Friday, November 1, 2019

ဒုတိယသမ္မတ ဦးမြင့်ဆွေ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု ၂၀၂၀ အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားတွင် တက်ရောက်အမှာစကားပြောကြား

 
ရန်ကုန် နိုဝင်ဘာ ၁
စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု ၂၀၂၀ အစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၃နာရီခွဲတွင် ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်အမှာစကားပြော ကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းခိုင်၊ ဒေါက်တာသန်းမြင့်နှင့် ဦးစိုးဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးဦးအောင်ထူး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း၊ International Finance Corporation (IFC) မှ Regional Director Mr. Vivek Pathak ၊ The United Kingdom's Department for International Development (DFID) မှ အကြီးအကဲ Mr. Rurik Marsden ၊ International Finance Corporation (IFC) မှ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်အုပ်စုမှကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အထောက်အကူ ပြုအဖွဲ့များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ Ease of Doing Business Ranking တိုးတက်ရေး လုပ်ငန်းအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပိုမိုလွယ်ကူလာစေရေးအတွက် ကမ္ဘာ့ဘဏ်၏ Ease of Doing Business ကို လေ့လာစစ်တမ်းကောက်ယူသည့် အစီအစဉ်တွင် ၂၀၁၄ ခုနှစ်မှစတင်ပြီး ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပါ ကြောင်း၊ စတင်ပါဝင်ချိန်က နိုင်ငံပေါင်း(၁၈၉) နိုင်ငံအနက် မြန်မာနိုင်ငံ၏ အဆင့်သည်(၁၈၂) ရရှိခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် အစီရင်ခံစာတွင် ပါဝင်သည့်နိုင်ငံပေါင်း(၁၉၀) ရှိပြီး မြန်မာနိုင်ငံရရှိခဲ့သည့် အဆင့်မှာ(၁၇၁) ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံအတွင်းစီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူရေးသည် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ခြင်းကြောင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့် Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်း အဖွဲ့ကို အဖွဲ့ဝင် ( ၁၄ )ဦးနှင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး တစ်စိုက်မတ်မတ်ဆောင်ရွက် စေခဲ့ပါကြောင်း၊ ထပ်မံပြီး အညွှန်းကိန်း တစ်ခုချင်းအလိုက် အထောက်အကူပြုအဖွဲ့(၁၀)ဖွဲ့ကို သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်အဆင့်များ ဦးဆောင်၍ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းအဖွဲ့များ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် တိုးတက်မှုများရရှိလာသည်ကို တွေ့ရသည့် အတွက် အသိအမှတ်ပြုပါကြောင်း ပြောကြားလိုပါကြောင်း။
ယခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု ၂၀၂၀ အစီရင်ခံစာ (Doing Business 2020 Report)တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူအောင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် တိုးတက်မှုအကောင်းဆုံးနိုင်ငံ(၂၀)တွင် မြန်မာနိုင်ငံ ပါဝင်ကြောင်း ကမ္ဘာ့ဘဏ်၏ Doing Business Website တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်က ဖော်ပြခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ ထူးခြားသည့် အောင်မြင်မှု ရလဒ်ကောင်းတစ်ခု စတင်ရရှိလာပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးဝန်းကျင် တိုးတက်ကောင်းမွန်စေရန် အတွက် လုပ်ငန်းနယ်ပယ်(၅) ရပ်တွင် သိသာသည့် တိုးတက်မှုများ ဖော်ဆောင်နိုင်ခဲ့သည်ကို ဖော်ပြထားပါကြောင်း၊ ထိုလုပ်ငန်းနယ်ပယ်(၅)ရပ်တွင် ဆောက်လုပ်ခွင့်ရယူခြင်း၊ စီးပွားရေး လုပ်ငန်းတစ်ခုစတင်ခြင်း၊ ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း၊ ပဋိညာဉ်အတည် ပြုဆောင်ရွက်ခြင်း၊ အနည်းစုရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်းတို့ဖြစ်ပါကြောင်း၊ ယခုနှစ်အချိန်မမီ၍ နောက်နှစ်တွင် အမှတ်ရမည့် လုပ်ငန်းနယ်ပယ်များလည်းရှိပါကြောင်း၊ တစ်ချို့ပြုပြင် ပြောင်းလဲထားသည့် အချက်များသည် လက်ရှိတွင်အမှတ်အနေဖြင့် ထည့်သွင်းတွက်ချက် ထားခြင်းမရှိသော်လည်း စောင့်ကြည့်နေသည့် အခြေအနေဖြစ်ပါကြောင်း၊ အစိုးရက ပြောင်းလဲမှုများ လုပ်ပေးနေသော်လည်း ပုဂ္ဂလိကကဏ္ဍက ချက်ချင်းမသိသည့်အခါတွင် တုံ့ပြန်ချက်များက မပြောင်းလဲသေးသည့်အတွက် အမှတ်မရနိုင်သေးခြင်းဖြစ်ပါကြောင်း၊ ဆက်လက်ပြီး Doing Business လုပ်ငန်းစဉ်များပိုပြီးလွယ်ကူတိုးတက်အောင် ပူးပေါင်းကြိုးပမ်းကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူမှု ၂၀၂၀ အစီရင်ခံစာကို တရားဝင်ထုတ်ပြန်လိုက်ပြီဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းဆောင်ရွက် မှုကြောင့် ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု ၂၀၂၀ အစီရင်ခံစာတွင် မြန်မာနိုင်ငံ ၏ ရမှတ်သည် ၄၆ ဒသမ ၈ မှတ် ရရှိခဲ့သည့်အတွက် ယခင်နှစ်ရမှတ် ၄၃ ဒသမ ၅ မှတ်ထက် ပျမ်းမျှရမှတ်သည် ၃ ဒသမ ၃ မှတ် တိုးတက်ရရှိခဲ့ပြီး နိုင်ငံပေါင်း(၁၉၀) ပါဝင် သည့်အနက် မြန်မာနိုင်ငံ၏ အဆင့်သည်( ၁၆၅ )ကို ရောက်ရှိခဲ့ပါကြောင်း၊ ယခင်နှစ် ရရှိသည့် အဆင့် (၁၇၁) မှ အဆင့် ( ၆ ) ဆင့်တိုးတက် လာခြင်းဖြစ်ပါကြောင်း၊ အညွှန်းကိန်း(၁၀)ခု အနက် (၅) ခု က တိုးတက်မှုရှိပြီး (၂) ခုက ပြောင်းလဲမှုမရှိဘဲ (၃)ခုမှာ အဆင့်ကျဆင်းခဲ့ပါကြောင်း၊ အကောင်းဆုံး ညွှန်းကိန်းများမှာ ဆောက်လုပ်ခွင့်ရယူခြင်း၊ စီးပွားရေး လုပ်ငန်းတစ်ခု စတင်ခြင်းနှင့် ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်းတို့ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ပူးပေါင်းကြိုးပမ်း ဆောင်ရွက် မှုများသည် အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရှိလာပြီဟု ပြောကြားလိုပါကြောင်း၊ မိမိတို့ အနေဖြင့် ထိုမျှနှင့် ကျေနပ်နေ၍ မဖြစ်ဘဲ တစ်နှစ်ထက်တစ်နှစ် အဆင့်တက်လာအောင် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးပြီး စီးပွားရေးတံခါးဖွင့် မူဝါဒနှင့်အညီ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ဒေသတွင်းစီးပွားရေး၊ ကမ္ဘာ့စီးပွားရေးတို့နှင့် ပေါင်းစည်းဆောင်ရွက်နိုင်မှသာ ခိုင်မာသည့် စီးပွားရေး အခြေခံကို တည်ဆောက်နိုင်မည်ဖြစ်ပြီး လျင်မြန်စွာ ဖွံဖြိုးတိုးတက် မည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများနှင့် ဒေသတွင်းစီးပွားရေးများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် လိုအပ်သလို ကမ္ဘာ့စီးပွားရေးကိုလည်း ချိတ်ဆက်ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး လုပ်ကိုင်ရလွယ်ကူမှုရှိစေရန် လိုအပ်သလို ပြည်ပက လာရောက် ရင်းနှီးမြှုပ်နှံ သူများအတွက် လည်း လုပ်ကိုင်ရလွယ်ကူရန် အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူချောမွေ့ရေးသည် စဉ်ဆက်မပြတ် အမြဲတစေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် ယခုထက်ပိုပြီး အရှိန်အဟုန်မြှင့်တင်နိုင်ရေး အတွက်လည်း Ease of Doing Business တိုးတက်ရေးအမြဲတမ်းကော်မတီနှင့် အဖွဲ့အစည်း တစ်ရပ်ဖွဲ့ စည်းပြီး တစ်စိုက်မတ်မတ် ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါကြောင်း။
စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူလာသည်နှင့်အမျှ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုသည် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှာအမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅၃ ဘီလီယံဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာအမေရိကန်ဒေါ်လာ ၃၄ ဒသမ ၉၈ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ လျာထားချက်ထက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၇၉ ဘီလီယံပိုမိုဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအထိ နိုင်င်ငံခြားရင်းနှီးမြှုပ်နှံမှုများအနေဖြင့် လုပ်ငန်းအရေအတွက် (၁၅၀၀)ခုရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၇ ဘီလီယံ နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် လုပ်ငန်းအရေအတွက် (၁၃၁၅)ခုရှိပြီး တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၉ဒသမ၂၁၄ ဘီလီယံ အပါအဝင် ကျပ် ၁၇,၇၇၂ ဒသမ ၆၈၆ ဘီလီယံရရှိခဲ့ပါကြောင်း။
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် လွယ်ကူချောမွေ့စေရေး Doing Business အဆင့်များတိုးတက်စေရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက ကဏ္ဍတို့က ဆက်လက်ပြီး တက်ညီလက်ညီ ပူးပါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံပေါင်း (၁၉၀)နှင့် ယှဉ်ပြိုင်ရခြင်း ဖြစ်သည့်အတွက် စီးပွားရေးဝန်းကျင် တိုးတက်ကောင်းမွန်ရေး ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်သည့်အခါတွင် လက်ရှိနှုန်းထက် အဆပေါင်းများစွာ ကြိုးစားရန် လိုအပ်ပါကြောင်း။
ဌာနဆိုင်ရာများဘက်ကလည်း ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများကို အများပြည်သူ သိရှိအောင် Public Awareness ကို ကြိုတင်ပြီးကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ သို့မှသာ အများပြည်သူသိရှိပြီးမှန်ကန်သည့် အဖြေကိုဖြေဆိုနိုင်ကာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသည်နှင့် အမျှ ထိုက်တန်သည့်ရမှတ်နှင့် အဆင့်တို့ကို ရရှိလာမည် ဖြစ်ပါကြောင်း။
ကမ္ဘာ့ဘဏ်၏ စစ်တမ်းမေးခွန်းလွှာများကိုဖြေဆိုကြသည့်အခါတွင် ဌာနဆိုင်ရာက ဖြေဆိုမှုထက် ပုဂ္ဂလိက ကဏ္ဍကဖြေဆိုသည့် လက်တွေ့အခြေအနေများကို အစီရင်ခံစာတွင် ထည့်သွင်းတွက်ချက်ခြင်း ဖြစ်သည့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ဌာနဆိုင်ရာများက ဆောင်ရွက်နေသည့် ပြုပြင် ပြောင်းလဲမှုများကို သိရှိပြီးစစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုနိုင်ရန်အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန်နှင့် လိုအပ်နေသည့် ပံ့ပိုးချိတ်ဆက်မှုများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ကူညီဆောင်ရွက်ပေးသွားရန်ကိုလည်း တိုက်တွန်းပြောကြားလိုပါကြောင်း။
၂၀၂၁ Doing Business အစီရင်ခံစာအတွက် လိုအပ်သည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စီမံချက် (Reform Action Plan)များကိုလည်း သက်ဆိုင်ရာ အညွှန်းကိန်းအလိုက် အဖွဲ့များက ကဏ္ဍအလိုက် ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ e-Government စနစ်ကို ထိရောက်စွာ ဆောင်ရွက်နိုင်လျှင် အချိန်ကြာမြင့်မှုကို လျှော့ချနိုင်မှာ ဖြစ်သည့်အတွက် e-Government စနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် များစွာအရေးကြီးပါကြောင်း။
မြန်မာနိုင်ငံ၏ Doing Business လုပ်ငန်းများကိုကူညီပံ့ပိုးပေးကြသည့် Australia's Department of Foreign Affairs and Trade (DFAT) နှင့် The United Kingdom's Department for International Development (DFID) တို့၏ ထောက်ပံ့မှု၊ World Bank Group (IFC)၏ နည်းပညာအကူအညီ ပေးမှုတို့ကိုလည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရကိုယ်စားကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါကြောင်း။
ပုဂ္ဂလိကကဏ္ဍကလည်း ပြုပြင်ပြောင်းလဲမှုများကို လေ့လာပြီး အကြံပြုချက်များကိုလည်း ပေးစေလိုပါ ကြောင်း၊ လက်ရှိအခြေအနေအထိတိုးတက်လာအောင် ပူးပေါင်းဆောင်ရွက်ခဲ့ ကြသည့် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ အကူအညီပေးသော နိုင်ငံတကာ အဖွဲ့အစည်းများအားလုံးကို အထူးကျေးဇူးတင် အသိအမှတ်ပြုပါကြောင်းနှင့် ဆက်လက်အားပေး ပူးပေါင်းကူညီ ဆောင်ရွက်ပေး ကြစေလိုပါကြောင်းပြောကြားသည်။
ထို့နောက် International Finance Corporation ( IFC ) မှ Regional Director Mr. Vivek Pathak က Doing Business 2020 Reportနှင့် စပ်လျဉ်း၍ သဘောထားအမြင်များကို ရှင်းလင်းပြောကြားပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးတို့ထံ Doing Business 2020 အစီရင်ခံစာ စာအုပ်ကိုပေးအပ်သည်။
ယင်းနောက် The United Kingdom's Department for International Development (DFID) မှ အကြီးအကဲ Mr. Rurik Marsden က အမှာစကားပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူစုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားအစီအစဉ် ပထမပိုင်းကို ရုပ်သိမ်း လိုက်သည်။
ယင်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့၊ အဖွဲ့ခေါင်းဆောင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အမှာစကားပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက Ease of Doing Business Ranking တိုးတက်ရေး အတွက် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်နေမှုများအပေါ် ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ဒုတိယဝန်ကြီး ဦးအောင်ထူးတို့က စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန်လွယ်ကူမှု ၂၀၂၀ အစီရင်ခံစာတွင် အဆင့်တိုးတက်ပြုပြင် ပြောင်းလဲမှုများ ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည့် အညွှန်းကိန်း(၅)ခုနှင့် ကူညီပံ့ပိုးသူများအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment