နေပြည်တော် နိုဝင်ဘာ ၁
(၁၄)ကြိမ်မြောက် ဒေသတွင်း ငှက်ဖျားဆေးယဉ်ပါးမှု ကာကွယ်ထိန်းချုပ်ရေး
ဦးဆောင်ကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ
Chatrium Hotel ၌ ကျင်းပသည်။အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ငှက်ဖျားရောဂါကဲ့သို့ ကူးစက် တတ်သော ရောဂါများသည် ပထဝီဝင်နေရာ၊ ရာသီဥတုနှင့် ရောဂါပိုးသယ်ဆောင်သည့် ပိုးမွှားများ၏ အခြေအနေစသည့် အကြောင်းအချက်အမျိုးမျိုးပေါ် မူတည်၍ ရောဂါဖြစ်ပွား ကူးစက်မှုပုံစံများသည် ပြောင်းလဲလျက် ရှိပါကြောင်း၊ ထိုသို့ ပြောင်းလဲလျက်ရှိသော အကြောင်းအရာ အခြေအနေအရပ်ရပ် နှင့်တိုက်ဆိုင်၍ လက်တွေ့မြေပြင်တွင် အမှန်တကယ် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများမှ ပညာရှင်များအနေဖြင့် အဖွဲ့ဝင်များအချင်းချင်း၊ ဦးဆောင် ကော်မတီတို့နှင့် ကွန်ရက်ချိတ်ဆက်မှု အားကောင်းစွာဖြင့် သတင်းအချက်အလက်ဝေမျှခြင်း၊ အတွေ့အကြုံ ဖလှယ်ခြင်း ကွန်ပြူတာကွန်ရက်သုံးဘုံစနစ် တစ်ခုပြုလုပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ငှက်ဖျားရောဂါဆိုင်ရာ မူဝါဒရေးရာ အကြံပေးကော်မတီ၏ အကြံပြု ချက်များနှင့်အညီ မဟာမဲခေါင်မြစ်ဝှမ်းဒေသတွင် ၂၀၂၅ ခုနှစ်တွင် Plasmodium falciparum ငှက်ဖျားရောဂါကင်းစင်ပပျောက်ရေးနှင့် ၂၀၃၀ ခုနှစ်တွင် ငှက်ဖျားရောဂါ အမျိုးအစား အားလုံးကင်းစင် ပပျောက်ရေး ရည်မှန်းချက်များ နှင့်ကိုက်ညီစွာ ရေးဆွဲထားသော မဟာမဲခေါင် မြစ်ဝှမ်းဒေသတွင်း ငှက်ဖျားရောဂါကင်းစင်ပပျောက်ရေး မဟာဗျူဟာ (၂၀၁၅ - ၂၀၃၀)မှ လုပ်ငန်းများကို အဖွဲ့ဝင်နိုင်ငံများက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ မဟာမဲခေါင် မြစ်ဝှမ်းဒေသအတွင်း ငှက်ဖျားရောဂါ ကင်းစင်ပပျောက် ရေးအတွက် စိန်ခေါ်မှုများကို ကျော်လွှားဖြေရှင်းရန် ဆန်းသစ်တီထွင်သော နည်းလမ်းများနှင့် လုပ်ငန်းစဉ်များချမှတ်ပြီး အဖွဲ့ဝင်နိုင်ငံများ မှစုစည်း၍ ဆောင်ရွက်အကောင်အထည်ဖော် သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ငှက်ဖျားရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုမှု သတင်းအချက်အလက်၊ ငှက်ဖျား ရောဂါတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှုများ၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံတို့တွင် ဒေသတွင်း ငှက်ဖျားဆေးယဉ်ပါးမှု ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်မှု၊ အောင်မြင်မှုနှင့် စိန်ခေါ်မှုများကို ဆွေးနွေးကြပြီး လုပ်ငန်းများအတွက် ရန်ပုံငွေ ၂၀၂၁ - ၂၀၂၃ ကို လျှောက်ထားရယူနိုင်ရန် ဆွေးနွေးကြကာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ငှက်ဖျားရောဂါတိုက်ဖျက်ရေး စီမံချက်ဆိုင်ရာ သီးခြားဆန်း စစ်လေ့လာမှု စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်၌ ငှက်ဖျား ရောဂါ ဖြစ်ပွားမှုမှာ ၂၀၁၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၈၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ငှက်ဖျားရောဂါကြောင့် သေဆုံးမှုမှာ ၉၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း အဆိုပါ အစည်းအဝေးမှ သိရသည်။
အစည်းအဝေးသို့ ဒေသတွင်း ငှက်ဖျားဆေးယဉ်ပါးမှု ကာကွယ်ထိန်းချုပ်ရေး ဦးဆောင် ကော်မတီ၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ Global Fund ဘုတ်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တရုတ်၊ ဂျပန်နှင့် ပြင်သစ်နိုင်ငံတို့မှ ပညာရှင်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးပညာလက်တွေ့ကျွမ်းကျင်မှု၊ သဏ္ဍာန်တူ လေ့ကျင့် သင်ကြားမှုနှင့် သုတေသနဆောင်ရွက်မှုများ နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်တည်ဆောက်ထားသော “ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလုပ် လေ့ကျင့်ရေးနှင့် သုတေသနဌာန” ရန်ကုန် ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုများကို လှည့်လည် ကြည့်ရှုသည်။
(သတင်းစဉ်)

No comments:
Post a Comment