ရန်ကုန် အောက်တိုဘာ ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ဂျပန်နိုင်ငံ The Nippon Foundation အဖွဲ့၊ International University of Japan နှင့် Kosan Technical Institute မှ ပါမောက္ခများနှင့် ရန်ကုန်မြို့ ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၌ ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံ၍ နယ်စပ်ဒေသမှ လူငယ်များအတွက် Technical Institute ဖွင့်လှစ်နိုင်ရေး ဆွေးနွေးသည်။
ထိုသို့ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နယ်စပ်ဒေသရှိ ပညာသင်ကြားရန် အခက်အခဲရှိပြီး ပညာရေးတစ်ပိုင်းတစ်စသာ သင်ယူခဲ့ရသည့် လူငယ်များကို နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း ခုနစ်ကျောင်းဖွင့်လှစ် ပေးခဲ့ပြီး ဆောက်လုပ်ရေး သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေဆက်သင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင် သင်တန်းများ သင်ကြားပေးပြီး အလုပ်အကိုင်အခွင့် အလမ်းများရရှိအောင် ဖန်တီးဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဂျပန်နိုင်ငံ Bridge Asia Japan အဖွဲ့နှင့်ပူးပေါင်း၍ ဘားအံမြို့တွင် စက်မှုလက်မှုပညာ သင်တန်းကျောင်း ဖွင့်လှစ်ပြီး သင်တန်းများ ပို့ချပေးလျက်ရှိကြောင်း၊ အလားတူ လောက်ကိုင်၊ ကွတ်ခိုင်၊ ထားဝယ်၊ လပွတ္တာ၊ ပုဏ္ဏားကျွန်းနှင့် ကျောက်ဖြူမြို့များတွင်လည်း စက်မှု လက်မှုကျောင်းများ ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း၊ သင်တန်းဆင်း အရေ အတွက် စုစုပေါင်း ၅၃၀၄ ဦးအနက် ၂၀၅၇ ဦး အလုပ်အကိုင် ရရှိစေခဲ့သဖြင့် (၃၈ ဒသမ ၈၀ ရာခိုင်နှုန်း) အလုပ် အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ ကြောင်း၊ ယခု ဂျပန်နိုင်ငံအဖွဲ့နှင့် ပူးပေါင်း၍ ရန်ကုန်မြို့တွင် သုံးနှစ်သင် Technical Institute တစ်ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပါက ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်မည်ဖြစ်၍ လူမှုစီးပွားဘဝ မြှင့်တင်ပေးနိုင်ခြင်းနှင့် Technical and Vocational Education and Training (TVET) လုပ်ငန်းစဉ်များတွင် ပိုမိုထိရောက် စွာ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ဂျပန်နိုင်ငံမှ အဖွဲ့ဝင်များသည် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)ရှိ သင်ကြားမှုစနစ်များ၊ ဘားအံမြို့ စက်မှုလက်မှုပညာ သင်တန်းကျောင်းနှင့် ပညာရေး ဝန်ကြီးဌာနရှိ ဘားအံနည်းပညာ တက္ကသိုလ်၊ ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် နည်းပညာ အထက် တန်းကျောင်း(ရွာမ) အင်းစိန်တို့တွင် သင်ကြားသည့် ဘာသာရပ်များနှင့် သင်ကြားနေမှုများ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment