Tuesday, October 1, 2019

သင်ရိုးညွှန်းတမ်းပြုစုသူများအား လေးစားပါသည်


အောင်ခိုင်မြင့် (ပညာရေး)
▲ သင်ရိုးညွှန်းတမ်းဟူသည် ▲
“ သင်ရိုးညွှန်းတမ်းဆိုသည်မှာ ပညာရေးရည်မှန်းချက်များ အောင်မြင် စေရန် ရည်ရွယ်၍ သင်ယူမှုရလဒ်များ၊ သင်ရိုးဝင်အကြောင်းအရာများ၊ သင်ကြားသင်ယူမှု နည်းလမ်းများနှင့် တတ်မြောက်မှု စစ်ဆေးခြင်းတို့ အပါအဝင် ကျောင်းတွင်းနှင့် ကျောင်းပြင်တို့၌ လေ့လာသင်ယူရမည့် ပညာရပ်နယ်ပယ်အလိုက် စနစ်တကျရေးဆွဲ သတ်မှတ်ထားသော အစီအစဉ်များကိုဆိုသည် ” ဟု အမျိုးသားပညာရေး ဥပဒေ အခန်း(၁)၊ ပုဒ်မ။(၂) (လ)တွင် ဖော်ပြထားပါသည်။

သင်ရိုးညွှန်းတမ်းပညာရှင် Ralph W.Tyler က “ ပညာသင်ကြားရာတွင် ကျောင်း၊ ဌာန၊ ကောလိပ်၊ တက္ကသိုလ်များက ပညာရေးဆိုင်ရာ ရည်မှန်းချက်များ ပေါက်ရောက်အောင်မြင်ရေးအတွက် အသုံးပြုသော ဘာသာရပ်များ၊ သင်ပြနည်းများ၊ တိုင်းတာစစ်ဆေးနည်းများနှင့် ကျောင်းသားများအား လက်တွေ့ဘ၀နှင့် ဆက်စပ်စေရန် ပြုစုပျိုးထောင် ပေးရမည့် အတွေ့အကြုံများအား ရှာဖွေစဉ်းစား ဆောင်ရွက်ထားမှုသည် သင်ရိုးညွှန်းတမ်းပင်ဖြစ်သည်”ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။
▲ ဒေသသင်ရိုးဟူသည် ▲
ဒေသသင်ရိုးသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဒေသခံ၊ နယ်မြေခံများ၏ ပညာရေး လိုအပ်ချက်များအပေါ် မူတည်၍ ဆုံးဖြတ် ထည့်သွင်းရမည့် သင်ယူမှု နယ်ပယ်တစ်ခုဖြစ်သည်။ ဒေသသင်ရိုးတွင် ပါဝင်နိုင်မည့် အကြောင်းအရာများမှာ တိုင်းရင်းသားဘာသာစကားများ၊ ၎င်းတို့၏ သမိုင်းနှင့် ရိုးရာယဉ်ကျေးမှုများကို အလေးထားပြီး ဒေသ အတွင်းရှိ စံပြပုဂ္ဂိုလ်များအကြောင်း၊ ဒေသဆိုင်ရာ သဘာဝ အရင်းအမြစ် များ၊ စီးပွားရေးလုပ်ငန်းများ၊ ကွန်ပျူတာအခြေခံစသည်တို့ကိုလည်း ထည့်သွင်းနိုင်ပြီး ဒေသလိုအပ်ချက်နှင့်အညီ အသင့်လျော်ဆုံးအကြောင်း အရာတို့ကို ရွေးချယ်သင်ယူရန်ဖြစ်သည်။ ဒေသသင်ရိုးကို အကောင် အထည်ဖော်ရာတွင် နိုင်ငံ၏လူမှုရေးလိုအပ်ချက်များ (Social Needs) နှင့် ဒေသလိုအပ်ချက်များ (Local Needs) ကို ဟန်ချက်ညီဖြစ်စေရန် သတိပြုရမည်ဖြစ်သည်။
ယခင်မြန်မာဖတ်စာအုပ်များကိုပြုစုခဲ့သည့် ပညာရှင်ကြီးများ
၁၉၆၂ ခုနှစ်မတိုင်မီက ကျောင်းသုံးစာအုပ်များကို ပြုစုရေးသားခဲ့သည့် ဆရာကြီးများအနက် မြန်မာဖတ်စာ စာအုပ်ကို ရေးသားပြုစုခဲ့သည့် ဆရာကြီးများကိုသာ ဖော်ပြမည်ဖြစ်သည်။ အခြားသော ဘာသာရပ် ကျောင်းသုံးစာအုပ်များကို ပြုစုသူဆရာကြီးများလည်း ရှိပါသည်။
မြန်မာနိုင်ငံတွင် ၁၈၃၃ ခုနှစ်နှင့် ၁၈၅၃ ခုနှစ်ကြားတွင် ပုံနှိပ်ထုတ်ဝေခဲ့ သည့် ပညာရှင်မောင်နကော၏ “ ပထမဖတ်စာ” သည် အစောဆုံးဖြစ် ကြောင်း လေ့လာတွေ့ရှိရသည်။
၁၈၇၂ ခုနှစ်တွင် ရိုက်နှိပ်ထုတ်ဝေခဲ့သည့် ဆရာဆန္ဒီ ပြုစုသော “ မြန်မာ ဖတ်စာပထမတွဲ” သည် ဒုတိယ အစောဆုံးမြန်မာဖတ်စာအုပ် ဖြစ်ပါ သည်။ ဆရာဆန္ဒီသည် ရန်ကုန်မြို့အစိုးရလေ့ကျင့်ရေးကျောင်း၊ ကျောင်း အုပ်ဆရာကြီးဖြစ်ကြောင်း သိရှိရပါသည်။
မောင်နကော၏ဖတ်စာနှင့် နှိုင်းယှဉ်ကြည့်ပါမူ ဆရာ ဆန္ဒီ၏ ဖတ်စာပါ အကြောင်းအရာ၊ ဖတ်စာ ရေးဟန်၊ သင်ခန်းစာဖွဲ့စည်းပုံတို့သည် အဆင့် မြင့်မားသည်ကို တွေ့ရသည်။ မောင်နကော၏ဖတ်စာမှာမူ မူလတန်း အရွယ်ကလေးများနှင့် ပို၍ သင့်လျော်သည်ဟု သုံးသပ်ကြပါသည်။
၁၉၁၀ ပြည့်နှစ်တစ်ဝိုက်တွင် ဆရာကြီး ဦးရွှေကြူး နှင့် ဆရာလင်းတို့က “ဒေါင်းတံဆိပ်မြန်မာဖတ်စာအုပ်” များကို ရေးသားပြုစုခဲ့ကြပါသည်။
၁၉၃၅ ခုနှစ်တွင် ဆရာကြီးဦးနေဒွန်းက သူငယ်တန်း မြန်မာဖတ်စာကို ရေးသားပြုစုပြီး ဆရာကြီး ဦးဖေမောင်တင်က “ ခြင်္သေ့တံဆိပ်ဖတ်စာ အုပ်များ”ကို ရေးသားပြုစု ခဲ့ကြောင်း မှတ်သားခဲ့ရပါသည်။
ဆရာကြီးဦးဖေမောင်တင် သည် ဆရာကြီးဦးချိုနှင့်အတူ “ ကြည့်စာ” ပထမတွဲနှင့် ဒုတိယတွဲ၊ တတိယတွဲတို့ကို ရေးသားပြုစုခဲ့ပါသည်။
၁၉၃၈ ခုနှစ်တွင် ဆရာကြီးဦးဝန်(မင်းသုဝဏ်) က “အပိုမြန်မာဖတ်စာ” စာအုပ်ကိုလည်းကောင်း၊ ၁၉၄၀ ပြည့်နှစ်တွင် ဆရာလင်းနှင့် ပညာဝန် ဦးစံရွှေတို့က လင်းယုန်တံဆိပ် “ခေတ်သစ်ဒုတိယတန်း မြန်မာဖတ်စာ” ကို လည်းကောင်း ပြုစုရေးသားခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။
၁၉၄၇ ခုနှစ်ဝန်းကျင်တွင် ဆရာကြီးဦးဝန်နှင့် ဆရာ ကြီးဦးဘတို့က “မူလတန်းမြန်မာဖတ်စာ” ကျောင်းသုံး စာအုပ်ကို ရေးသားပြုစုခဲ့ကြပါ သည်။ ဆရာကြီး မင်းသုဝဏ်သည် “မြန်မာစာဆို” တစ်ဦးဖြစ်ပြီး ဆရာကြီး ဦးဘမှာ ခေတ်မီပညာရေးပုဂ္ဂိုလ်ကျော်ဆရာကြီး ဖြစ်သည်။ ကျွန်တော်သည် “ က ကစွန်းပင်ရေမှာရွှင်၊ ခ ခရမ်း သီးဓားနှင့်လှီး ” ဟူသည့် သင်ပုန်းကြီးဗျည်းစဉ်သံပေါက် ကဗျာကို သင်ယူခဲ့ရသူဖြစ်သည်။ ထို့ပြင် “ ဧရာဝတီ၊ ဗေဒါစီ၊ နေရီညကူး၊ ဗေဒါဖူး”ဟူသည့် ဖတ်စာကို လည်း အလွန်ကြိုက်နှစ်သက်ခဲ့ရပါသည်။
▲ ၁၉၆၂ နောက်ပိုင်းတွင် သင်ရိုးညွှန်းတမ်းပြုစုသူများ ▲
၁၉၆၂ ခုနှစ်တွင် ပညာရေးဌာနမူလတန်းလွန်ပညာရေးအဖွဲ့က “ မူလ တန်း၊ အလယ်တန်း၊ အထက်တန်းများအတွက် သင်ရိုးမာတိကာသစ် ” ကို ပြဋ္ဌာန်းခဲ့သည်။
၁၉၆၄ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ၊ ဥပဒေ အမှတ် (၉) ဖြင့် “၁၉၆၄ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ် ပညာရေးဥပဒေ ” ကို ပြဋ္ဌာန်းခဲ့သည်။
၁၉၆၆ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ၊ ဥပဒေအမှတ် (၂) ဖြင့် “၁၉၆၆ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံပညာရေးဥပဒေ ” ကို ပြဋ္ဌာန်းခဲ့သည်။ ၁၉၆၆-၆၇ ပညာသင်နှစ်မှ စတင်၍ အခြေခံပညာရေးစနစ်ကို ကျင့်သုံးလာခဲ့သည်။ ပညာရေး လက်တွေ့ဖွံ့ဖြိုးမှု လုပ်ငန်းများကို ပညာရေးလက်တွေ့ဖွံ့ဖြိုးမှု လုပ်ငန်း များ ညွှန်ကြားရေးအဖွဲ့ငယ်ဖွဲ့စည်း၍ ပြုစုရေးဆွဲပြဋ္ဌာန်းခဲ့သည်။ ထိုအဖွဲ့ တွင် ဆရာကြီး ဦးသောင်းထွဋ်၊ ဆရာကြီးဦးထွန်းညွန့်၊ ဆရာကြီး ဦးသန်းဝင်း၊ ဆရာကြီးဦးသံဗျင်၊ ဆရာမကြီးဒေါ်သန်းသန်း၊ ဆရာမကြီး ဒေါ်အုန်းမေတို့ ပါဝင်ရေးဆွဲခဲ့ကြောင်း လေ့လာသိရှိရပါသည်။
နဝမတန်းနှင့် ဒသမတန်းတို့တွင် “ဝိဇ္ဇာလမ်းသွယ်” “သိပ္ပံလမ်းသွယ်”ဟူ၍ လမ်းသွယ်ခွဲခြားသင်ကြားမှုကို ၁၉၆၈-၆၉ ပညာသင်နှစ်တွင် ကျင့်သုံးခဲ့ သည်။ ၁၉၇၃ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ ဥပဒေအမှတ် (၁၄) ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံပညာရေး ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ပြောင်းလဲခဲ့ သည့် ခေတ်စနစ်ရည်မှန်းချက်များ နှင့်အညီ အခြေခံပညာ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာတို့ကိုလည်း ပြုစုပြဋ္ဌာန်းခဲ့ကြရပါသည်။
ထိုခေတ်ကာလ သင်ရိုးညွှန်းတမ်းပြုစုရေးဆွဲသူများ၏ အမည်နှင့် ဘာသာရပ်ကို မှတ်မိသမျှ ဂုဏ်ပြုဖော်ပြလိုပါသည်။
ဆရာကြီးဦးမြင့်ဟန် (ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ)၊ ဆရာမကြီး ဒေါ်အုန်းခင် (မြန်မာစာ)၊ ဆရာမကြီးဒေါ်ခင်ဇံ (အင်္ဂလိပ်စာ)၊ ဆရာကြီးဦးမြင့်သိန်း (သင်္ချာ)၊ ဆရာကြီး ဦးဝင်းထွဋ် (ရူပဗေဒ)၊ ဆရာကြီးဦးဝင်းဖေ (ရူပဗေဒ)၊ ဆရာကြီးဦးမြင့်သိန်း (ဓာတုဗေဒ)၊ ဆရာမကြီးဒေါ်ကြည်ကြည်လှ (ဇီ၀ဗေဒ)၊ ဆရာကြီး ဦးအောင်မြင့် (ဘောဂဗေဒ)၊ ဆရာကြီး ဦးသက်မောင် (ဘောဂဗေဒ)၊ ဆရာကြီး ဦးဝေလင်း (အထွေထွေသိပ္ပံ)၊ ဆရာကြီးဦးသိန်းတန် (အထွေထွေသိပ္ပံ)၊ ဆရာကြီးဦးကျော်စိုး (စာရိတ္တနှင့် ပြည်သူ့နီတိ)၊ ဆရာကြီး ဦးဝင်းကြည် (ပထဝီဝင်)၊ ဆရာကြီးဦးခင်မောင်ညိမ်း (သမိုင်း) တို့ဖြစ်ကြောင်း လေ့လာသိရှိခဲ့ရပါသည်။ ဆရာကြီး ဆရာမကြီးများသည် သင်ရိုး ညွှန်းတမ်း ကော်မတီအတွင်းရေးမှူး တာဝန်ယူကြရပြီး ဥက္ကဋ္ဌအဖြစ် ရန်ကုန်တက္ကသိုလ်မှသက်ဆိုင်ရာ ဘာသာရပ် ပါမောက္ခ (ဌာနမှူး) များက ကြီးကြပ် တည်းဖြတ် အတည်ပြု ပေးခဲ့ကြခြင်းဖြစ်သည်။ ရာထူး အပြောင်းအလဲကြောင့် အချို့ဆရာကြီး ဆရာမကြီးများ ကျန်သွားနိုင် ပါသည်။ ခွင့်လွှတ်ပါရန် ကြိုတင်တောင်းပန်အပ်ပါသည်။
▲ KG+12 သင်ရိုးညွှန်းတမ်းအသစ်ကို ပြုစုနေကြသူများ ▲
KG သင်ရိုးသစ်ကို ယခင်က ပညာရေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ပြီး အငြိမ်းစား ပညာရေး ပညာ ရှင်ကြီးများ၊ သင်ရိုးမာတိကာရေးဆွဲရေးအဖွဲ့ဝင်များက ပြုစုရေးဆွဲကာ ၂၀၁၆-၂၀၁၇ ပညာ သင်နှစ်တွင် စတင်ပြဋ္ဌာန်းသင်ကြားခဲ့ပါသည်။
ပထမတန်းသင်ရိုးသစ်ကို (၂၀၁၇-၂၀၁၈) ပညာသင် နှစ်၊ ဒုတိယတန်း သင်ရိုးသစ်ကို (၂၀၁၈-၂၀၁၉) ပညာသင်နှစ်၊ တတိယတန်း သင်ရိုးသစ်နှင့် ဆဋ္ဌမတန်း သင်ရိုးသစ်တို့ကို (၂၀၁၉-၂၀၂၀) ပညာသင်နှစ်တို့တွင် ရေးဆွဲပြဋ္ဌာန်းသင်ကြားနေပြီ ဖြစ်ပါသည်။ မူလတန်း အဆင့်အတန်း အသီးသီး၏ သင်ရိုးညွှန်းတမ်းအသစ်များကို ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ( DERPT) အောက်ရှိ သင်ရိုးညွှန်းတမ်းဗဟိုဌာနမှ သင်ရိုးရေးဆွဲရေးအဖွဲ့ဝင်များ (Curriculum Development Teams) က ဘာသာရပ်အလိုက် စုပေါင်းရေးဆွဲကြ သည်။ မူလတန်းအဆင့် သင်ရိုး ညွှန်းတမ်းကို မူလတန်း သင်ရိုးညွှန်းတမ်း အညွှန်းဘောင်အတိုင်းရေးဆွဲပြီး အလယ်တန်းအဆင့်သင်ရိုး ညွှန်းတမ်း ကို အလယ်တန်း အဆင့် သင်ရိုးညွှန်းတမ်းဘောင်အတိုင်း ရေးဆွဲကြောင်း လေ့လာတွေ့ရှိရပါသည်။ တက္ကသိုလ်မှ ပါမောက္ခ (ဌာနမှူး) များ၊ အငြိမ်း စား ပညာရေးကောလိပ် ကျောင်းအုပ်ကြီးများ၊ အငြိမ်းစား ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များ၊ ပညာရှင်များက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းကော်မတီ (Subject Wise Curriculum Committee) က စိစစ်အတည်ပြုပေးရပါသည်။
ဘာသာရပ်အလိုက် စိစစ်တည်းဖြတ်ရေးအဖွဲ့ ( Editing Board) ကလည်း ထပ်မံစိစစ်ကြောင်း သိရှိရသည်။
အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်းများကို တက္ကသိုလ်မှ ဘာသာရပ် ဆိုင်ရာ ပါမောက္ခ (ဌာနမှူး) များ ဦးဆောင် တာဝန်ယူ၍ ရေးဆွဲလျက် ရှိကြောင်းလည်း သိရှိရပါသည်။
ဘာသာရပ်အလိုက် အတည်ပြုပြီးသော ကျောင်းသားကိုင်စာအုပ်နှင့် ဆရာကိုင်စာအုပ်များကို အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ (National Curriculum Committee)က မူဝါဒဆိုင်ရာ လမ်းညွှန် ချက်များနှင့် ကိုက်ညီမှု ရှိ မရှိ စိစစ်တည်းဖြတ်သည်ဟု သိရှိရပါသည်။ အမျိုးသားသင်ရိုး ညွှန်းတမ်း ကော်မတီက သင်ရိုးညွှန်းတမ်း အားလုံးကို ရေးဆွဲခြင်း မဟုတ်ပါ။
သင်ရိုးညွှန်းတမ်းရေးဆွဲသူ၊ တည်းဖြတ်သူ၊ စိစစ်သူအားလုံး တာဝန်ကြီး ပါသည်။ ပင်ပန်းကြပါသည်။ အချိန်လု၍ ဆောင်ရွက်ကြရပါသည်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် စတုတ္ထတန်း၊ သတ္တမတန်းနှင့် ဒသမ တန်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပဉ္စမတန်း၊ အဋ္ဌမ တန်းနှင့် ဧကာဒသ မတန်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် နဝမတန်းနှင့် ဒွါဒသမတန်းတို့တွင် သင်ရိုးသစ်နှင့် သင်ကြားနိုင်ရေးအတွက် အားသွန် ခွန်စိုက်ဆောင်ရွက် နေကြကြောင်း လေ့လာတွေ့ရှိရသည်။
▲ ဒေသသင်ရိုးကို အတည်ပြုသူများ ▲
ဒေသသင်ရိုးသည် ပြည်ထောင်စုအစိုးရက ပြုစုထားခြင်းမဟုတ်ဘဲ ဒေသလိုအပ်ချက်နှင့်အညီ ဒေသသင်ရိုး အကောင်အထည်ဖော်ရေး အဖွဲ့က ပြုစုထားသော အကြောင်းအရာများ ဖြစ်သဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အတည်ပြုချက်ဖြင့် သင်ကြားနိုင်သည်။ သင်ကြားမည့် အကြောင်းအရာ၊ သင်ခန်းစာ၊ ကျောင်းသုံးစာအုပ် အပါအဝင် သင်ကြား သင်ယူမှုပစ္စည်း (Teaching Learning Material) ၊ စစ်ဆေးအကဲဖြတ်ခြင်း (Assessment) တို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ စီစဉ်ဆောင်ရွက်ရ မည်ဖြစ်ပါသည်။ နည်းပညာလိုအပ်ပါက ပညာရေးဝန်ကြီးဌာန၏ ထောက်ပံ့မှုကို ကူညီရယူ နိုင်ကြောင်း လေ့လာသိရှိရပါသည်။
သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် အချိန်ကို ဂရုပြုရသကဲ့သို့ အထူးဂရုပြု အလေးထားရမည့် အချက်များလည်း ရှိသည်။ ၎င်းတို့မှာ သင်ရိုး ညွှန်းတမ်း အညွှန်းဘောင်၊ ဘာသာရပ်အလိုက်နယ်ပယ်၊ မျှော်မှန်းရလဒ်နှင့် စဉ်ဆက် အစီအစဉ် ကျနမှုတို့ကို အဓိကအခြေခံ ထားရသည်။ ထို့ပြင် အမျိုးသားပညာရေးဥပဒေ (၂၀၁၄) နှင့် အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၅)ပါ သင်ရိုးညွှန်းတမ်း စံများ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်က ချမှတ်ပေးသည့် လမ်းညွှန် ချက်များနှင့်လည်း ကိုက်ညီရပါမည်။ ၂၁ရာစုကျွမ်းကျင်မှုများ (21st Century Skills)၊ စဉ်ဆက်ဖွံ့ဖြိုးမှုရည်မှန်းချက် ပန်းတိုင် (Sustainable Development Goals.4) စသည့်အချက်များကိုလည်း ဦးစားပေး အလေးထား ဆောင်ရွက်ကြရပါသည်။ ကြီးမား လှသည့်တာဝန်များပင် ဖြစ်သည်။
အနှစ်ချုပ်တင်ပြရပါမူ သင်ရိုးညွှန်းတမ်းရေးဆွဲသူများ၊ စိစစ်သူများ၊ တည်းဖြတ်သူများသည် Concept Strong ဖြစ်စေရေးနှင့် Context Relevant ဖြစ်ရေးကို မျှတညီညွတ်စေရေး ထိန်းညှိရေးဆွဲရပါသည်။ ဘာသာရပ်ဆိုင်ရာအချက်အလက်များ၊ အယူအဆများ၊ အဆိုများ၊ အဓိပ္ပာယ်များ၊ ခိုင်မာတိကျရန် လိုအပ်သကဲ့သို့ ကိုယ့်နိုင်ငံ၏ စနစ်၊ ယဉ်ကျေးမှုဓလေ့ထုံးစံ တောတောင်သဘာ၀၊ ကလေးတို့၏ ဉာဏ်ရည် ဖွံ့ဖြိုးမှု၊ အသက်အရွယ်စသည့် အချက်များနှင့်လည်း လိုက်လျော ညီထွေရှိရန် အထူးဂရု ပြုရေးသားနေကြရပါသည်။ ပါမောက္ခကြီးများ သည် မိခင်ဌာနတာဝန်ကတစ်ဖက်၊ အခြားသော တာဝန်များ ကလည်း မနည်းလှ၊ သင်ရိုးညွှန်းတမ်းပြုစုရေးကိုလည်း တာဝန်ယူဆောင်ရွက် နေကြရပါသည်။
အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီဝင်များမှာမူ အငြိမ်းစားအသက် ၇၀ ဝန်းကျင်ဆရာကြီး၊ ဆရာမကြီးများ ဖြစ်သည်။ အသက် အရွယ်နှင့် ကျန်းမာရေးကိုမငဲ့ဘဲ တတ်နိုင်သည့်ဘက်မှ ပညာရေးအတွက် တာဝန်ယူ ဆောင်ရွက်နေကြကြောင်း လေ့လာတွေ့ရှိရပေသည်။
ရှေးယခင်ခေတ်ကာလများမှသည် ယနေ့မျက်မှောက်ခေတ်တိုင် တာဝန် ကျေပွန်စွာ မြန်မာ့ပညာရေးအတွက် သင်ရိုးညွှန်းတမ်းရေး ဆွဲပြုစုကြ သည့် ဆရာကြီး ဆရာမကြီးများ၊ ဆရာ ဆရာမများ၏ သီလသမာဓိဂုဏ်၊ ပညာ ဂုဏ်တို့နှင့် ပညာရေးအပေါ်တွင်ထားရှိသည့် မွန်မြတ် သောစေတနာတို့ကို အထူးပင် လေးစားကြည်ညိုမိပါ ကြောင်း ဂါရ၀ပြုဖော်ပြအပ်ပါသည်။ ။

No comments:

Post a Comment