Wednesday, October 30, 2019

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) (သောင်းရင်းမြစ်)တံတား ဖွင့်ပွဲနှင့် Border Control Facilities (BCF) အဆောက်အဦနှင့် ပစ္စည်း ကိရိယာများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကျင်းပ


 နေပြည်တော် အောက်တိုဘာ ၃၀

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံ (မြဝတီ)နှင့် ထိုင်းနိုင်ငံ (မဲဆောက်) တို့ကို ဆက်သွယ်သည့် သောင်းရင်းမြစ်ပေါ်၌ တည်ဆောက် ထားသော မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ် (၂) (သောင်းရင်း မြစ်) တံတား ဖွင့်ပွဲနှင့် Border Control Facilities (BCF) အဆောက် အဦနှင့် ပစ္စည်း ကိရိယာများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် အဆိုပါ တံတားပေါ်ရှိ ယာယီမင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။


အခမ်းအနားကို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ် ဆောင်ရွက် ချက် များ Video Clip ပြသဖွင့်လှစ်ပြီး ထိုင်းနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီး ဌာန၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးရွှေလေးက နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား တည်ဆောက်ပေးမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ကုန်း၊ ရေ နယ်နိမိတ် ထိစပ်နေသည့် အိမ်နီးချင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သလို နှစ်ရှည်လများ အပြန်အလှန် ချစ်ကြည် ရင်းနှီးစွာ ကူးလူးဆက်ဆံ လျက်ရှိကြပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ မိတ်ဖက်နိုင်ငံများ လည်းဖြစ်ပါ ကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလာရေး လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်သမားရေးရာ ကိစ္စရပ်များကို တိုးမြှင့် ဆောင်ရွက်လျက် ရှိပါကြောင်း။

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပူးတွဲကော်မတီ (JBTC) ဖွဲ့စည်းထားရှိပြီး ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှု လွယ်ကူ လျင်မြန် ချောမွေ့စေရေးအတွက် ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့မှုများ ဆောင်ရွက် လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ အဓိကကုန်သွယ်မှု လမ်းကြောင်းများမှာ တစ်နှစ်ထက် တစ်နှစ် တိုးတက်များပြားလာခဲ့ပြီး သယ်ယူပို့ဆောင်ရေး မြန်ဆန်လာရန် လိုအပ်လျက်ရှိပါကြောင်း။ မြန်မာနိုင်ငံ၊ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တို့ အကြား ကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့် အမှတ်(၁) ချစ်ကြည်ရေးတံတားကို အသုံးပြုသည့် နှစ်နိုင်ငံ ကုန်သွယ်ရေး မော်တော်ယာဉ်များ တိုးတက်များပြားလာသဖြင့် ယခု အမှတ်(၂) ချစ်ကြည်ရေး တံတားကို ထိုင်းနိုင်ငံအစိုးရ အကူအညီဖြင့် တည်ဆောက်ရန် ညှိနှိုင်းခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ (၁၉) ရက်တွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်၍ တံတားပြီးမြောက်ခြင်း အခမ်းအနား ကျင်းပခဲ့ပါကြောင်း။

တံတားကြီး တည်ဆောက်ပေးနိုင်ရန် ဆောင်ရွက်ခဲ့သည့် ထိုင်းနိုင်ငံ အစိုးရ၊ ပို့ဆောင်ရေးဝန်ကြီးဌာန အောက်ရှိ လမ်းဦးစီးဌာနမှ ကျွမ်းကျင် ပညာရှင်များ၊ ကူညီပံ့ပိုးပေးသူများအား အထူးကျေးဇူး တင်ရှိပါကြောင်း၊ မကြာသောကာလတွင် မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား အမှတ်(၂) ပေါ်တွင် နှစ်နိုင်ငံပြည်သူများ သွားလာအသုံးပြုသည်ကို တွေ့မြင်ရတော့ မည် ဖြစ်ပါကြောင်း။

မြန်မာပြည်သူများနှင့်အတူ ထိုင်းနိုင်ငံသူ နိုင်ငံသားများအနေဖြင့်လည်း အေးချမ်းသာယာပြီး ပြည့်စုံကုံလုံပေါကြွယ်ဝသည့် အနာဂတ်ဆီသို့အတူ လျှောက်လှမ်းနိုင်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ထိုင်းနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Saksayam Chidchob က ဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက် စကား ပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ ထိုင်းနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Saksayam Chidchob နှင့် တာဝန်ရှိသူတို့က မြန်မာ - ထိုင်းချစ်ကြည်ရေး တံတားအမှတ်(၂) (သောင်းရင်းမြစ်) တံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။

ယင်းနောက် နှစ်နိုင်ငံဝန်ကြီးများသည် နှစ်နိုင်ငံ ပူးပေါင်းကူးလူး ဆက်သွယ်ရေး သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်ပေးသည့် အနေဖြင့် တံတားကြီးပေါ်မှ ကုန်စည်ပို့ဆောင်ရေးယာဉ်များ ဖြတ်သန်းမှုအား ကြည့်ရှု အားပေးသည်။

ဆက်လက်၍ အစီအစဉ် ဒုတိယအပိုင်း Border Control Facilities (BCF) အဆောက်အဦနှင့် ပစ္စည်းကိရိယာများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကိုကျင်းပရာ ထိုင်းနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ လမ်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် က စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှရေးရာဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ ဘက်ခြမ်း Border Control Facilities (BCF) အဆောက်အဦနှင့် ပစ္စည်းကိရိယာများ ထောက်ပံ့ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအုန်းလွင်က နှစ်နိုင်ငံ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် Border Control Facilities (BCF) အဆောက်အဦ ကမ္ဗည်း မော်ကွန်းအား ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် နှင့် ထိုင်းနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာနဝန်ကြီး Mr. Saksayam Chidchob တို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး မြန်မာဘက် ကမ်း Border Control Facilities (BCF) အား လွှဲပြောင်းပေးအပ်သည်။

ထို့နောက် နှစ်နိုင်ငံဝန်ကြီးများနှင့် ဧည့်သည်တော်များသည် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) (သောင်းရင်းမြစ်) သည် မြန်မာနိုင်ငံ (မြဝတီ) နှင့် ထိုင်းနိုင်ငံ (မဲဆောက်) တို့ကို ဆက်သွယ်ကာ သောင်းရင်းမြစ်ကို ဖြတ်ကျော် တည်ဆောက်ထားပြီး တံတားအရှည် (၇၆၀) မီတာ ၊ တံတားအကျယ် (၁၇ ဒသမ ၂) မီတာ ရှိသည့် ကြိုတင် အားဖြည့်သံကူကွန်ကရစ် ၊ Box Girder နှစ်လမ်းသွား တံတားဖြစ်ကာ နှစ်ဖက် ချဉ်းကပ်လမ်းများ၊ Border Control Facilities (BCF) များနှင့် Traffic Change Over စသည်တို့ ပြည့်စုံစွာထည့်သွင်းပြီး အဆင့်မြင့် နည်းပညာ (High Technology) များ အသုံးပြု၍ စံချိန်စံညွှန်း အရည်အသွေး ကောင်းမွန်စွာဖြင့် တည်ဆောက် ထားသော တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment