Friday, November 1, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ အစည်းအဝေး တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၁
လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရေး ကော်မတီ၏(၃/၂၀၁၉)အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယခင် အစည်း အဝေးများ၏ ဆုံးဖြတ်ချက်များအရ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ ဖွဲ့စည်း၍ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ကလေးသူငယ်များ ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အစောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် စသည့်အခွင့်အရေးများအား ရေးဆွဲခဲ့ပါကြောင်း၊ ကော်မတီတွင် လုပ်ငန်းတာဝန်(၁၀)ရပ်ရှိပြီး လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအား ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တာဆီးရန် အမျိုးသား အဆင့် လုပ်ငန်းစီမံချက်ရေးဆွဲနိုင်ရေးကို တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပူပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်များအား ကာကွယ်ရေးနှင့် စပ်လျဉ်းသည့် အသိပညာပေး မှုများ ဆောင်ရွက်ရန်လိုအပ်ပြီး အရွယ်မရောက်သေးသူ ကလေးသူငယ်များကို စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ပြင် လုပ်ငန်းကော်မတီအနေဖြင့် United Nation Country Task Force on Monitoring and Reporting (UNCTFMR)နှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း၊ ကော်မတီအနေဖြင့် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားအတွက် ဆောင်ရွက် လျက်ရှိပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်ကန်သည့်လုပ်ရပ်များကို ဆောင်ရွက် သွားရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က Country Task Force Monitoring and Reporting – CTFMR အဖွဲ့၏ အကြံပြုချက်များကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးဝင်းမော်ထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးစိုးအောင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများက အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အပေါ် အကြံပြုဆွေးနွေးကြသည်။

(သတင်းစဉ်)

No comments:

Post a Comment