ပန်းတနော် နိုဝင်ဘာ ၁
တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး
ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊
အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်နှင့် တာဝန်ရှိ သူများနှင့်အတူ ယနေ့တွင်
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ Ayeyarwaddy Integrated Food
Industry Complex ဘက်စုံ စီမံကိန်းအား လှည့်လည်ကြည့်ရှုသည်။ရှေးဦးစွာ ဒုတိယသမ္မတနှင့်အဖွဲ့သည် ပန်းတနော်မြို့နယ်ရှိ Ayeyarwaddy Integrated Food Industry Complex ဘက်စုံစီမံကိန်းသို့ ရောက်ရှိကြရာ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဌေးမြင့် က ရေထွက်ပစ္စည်းများနှင့် ယင်းမှတန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ပြုလုပ်ထားသည့် ငါးဟင်းအမယ်များနှင့် ရေထွက်ပစ္စည်းများအား ဓာတ်ခွဲဆောင်ရွက်မှု အခြေအနေတို့ကို လိုက်လံရှင်းလင်းပြသသည်။
ထို့နောက် စီမံကိန်းရှင်းလင်းဆောင်၌ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌက ဘက်စုံစီမံကိန်း ဖြစ်ပေါ်လာမှု အခြေအနေများ၊ ရေထွက်ပစ္စည်းများ နိုင်ငံခြားတင်ပို့နိုင် ရန်ဆောင်ရွက်နေသည့် အခြေအနေများ၊ စီမံကိန်းဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု အခြေအနေများ၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်အပေါ် ဒုတိယသမ္မတက အောက်တိုဘာ ၉ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် ယခုစီမံကိန်းအတွက် လျှပ်စစ်ဓာတ်အားနှင့် အခြားလိုအပ်ချက်များ တင်ပြချက်အရ နိုင်ငံတော်အနေဖြင့် လိုအပ်သည်များ ပံ့ပိုးညှိနှိုင်း ပေးနိုင်ရေးအတွက် မြေပြင်အခြေအနေ ကွင်းဆင်းကြည့်ရှုရန် လာရောက်ခြင်း ဖြစ်ပါကြောင်း၊
မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် လယ်ယာသားငါး ကဏ္ဍသည် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရန် အရေးပါသည့်ကဏ္ဍ တစ်ခုဖြစ်ပါကြောင်း၊ လယ်ယာ ထွက်သီးနှံများသည် ပြည်ပတင်ပို့ ရောင်းချရာတွင် ဈေးကွက်ကန့်သတ်ချက် အနည်းနှင့် အများရှိသော်လည်း ရေထွက်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် လက်ရှိအခြေအနေသည် ဈေးကွက်အလားအလာ အကောင်းဆုံး အနေအထားတွင် ရှိပါကြောင်း။
ထိုသို့ အလားအလာကောင်းသည့် ငါး၊ ပုစွန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပုဂ္ဂလိကနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ပါက တွေ့ကြုံနေရသည့် အခက်အခဲများ ရင်ဆိုင်ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် မြစ်ကြီးလေးစင်းအပါအဝင် ရေချိုပိုင်ဆိုင်မှုသည် ကမ္ဘာ့နိုင်ငံများတွင် အဆင့် ၁၄ ရှိပါကြောင်း၊ ပင်လယ်ကမ်းရိုးတန်း အနေဖြင့်လည်း ၃၂၈၂ ကီလိုမီတာ ပိုင်ဆိုင်မှုရှိပြီး ကမ်းရိုးတန်း၏ ရေသန့်ရှင်းမှု အနေဖြင့် ကမ္ဘာ့နိုင်ငံများတွင် အဆင့်(၁၀) ရှိပါကြောင်း၊ ဗီယက်နမ်နိုင်ငံ အနေဖြင့် မဲခေါင်မြစ်ကြီး (၁)စင်းနှင့် မြန်မာနိုင်ငံ မြေဧရိယာ၏ ၄၈ ရာခိုင်နှုန်းခန့်သာ ရှိသော်လည်း ငါးလုပ်ငန်းမှ ပြည်ပသို့တင်ပို့သည်တန်ဖိုးမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၈ ဒသမ ၈ဘီလီယံ ခန့် ရှိသော ကြောင့် မြန်မာနိုင်ငံမှ တင်ပို့နိုင် သည့်ပမာဏ အမေရိကန်ဒေါ်လာ သန်း ၇၀၀နှင့် နှိုင်းယှဉ်ပါက ၁၂ဆကျော် ပိုမိုရရှိ သည်ကို တွေ့ရှိရပါကြောင်း။
မိမိတို့နိုင်ငံသည် ရေထွက်ပစ္စည်း သဘာဝအရင်းအမြစ် သယံဇာတများစွာရှိ သော်လည်း ငါး၊ပုစွန်များ ဖမ်းဆီးရေးလုပ်ငန်းတွင်သော်လည်း ကောင်း၊ မွေးမြူ ရေးလုပ်ငန်းတွင်သော်လည်း ကောင်း တန်ဖိုးမြှင့် Value added ထုတ် လုပ်ရာတွင် သော်လည်းကောင်း နိုင်ငံတကာ နှင့် နှိုင်းယှဉ်ပါက ခေတ်မီနည်းစနစ်၊ နည်းပညာများစွာ လိုအပ်လျက်ရှိနေသေးသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း။
အိမ်နီးချင်းနိုင်ငံများယှဉ်ပြီး ရေထွက်ပစ္စည်းများ ထုတ်လုပ်တင်ပို့နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် သင့်လျော်သည့်နေရာများ ရွေးချယ်ပြီး ရေသတ္တဝါ မွေးမြူရေးဇုန်များကို Master Plan ရေးဆွဲ၍ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုပန်းတနော် Ayeyarwaddy Integrated Food Industry Complex စီမံကိန်းသည်လည်း နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ပြီး ငါးမွေးမြူရေးလုပ်ငန်းမှ တန်ဖိုးမြှင့် ထုတ်ကုန်များ စီးပွားဖြစ်တင်ပို့ ရောင်းချနိုင်မည့် ကနဦးစီမံကိန်းတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေ ရန်အတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးမည် ဖြစ်သကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိအကျိုးစီးပွားနှင့် နိုင်ငံတော်အကျိုးစီးပွားအတွက် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင် ရွက်သွား ကြရန် ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဧရာဝတီ တိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အား ထုတ်လုပ်ပေးနေမှု အခြေအနေများနှင့် ဘက်စုံစီမံကိန်းအတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရန် ဆောင်ရွက်ပေးမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများက စီမံကိန်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍ အလိုက် တင်ပြကြရာ ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် စီမံကိန်းဧရိယာအတွင်း ငါးစာကျွေးခြင်းလုပ်ငန်း၊ ရေချိုငါးသားဖောက်ခြင်းလုပ်ငန်း၊ ငါးဒန်၊ ငါးဖြန်းကန်ကြပ် မွေးမြူခြင်းလုပ်ငန်း၊ ငါးပြုပြင် ထုတ်လုပ်မှုနှင့် အခဲခံစက်ရုံ၊ အအေးခန်းသိုလှောင်ရုံ တည်ဆောက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုကြသည်။
Ayeyarwady Integrated Industry Complex အား ဧရာဝတီတိုင်းဒေသကြီး ပန်းတနော် မြို့နယ်တွင် ငါးမွေးမြူခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ အေးခဲခြင်းနှင့် ဆက်စပ်သော လုပ်ငန်းများကို ငါးမွေးမြူခြင်း လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်၊ ရေထွက်ပစ္စည်း တိုးတက်ထုတ်လုပ်နိုင်ရန်၊ စိုက်ပျိုးရေးထွက်ကုန်များ တန်ဖိုးမြှင့်ပြောင်းလဲ ထုတ်လုပ်ရန်၊ နိုင်ငံခြားပို့ကုန်ဝင်ငွေ(Export Earning) တိုးတက်စေလာနိုင်ရန်၊ ကမ္ဘာ့လူသားများ စားနပ်ရိက္ခာ အထောက်အကူပြုသည့် စားသောက်ကုန် ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်လာစေရန်၊ နိုင်ငံ့ဝင်ငွေတိုးပြီး အခွန်ငွေများကို တိုးမြှင့်ရရှိစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ အမြောက်အမြား ပေါ်လာစေရန် ရည်ရွယ် ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ဘက်စုံစီမံကိန်းသည် လက်ရှိမြေဧက ၉၀၀ ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အလုပ်အကိုင်အခွင့်အလမ်း ၂၀၀၀ ကျော် ဖန်တီးပေးနိုင်ကြောင်း၊ စီမံကိန်း ပြီးစီးမည့် နောက်(၅)နှစ်တွင် အလုပ်အကိုင် ၆၀၀၀ ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ထုတ်လုပ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃ဘီလီယံ ကျော်ရှိမည်ဟု ခန့်မှန်းသဖြင့် အရှေ့တောင်အာရှတွင် အကြီးမားဆုံး ငါးမွေးမြူရေး စီမံကိန်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘက်စုံစီမံကိန်းတွင် ပါဝင်သည့် လုပ်ငန်းစဉ်များအနေဖြင့် ငါးသားပေါက်စခန်း တည်ထောင်ခြင်း၊ အသားတိုးမွေးမြူခြင်း၊ ငါးပြုပြင်ထုတ်လုပ်မှုနှင့် အခဲခံစက်ရုံနှင့် အအေးခန်း သိုလှောင်ရုံတည်ဆောက်ခြင်း၊ ငါးပေါင်းမှုန့်စက်ရုံ တည်ဆောက်ခြင်း၊ ငါးအစာစက်ရုံ တည်ဆောက်ခြင်း၊ ငါးရောဂါ၊ ရေအရည်အသွေး၊ အစာအရည်အသွေး၊ မျိုးရိုးဗီဇ၊ အစား အသောက်နှင့် ပတ်သက်သည့် လုပ်ငန်းများ စမ်းသပ်ရန်ပါဝင်သော Laboratory တည်ဆောက်ခြင်း၊ ဝန်ထမ်းအိမ်ရာနှင့် ရုံးအဆောက်အဦ ဆောက်လုပ်ခြင်း၊ လမ်းနှင့် လုံခြုံရေး စနစ်၊ ခြံစည်းရိုးများ တည်ဆောက်ခြင်း၊ အရောင်းစင်တာများ ဖွင့်လှစ်ခြင်းနှင့် CSR အနေဖြင့် ဝန်ထမ်းမိသားစုများ စားဝတ်နေရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အပြင် စီမံကိန်းအနီးရှိ ကျေးလက်ဒေသတောင်သူလယ်သမား ငါးမွေးမြူတောင်သူများ နည်းပညာများ ဖြန့်ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


No comments:
Post a Comment