Monday, October 28, 2019

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဂျပန်ခရီးသွားပြပွဲ - ၂၀၁၉ နှင့် တတိယအကြိမ်မြောက် ခရီးသွားလုပ်ငန်း ဝန်ကြီးများအဆင့် စားပွဲဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်


နေပြည်တော် အောက်တိုဘာ ၂၈ 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် JATA Tourism Expo အတွင်းရေးမှူးတို့၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပသည့် ဂျပန်ခရီးသွားပြပွဲ-၂၀၁၉ နှင့် တတိယ အကြိမ်မြောက် ခရီးသွားလုပ်ငန်း ဝန်ကြီးများအဆင့် စားပွဲဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် တိုကျိုမြို့၊ လွှတ်တော်အဆောက်အအုံ၌ ဂျပန်-မြန်မာ လွှတ်တော်ချင်းချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ၊ ဂျပန်ချယ်ရီဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ Mr. Ichiro AISAWA နှင့် အတွင်းရေးမှူး Mr. Hiromichi WATANABE တို့အား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဂျပန်နိုင်ငံ၊ မြေယာ၊ အခြေခံ အဆောက်အုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Wada Masamune နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂျပန်နိုင်ငံလွှတ်တော် အဆောက်အုံ၌ ဂျပန်နိုင်ငံ အောက်လွှတ်တော် ကိုယ်စားလှယ် Ms.TomokoUkishima နှင့်အဖွဲ့အား တွေ့ဆုံကာ ယခုနှစ်ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင် ကျင်းပသည့် ခရီးသွား ပြပွဲသို့ ခရီးသွားအသင်း အဖွဲ့များအပြင် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းက ဂျပန်လူမျိုး အများစု ကြိုက်နှစ်သက်သော မြန်မာအစားအစာဖြင့် ချက်ပြုတ်ကျွေးမွေးသည့် အစီအစဉ်တစ်ခု ပါဝင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ JICA ၏ထောက်ပံ့မှုဖြင့် နယ်ပယ်အစုံ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိရာ မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအချက်တစ်ခုဖြစ်သော အသေးစား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ ခရီးသွား အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက် သွားလိုပါကြောင်း၊ ဂျပန်-မြန်မာ ဘာသာပြန် application program ပြုလုပ်ပေးသည့်အတွက် ခရီးသွားဧည့်သည်များအတွက် များစွာအကျိုးကျေးဇူးရရှိပါကြောင်း ဆွေးနွေးခဲ့သည်။
လွှတ်တော်အမတ်က ပြန်လည်ပြောကြားရာတွင် မိမိအနေဖြင့် ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ကမ်းလှမ်းချက် များကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် အောက်တိုဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် Hyatt Regency Osaka ဟိုတယ်၌ ကျင်းပသည့် ဂျပန်ခရီးသွားပြပွဲ - ၂၀၁၉ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဟိုတယ်၌ ပြုလုပ်သည့် ခရီးသွားလုပ်ငန်း ဝန်ကြီးများအဆင့် မျက်နှာစုံညီ စားပွဲဝိုင်း ဆွေးနွေးပွဲသို့ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံပေါင်း (၂၃) နိုင်ငံမှ ခရီးသွား ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြပွဲသို့တက်ရောက် လာကြသော သတင်းမီဒီယာများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းနှင့်ပတ်သက်ပြီး မေးမြန်းချက်များအား ပြန်လည်ဖြေကြားပေးခဲ့သည်။
အောက်တိုဘာ ၂၅ ရက်နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ဂျပန်ခရီးသွား ပြပွဲ - ၂၀၁၉ ကျင်းပရာနေရာ၊ မြန်မာပြခန်း၌ Mekong Tourism Coordinating Office (MTCO) ၏ Executive Director ကလာရောက်တွေ့ဆုံ၍ ၄င်းအနေဖြင့် လာမည့်နှစ်တွင် Mekong Tourism Forum ကိုမြန်မာနိုင်ငံ၏ မကြာသေးခင်ကကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ခဲ့သည့် ပုဂံဒေသ၌ လာရောက်ကျင်းပလိုကြောင်း၊ ဖိုရမ်နှင့် အစည်းအဝေးများ ကျင်းပနေစဉ် ကာလအတွင်း ခရီးသွား စွဲဆောင်မှုရှိသည့် နေရာများသို့ အစည်းအဝေး တက်ရောက် လာသူများအား ပို့ဆောင်ပေးလိုပါကြောင်းပြောကြားရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့် ဖိုရမ်နှင့် အစည်းအဝေးများ ကျင်းပခြင်းကို မူအရ သဘောတူပါကြောင်း၊ လိုအပ်သည်များ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် Mekong Tourism Coordination Office အနေဖြင့် တတ်စွမ်းသမျှ ကူညီပေးသွားစေလိုပါကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Japan Association of Travel Agents (JATA) ၏ ဥက္ကဋ္ဌနှင့် အဖွဲ့အား တွေ့ဆုံကာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်များအား ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံတွင် ဂျပန်ချယ်ရီပန်း စိုက်ပျိုးနိုင်ရေးအတွက် မျိုးရိုးဗီဇပြောင်းလဲ ပြုပြင်လုပ်ဆောင်ပေးသည့် ဂျပန်နိုင်ငံ ချယ်ရီပန်း ပညာရှင် Mr. Terumi TAKAOKA အားတွေ့ဆုံခဲ့ပြီး စတုတ္တအကြိမ်မြောက် ချယ်ရီပန်း စိုက်ပျိုးရေးပွဲတော် ပြုလုပ်နိုင်ရေးကိုဆွေးနွေးခဲ့ကြကာ မြန်မာပြခန်းသို့ လှည့်လည် ကြည့်ရှုသည်။
ညနေပိုင်းတွင် မြန်မာနိုင်ငံ၏ ပြခန်း၌ မြန်မာညနေခင်း အစီအစဉ်ကိုပြုလုပ်ခဲ့ရာ နိုင်ငံပေါင်းစုံမှ ခရီးသွား အေဂျင်စီများ၊ သတင်းမီဒီယာများ၊ လေ့လာသူများ လာရောက် လေ့လာခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment