Monday, October 28, 2019

ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ သွေးစည်း ညီညွတ်ရေး အစီအစဉ်အရ ဖွင့်လှစ်သည့် ကနူး/ကယက် လှေနည်းပြသင်တန်း အဆင့် (၁) ဖွင့်ပွဲတက်ရောက်


ရန်ကုန်၊ အောက်တိုဘာ ၂၈

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေး အစီအစဉ်အရ ဖွင့်လှစ်သည့် ကနူး/ကယက် လှေနည်းပြသင်တန်း အဆင့် (၁) သင်တန်း ဖွင့်ပွဲအခမ်းနားကို ယနေ့နံနက် (၉) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ကျိုက္ကဆံ အားကစားနှင့် ကာယပညာသိပ္ပံ ရုံးဟောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ယခုဖွင့်လှစ်သည့် ကနူး/ကယက် နည်းပြသင်တန်းအနေနဲ့ မြန်မာ့ကနူး/ကယက် အားကစား အဆင့်အတန်းမြင့်မားရေးအတွက် များစွာအထောက်အကူပြု ပံ့ပိုးပေးနိုင်မည့် အလွန်ထိရောက်သော သင်တန်းဖြစ်ကြောင်း၊ ယခုသင်တန်းကို တက်ရောက်လာကြသည့် သင်တန်းသားများ အနေဖြင့် စာတွေ့၊ လက်တွေ့ပို့ချပေးမည့် ခေတ်မီအဆင့်မြင့် အသိပညာ၊ အတတ်ပညာများကို မိမိတို့ရှိပြီးသား အတွေ့အကြုံ ကောင်းများနှင့် ပေါင်းစပ်၍ မြန်မာ့ကနူး/ကယက် အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အစွမ်းကုန် ပြန်လည် အသုံးချ အကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်အောင် ကြိုးပမ်းသွားကြစေလိုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ ကနူးအဖွဲ့ချုပ် (ICF) တာဝန်ပေး အပ်သူ၊ နည်းစနစ် ကျွမ်းကျင်သူ ဘူလ်ဂေးရီးယားနိုင်ငံမှ Mr. Adan Aliev က အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူးများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးသည်။
အဆိုပါသင်တန်းကို တိုင်းဒေသကြီးနှင့်ပြည်နယ်မှ သင်တန်းသား (၃၀) ဉီး၊ သင်တန်းသူ (၄) ဦး၊ စုစုပေါင်း (၃၄) ဦး တက်ရောက် သင်ကြားပြီး အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment