Monday, October 28, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ ဂျပန်နိုင်ငံ NHK ရုပ်သံဌာနအား ကြည့်ရှုလေ့လာပြီး တိုကျိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်


တိုကျို အောက်တိုဘာ ၂၈

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ကမာကူရ ရုပ်ရှင်ပြတိုက်သို့ ရောက်ရှိကြပြီး ရုပ်ရှင်ဆိုင်ရာ စာအုပ်စာစောင်များ ခင်ကျင်းပြသထားမှုကို ကြည့်ရှုလေ့လာကြသည်။

အဆိုပါပြတိုက်သည် ရုပ်ရှင်ဆိုင်ရာ စာအုပ်၊ စာစောင်များ ခင်ကျင်းပြသထားမှုအပြင် ရုပ်ရှင်အထူးပွဲများ ပြသခြင်း၊ ရုပ်ရှင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းတို့ဖြင့် ရုပ်ရှင်အနုပညာ အသိုက်အဝန်းအတွက် ဝန်ဆောင်မှု ပေးရန် ဖြစ်ကြောင်း၊ ရုပ်ရှင်ရုံဆိုသည် ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်မှုတည်ဆောက်ရန် အတွက် အကောင်းဆုံးကြားခံနေရာတစ်ခု အဖြစ် ယုံကြည် လက်ခံကြသည့် ကမာကူရမြို့ခံ Nagamasa နှင့် Kashiko Kawaichita စုံတွဲတို့ နေထိုင်ခဲ့သည့် နေအိမ်ကို ဂုဏ်ပြု၍ တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယနေ့နံနက် ၉ နာရီတွင် တိုကျိုမြို့ရှိ IMAGICAB Lab ကုမ္ပဏီသို့ သွားရောက်ကြပြီး ရုပ်ရှင် ထုတ်လုပ်ရေး အတွက် ကြိုတင်ပြင်ဆင်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း (Post Production) ဆောင်ရွက်မှုကို ကြည့်ရှု လေ့လာကြသည်။
IMAGICAB Lab ကုမ္ပဏီသည် ရုပ်ရှင်လုပ်ငန်းအတွက် နည်းပညာ ဆိုင်ရာ အထောက်အပံ့များ ဝန်ဆောင်မှုပေးခြင်းနှင့် မှတ်တမ်းတင် ထိန်းသိမ်းခြင်းကို ၁၉၃၅ ခုနှစ်မှ စ၍ဆောင်ရွက်ခဲ့ပြီး ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ ကြော်ငြာ၊ မိုဘိုင်းဖုန်းမှ စ၍ ဂိမ်းကစားနည်းများအထိ ကြိုတင်ပြင်ဆင်မှု၊ ဝန်ဆောင်မှုနှင့် ထုတ်လုပ်ဖြန့်ချိမှုများကို ဆောင်ရွက်နေကြောင်း၊ 2k နှင့် 4k အရည်အသွေးရှိသော ရုပ်ရှင်မှတ်တမ်းနှင့် ဒစ်ဂျစ်တယ်ပြုလုပ်ခြင်း၊ Scan ဖတ်ခြင်းနှင့် Metadata စီမံခန့်ခွဲစနစ် စသည့် အစိတ်အပိုင်းများစွာအတွက် ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။
ထို့နောက် Shochiku Otaami Library သို့ သွားရောက်ကြပြီး ပြဇာတ်၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဇာတ်ညွှန်းများ၊ စာအုပ်စာစောင်များ၊ ဓာတ်ပုံနှင့် မှတ်တမ်းများကို ကြည့်ရှုလေ့လာကြသည်။ ၎င်းစာကြည့်တိုက်ကို Shochiku Co.Ltd ကို တည်ထောင်ခဲ့သူတစ်ဦး ဖြစ်သည့် Otaami Takejino က ယဉ်ကျေးမှုဆိုင်ရာ ဆုတံဆိပ် ချီးမြှင့်ခံရပြီး နောက်တစ်နှစ် ၁၉၅၆ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတွင် စာအုပ်စာစောင်နှင့် ဓာတ်ပုံမှတ်တမ်း စုစုပေါင်း လေးသိန်း နှစ်သောင်းကျော် စုဆောင်းထားရှိကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Shochiku Co,Ltd သို့ သွားရောက်ကြပြီး ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲများ၊ မီဒီယာ ဆော့ဖ်ဝဲများ ထုတ်လုပ်ခြင်း၊ ဝယ်ယူရောင်းချခြင်း နှင့် ဖြန့်ချိခြင်းတို့ကို ကြည့်ရှုလေ့လာကြသည်။
၎င်းကုမ္ပဏီကို Mr. Takejino Otani နှင့် Matusjino Shirani တို့က ၁၉၈၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံတွင် ရောင်စုံရုပ်ရှင်ကို ပထမဆုံးထုတ်လုပ်နိုင်ခဲ့သည့်အပြင် ကမ္ဘာပေါ်တွင် အရှည်လျားဆုံး ရုပ်သံဇာတ်လမ်းတွဲများကိုလည်း ဖန်တီးထုတ်လုပ်နိုင် ခဲ့ကြောင်း၊ အသံစနစ်၊ တေးဂီတ မူပိုင်ခွင့်လိုင်စင်၊ ကဇာတ်ရုံ အပြင်အဆင်နှင့် ငှားရမ်းခြင်း၊ စီမံခန့်ခွဲခြင်း တို့အပြင် အိမ်ခြံမြေဆိုင်ရာ ရှင်းလင်းခြင်း များကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် NHK ရုပ်သံဌာနသို့ သွားရောက်ကြပြီး ပြည်တွင်း /ပြည်ပ သတင်းများအား ဂျပန်နှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ထုတ်လွှင့်နေမှု၊ မသန်စွမ်းသူများနှင့် ကလေးသူငယ်များအတွက် သတင်းထုတ်လွှင့်ရန် စီစဉ်ဆောင်ရွက် ထားမှု၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ သတင်းများထုတ်လွှင့်ပေး နေမှုတို့ကို ကြည့်ရှုလေ့လာ ကြသည်။
NHK သတင်းဌာနကို ၁၉၂၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် တိုကျိုရုပ်သံသတင်းဌာနအဖြစ် တည်ထောင်ခဲ့ပြီး ၁၉၂၆ ခုနှစ်တွင် ဂျပန်ရုပ်သံထုတ်လွှင့်မှု ကော်ပိုရေးရှင်း (Japan Broadcasting Corporation – NHK) အဖြစ် ပြောင်းလဲခဲ့သည့် ဂျပန်နိုင်ငံပိုင် ရုပ်သံ သတင်းဌာန ဖြစ်ကြောင်း သိရသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုကျိုမြို့တော် မင်နာတိုမြို့ရှိ Roppongi Theater ၌ ကျင်းပသည့် တိုကျိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော် (Tokyo International Film Festival) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး နိုင်ငံတကာမှ လာရောက်ပြသ ကြသည့် ရုပ်ရှင်ဇာတ်ကားများကို ကြည့်ရှုကြသည်။
အဆိုပါရုပ်ရှင်ပွဲတော်သည် ၁၉၈၅ ခုနှစ်မှ စ၍ ၁၉၉၁ ခုနှစ်အထိ (၂) နှစ်လျှင် တစ်ကြိမ် ကျင်းပခဲ့ရာမှ နောက်ပိုင်းတွင် နှစ်စဉ်ကျင်းပလာခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာရုပ်ရှင် ထုတ်လုပ်သူများ ဖက်ဒရေးရှင်းမှ အသိအမှတ်ပြုထားသည့် အာရှဒေသ၏ ထင်ရှားသော ရုပ်ရှင်ပွဲတော် များတွင် ပါဝင်ကြောင်း၊ ၎င်းပွဲတော်မှ အကောင်းဆုံးရုပ်ရှင်၊ အကောင်းဆုံး ဒါရိုက်တာ၊ အကောင်းဆုံး အမျိုးသားနှင့် အမျိုးသမီး ဇာတ်ဆောင် ထူးချွန်ဆုများကိုလည်း ချီးမြှင့်ပေးလျက် ရှိကြောင်းနှင့် ပွဲတော်ကို အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံတကာမှ ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀၀ ကျော် ပြသမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment