့်မားနေပြီး ဖွံ့ဖြိုးပြီး တိုင်းပြည်များနည်းတူ မကူးစက်တတ်သော ရောဂါများ၏ နောက်ဆက်တွဲ ပြဿနာ များကို ခံစားနေရပါကြောင်း၊ မကူးစက်တတ်သော ရောဂါများကာကွယ် နှိမ်နင်းရေး လုပ်ငန်းများကို အခြေခံကျန်းမာရေးစောင့်ရှောက်မှု မှစတင်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် မကူးစက်တတ်သော ရောဂါများကာကွယ် နှိမ်နင်းရန်အတွက် အမျိုးသား ကျန်းမာရေးစီမံကိန်း(၂၀၁၇ - ၂၀၂၁) ရေးဆွဲပြီး စနစ်တကျ ဆောင်ရွက် လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံ၌ Package of Essential Service of NCD (PEN project)ကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ EU, INGO အဖွဲ့များ၊ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါအဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအများစုသည် မိမိတို့နိုင်ငံနှင့် အသင့်တင့်ဆုံးသော နည်းဗျူဟာများကိုရွေးချယ်ပြီး ဦးစားပေးလုပ်ငန်းအစီအစဉ်များကို ဆောင်ရွက်သွားပါက အကျိုးရှိမည်ဖြစ်ကြောင်း၊ Defeat NCD အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွက် လိုအပ်သော ဆေးဝါးများစဉ်ဆက်မပြတ်ရရှိရေးနှင့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးရေးနှင့် သက်ဆိုင်သည့် ကိရိယာများကို သင့်လျော်သောဈေးနှုန်းဖြင့် ရရှိနိုင်ရေးကို Marketplace Platform ဖြင့် ဆောင်ရွက်ပေးမည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကျေးလက် ကျန်းမာရေးဌာနများ၌ အပတ်စဉ် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသရေး ဆေးခန်းများကိုဖွင့်လှစ်၍ အခမဲ့ကုသဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နှလုံးနှင့် နှလုံးသွေး ကြောရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်ကုသမှုလုပ်ငန်းများကို စတင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဖွံ့ဖြိုးဆဲတိုင်းပြည်များအနေဖြင့် မကူးစက်တတ်သော ရောဂါဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်းကိရိယာများ ဝယ်ယူဖြန့်ဖြူးစီမံမှုကို အားဖြည့်ဆောင်ရွက်ရမည့်အပြင် ကုမ္ပဏီ များ နှင့်ညှိနှိုင်း၍ အစားအစာနှင့် အချိုရည်များ၌ သကြားဓါတ်ပါဝင်မှုလျေှာ့ချရေး အစီအစဉ်ကို နိုင်ငံတော်အဆင့်အနေဖြင့် ဆောင်ရွက်သင့်ကြောင်း၊ ပဋိဇီဝဆေးယဉ်ပါးမှု ပြဿနာများ အတွက် အဖြေရှာရာတွင် ကိုယ်ခံအားစနစ် ပြုပြင်ထိန်းညှိခြင်းကို ထည့်သွင်းစဉ်းစားသင့် ကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ရေရှည်တည်တံ့ခိုင်မာရေးအတွက် မြန်မာနိုင်ငံ၌ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း နှင့်တွဲဖက်၍ အခြေခံကျန်းမာရေး ဝန်ထမ်းများမှ အမျိုးသမီးများနှင့် ကလေးများတွင် ဖြစ်ပွားတတ်သော ရောဂါများနှင့်ပတ်သက်၍ ပညာပေး ဟောပြောမှုများကို တွဲဖက်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေး ပြောကြားသည်။
စားပွဲဝိုင်းဆွေးနွေးပွဲအပြီးတွင် ဂျာမန်မီဒီယာ DW နှင့်တွေ့ဆုံ၍ ပိုလီယိုအကြောသေ ရောဂါ ဖြစ်ပွားမှုနှင့် မကူးစက်တတ်သော ရောဂါများဆိုင်ရာ မေးမြန်းဖြေကြားမှုကို ရိုက်ကူးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စင်္ကာပူနိုင်ငံ Saw Swee Hock School of Public Healthမှ Prof: Yik-Ying နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ ကျန်းမာရေးဘောဂဗေဒပညာ ဖွံ့ဖြိုးရန် သင်တန်းများ ဖွင့်လှစ်ခြင်း၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်)၏ သင်ရိုး ညွှန်းတမ်းများ ပြန်လည်မွမ်းမံ ဆန်းစစ်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ရောဂါဖြစ်ပွားသေဆုံးမှု အခြေအနေ သုတေသနတွင် မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်ခြင်း၊ Bill and Melinda Gates Foundation ၏ အကူအညီဖြင့် မိခင်၊ ကလေးနှင့် မွေးကင်းစကလေး ကျန်းမာရေးနှင့် ပတ်သက်၍ သုတေသန လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆွေးနွေးကြသည်။
ထို့အပြင် University of Oslo, Norway မှ Global Health Project Leader Prof: Espen နှင့် တွေ့ဆုံ၍ နော်ဝေနိုင်ငံအစိုးရ အထောက်အပံ့ဖြင့် ပညာတော်သင်များ ထပ်မံစေလွှတ် နိုင်ရေးအတွက် ရန်ပုံငွေအခြေအနေနှင့် Post - doctoral fellowship Program ဆောင်ရွက်နိုင်ရေးများကို ညှိနှိုင်းဆွေးနွေးခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment