Tuesday, October 15, 2019

မြန်မာ့ရုပ်ရှင်ခေတ်ဦးမှ ထုတ်လုပ်ရေးနှင့် ရုပ်ရှင်ကားများ









၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့ မြန်မာ့ပထမဆုံးရုပ်ရှင် မေတ္တာနှင့်သူရာ ဇာတ်ကားရုံ တင်ပြသည့်အချိန်တွင် ပရိသတ်များ ရုံပြည့်လျှံအားပေးခဲ့သည်။ ထိုင်ခုံများ အားလုံး ပြည့်သည့်အပြင် ခုံထိုးရခြင်း၊ မတ်တတ်ရပ်ကြည့်အားပေးခြင်းတို့ ပါရှိခဲ့သည်။

ရုပ်ရှင်ဖခင်ကြီး ဦးအုန်းမောင်သည် နောက်ထပ်မြန်မာရုပ်ရှင်ကား ရိုက်ကူးရန် ရှာဖွေလျက် ရှိသည်။ မြန်မာအဆွေကုမ္ပဏီမှ ဦးစီးထုတ်ဝေသော ဒဂုန်မဂ္ဂဇင်းသို့ မော်လမြိုင် ဦးအုန်းမြိုင်က မနုကျေးတောသူ ဟူသောဇာတ်လမ်းတစ်ပုဒ် ရေးသားပေးပို့သည်။ ဦးတင်နွယ်က ရုပ်ရှင် ရိုက်ကူးသင့်ကြောင်း ပြောပြသဖြင့် ဦးညီပုက ဇာတ်လမ်း ရှာဖွေနေသော ဦးအုန်းမောင်ကို ပြန်လည် ပြောပြသည်။ ဦးအုန်းမောင်က ဖတ်ကြည့်ရာ သဘောကျသဖြင့် ဦးပုမှတစ်ဆင့် ဆရာကြီး ပီမိုးနင်းအား ရုပ်ရှင်ရိုက်ကူးနိုင်ရန် ရေးသားပေးဖို့ မေတ္တာရပ်ခံလိုက်သည်။ ဆရာကြီး ပီမိုးနင်းက မူလမနုကျေးတောသူအမည်ကို ကျေးတောသူ မနုအမည်သို့ ပြောင်းပြီး ရေးပေး သည်။
ကျေးတောသူမနုတွင် မင်းသားအဖြစ် ဦးညီပုကိုရွေးချယ်ပြီး မင်းသမီးကို ရှာရပြန်သည်။ မြန်မာအဆွေ စာရေးတစ်ဦး၏ အကူ အညီဖြင့် ကြည့်မြင်တိုင် စမ်းချောင်းမှ အရပ်ယိမ်းများတွင် ပါဝင်ကပြလေ့ရှိသော မငွေမြိုင်ကို အုပ်ထိန်းသူများနှင့် တွေ့ဆုံ ငှားရမ်းသည်။ ဇာတ်လမ်းအရ ဦးညီပုက မောင်မြင့်၊ မငွေမြိုင်က မနု၊ ဦးပုက လူကြမ်း တုတ်ကြီး၊ ဦးပါကြီးက မနု၏ဖခင်အဖြစ် ပါဝင်သရုပ်ဆောင်ကြသည်။ ဦးညီပုမှာ ကျောင်းလည်းမတက်ရသဖြင့် ရိုက်ရက်များ စိပ်စိပ် ရိုက်ပြီး သုံးလနှင့်ပြီးသွားသည်။
မှတ်တမ်းတင်ရမည်
ပထမဦးဆုံး မေတ္တာနှင့်သူရာ ရုပ်ရှင်ကားကို အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရုံတင်ပြသပြီး ဒုတိယမြောက် ရုပ်ရှင်ကား ကျေးတောသူမနုကို ၁၉၂၁ ခုနှစ် မတ်လတွင် ရုံတင်ပြသနိုင်သည်။ မငွေမြိုင်မှာ ကျေးတောသူ မနုဇာတ်ကားထဲမှ မနုနာမည်ကို အသိအမှတ်ပြုကြပြီး မင်းသမီး ခင်ခင်နုဟူ၍ နာမည်ကြီးသွားသည်။ မေတ္တာနှင့် သူရာဇာတ်ကား ရုံတင်ပြသစဉ်က အောက်မှ စန္ဒရားတစ်လုံးဖြင့် ပံ့ပိုးတီးခတ်ပေးသော်လည်း ကျေးတောသူမနု ရုံတင်ပြသသည့် အခါတွင် စန္ဒရား၊ မယ်ဒလင်၊ တယောဟူ၍ တူရိယာသုံးမျိုးနှင့် ဇာတ်ပို့တီးခတ်ပေးသည်။ ပထမဆုံး ဇာတ်လမ်းနှင့် လိုက်ဖက်သည်များ သီဆိုနိုင်ရန် အဆိုတော် ဦးဖြိုးကိုပါ ထည့်သွင်းအားဖြည့် သဖြင့် ပထမဆုံး ရုပ်ရှင်တေးအဆိုတော်ဟု မှတ်တမ်းတင်ရမည် ဖြစ်သည်။
မြန်မာ့ရုပ်ရှင်လုပ်ငန်းကြီး အောင်မြင်မှုရလာသဖြင့် မြန်မာလူမျိုးများနှင့် လူမျိုးခြားများပါ အားကျစိတ်ဝင်စားလာကာ ရုပ်ရှင်ထုတ်လုပ်သူများ ပေါ်ထွန်းလာသည်။ ဦးအုန်းမောင်နှင့်အတူ ဒီအေအဟူဂျာ ဓာတ်ပုံတိုက် တွင်လည်း လုပ်ကိုင်ခဲ့သော ဓာတ်ပုံဆရာကြီး ဦးညိမ်းမောင်လည်း စိတ်ဝင်စားလာပြီး ဦးလေးတော်စပ်သူ ဦးညွန့်အား အကျိုးအကြောင်းပြောပြကာ ရုပ်ရှင်ကုမ္ပဏီ တစ်ခုတည်ထောင်ရန် တိုက်တွန်းသည်။ ထိုအချိန် က ဦးညွန့်မှာ ဝှိုက်တဝေးတိုက်ဆိုင်ကြီးတွင် ကြော်ငြာမန်နေဂျာအဖြစ် လုပ်ကိုင်နေသည်။ ဦးညွန့်က သူ၏ မိတ်ဆွေရင်းများဖြစ်သော ဦးစံ(ဓူဝံပုံနှိပ်တိုက်ဆိုင်)၊ ဦးဘကျော် (ဇမ္ဗူမိတ်ဆွေ ပုံနှိပ်တိုက်ပိုင်ရှင်)၊ ဦးအုံးဖေ၊ ဦးဘညှာ၊ ဦးမောင်ကြီး(ရေနံချောင်းမြို့မ ရုပ်ရှင်ရုံပိုင်ရှင်) ၊ ဦးဘသိန်း၊ မစ္စတာ အမ်လ်ဖိုဆင်၊ ဦးညွန့်၊ ဦးညိမ်းမောင်တို့ အပါအဝင် ကိုးဦးဖြင့် ဗြိတိသျှ ဘားမားရုပ်ရှင် ကုမ္ပဏီကို တည်ထောင်သည်။
လူကြိုက်များ
ဗြိတိသျှဘားမားရုပ်ရှင်၏ ပွဲဦးထွက်အဖြစ် ဒါရိုက်တာဆရာခန့်က သစ္စာမေတ္တာဇာတ်ကား ရိုက်ကူးသည်။ မင်းသားထားဝယ်မှ ကိုမောင်မောင်၊ မင်းသမီး စက်ဆန်းသူ မအုံးခင်၊ လူကြမ်း ဦးဘနှင်း (နောင်အမျိုးသားသူနာပြုဗိုလ်ချုပ်)၊ လူရွှင်တော်ပေါစံ(နောင် ဒါရိုက်တာ ဦးဘထွန်း)တို့ ပါဝင်သရုပ်ဆောင်ကြသည်။ ရုံတင်ပြသသည့်အခါ လူကြိုက်များသဖြင့် မင်းသားကိုဘချစ်တင် (ဧရာဝတီ တိုက်မှစာရေး)၊ မင်းသမီး မအုန်းခင်၊ ပေါစံတို့ ပါဝင်ပြီး စိန်နှင့်ဘေး ဇာတ်ကားကို ရိုက်ကူးသည်။ ဆက်လက်၍ အသွင်မတူအိမ်သူမဖြစ် ဇာတ်ကားကို ရိုက်ကူးသည်။
ဦးအုန်းမောင်၏ ဘားမားဖလင်ကုမ္ပဏီ မှ(၁)မေတ္တာနှင့်သူရာ၊ (၂)ကျေးတောသူမနု၊ (၃)ရွှေပေးလို့မရ၊ (၄)တိမ်တစ်လုံး၊ (၅)စိတ် အာရုံ၊ (၆)ခင်ခင့်မှားတော်ပုံ၊ (၇)တစ်သက်လုံး ဖုံးသမျှ ကုန်းတော့မှပေါ် ရုပ်ရှင်ကားများ ရိုက်ကူးသည်။ ခင်ခင့်မှားတော်ပုံ ဇာတ်ကားမှာ ဆရာကြီးပီမိုးနင်း၏ ဝတ္ထုဇာတ်လမ်းကို ဒါရိုက်တာဦးတုတ်ကြီးက ပဒေသာ ကပွဲများတွင် နှစ်ပါးသွားကပြသော ကောလိပ်ကျောင်းသား ကိုဘတင်(ဒဂုဏ်ပဦးတင်)နှင့် မင်းသမီး မကျင်လှိုင်တို့နှင့် ရိုက်ကူးသည်။ ကျောက်ကုန်သည်လူရိုး မောင်မောင်တင် နှင့် အရက်သမား မောင်မောင်လွင်တို့ အမြွှာညီနောင် ဇာတ်လမ်းကို နှစ်ကိုယ်ခွဲရိုက်ကူး ထားခြင်းဖြစ်သည်။ မြန်မာ့ရုပ်ရှင်လောက၏ ပထမဆုံးနှစ်ကိုယ်ခွဲ ရိုက်ကူးထားသော ကားအဖြစ်မှတ်တမ်း တင်ရပေမည်။ ရုံတင်သောအခါ နှစ်ကိုယ်ခွဲခန်းများ ဓာတ်ပုံရိုက်ကူးထားသောပုံ ပိရိလှသော ကြောင့် ရုပ်ရှင်ပရိသတ်များ အံ့ဩသွားကြသည်။
စာရေးဆရာကြီးပီမိုးနင်း၏ ချစ်သမျှကိုဇာတ်လမ်းကို ဒါရိုက်တာဦးတုတ်ကြီးက တစ်သက်လုံး ဖုံးသမျှကုန်းတော့ မှပေါ်အမည်ဖြင့် ရုပ်ရှင်ဇာတ်ကားရိုက်ကူးသည်။ မြန်မာအဆွေ ကုန်တိုက်ကြီး မှ စာရေးကိုကြင်အား သူဌေးကြီး ဦးဘညွန့်ထံ ခွင့်ပန်ခေါ်ယူပြီး ခေါင်းဆောင်မင်းသားတင်၍ မင်းသမီး ခင်ခင်နုနှင့် တွဲဖက်ရိုက်ကူးခြင်း ဖြစ်သည်။ ဇာတ်လမ်းမှာ ဇနီးရခါစမင်းသားက အလုပ်အကိုင်ရှာဖွေမရဘဲဖြစ်သည်။ နောက်ဆုံးနေ့စားဖြင့် ရေနံသုတ်ရသော အလုပ်ကို လုပ်ကိုင်ရသည်။ ဇနီးဖြစ်သူ စိတ်မကောင်း ဖြစ်မည်စိုး၍ ရုံးတွင် စာရေးလုပ်ရကြောင်း လိမ်ပြောထားသည်။ တစ်နေ့ ဇနီးဖြစ်သူ တွေ့ရှိသွားပြီး အိမ်ပြန်လာလျှင် ယောက်ျား ဖြစ်သူကို ဆီးကြို၍ ဘယ့်နှယ့်မောင်ရယ် မောင့်အလုပ်က ရေနံသုတ်တဲ့ စာရေးကြီးလား ဟု မေးသည့် ဟာသဇာတ်လမ်းဖြစ်သည်။
ဆက်လက်ရိုက်ကူး
မင်းသားကိုကြင်မှာ ရုပ်ရှင်နှင့် အလွန်စိမ်းသူဖြစ်သဖြင့် ရှက်ကြောက်သော အမူအရာ ဖြစ်နေသည်။ ဇာတ်လမ်းအရ တမင်ဟန်မလုပ်ရဘဲ အံဝင်ခွင်ကျဖြစ်သွားသဖြင့် တစ်ကားတည်း နှင့် နာမည်ကျော် လူကြိုက်များသွားသည်။ မြန်မာအဆွေကုန်တိုက်ကြီးမှ စာရေးကိုကြင်မှာ နောင်အခါ နာမည်ကျော် မင်းသား မောင်ဘတင့် ဖြစ်သွားသည်။ တစ်သက်လုံး ဖုံးသမျှ ကုန်းတော့မှပေါ် ရုပ်ရှင်ကားရိုက်ကူးနေစဉ် ဘားမားဖလင်ကုမ္ပဏီ အစုရှယ်ယာရှင် အချင်းချင်းစိတ်ဝမ်းကွဲကာ ဦးမောင်မောင် နုတ်ထွက်သွားသည်။ ကျန်အစု ရှယ်ယာရှင်များက ဇာတ်ကားရိုက်ကူးနေစဉ် ကာလဖြစ်၍ ယခင်က ဦးမောင်မောင်နှင့် ရင်းနှီးပြီးဖြစ်သော ဦးညီပု၏ဖခင် မြန်မာအဆွေတိုက်ဆိုင်ကြီးပိုင်ရှင် ဦးဘညွန့်နှင့် တွေ့ဆုံသည်။ ဖြစ်သမျှ အကျိုးအကြောင်းကို တင်ပြကာ စီးပွားရေးနှင့် စီမံခန့်ခွဲမှု ကျွမ်းကျင် သော သူဌေးကြီး ဦးဘညွန့်ထံ လက်ဝယ်ရှိ သော ရုပ်ရှင်ကားများကိုပါ ငှားရမ်းလုပ်ကိုင် ပေးရန် အပ်နှံလိုက်သည်။ ဘားမားဖလင်ကုမ္ပဏီမှ ရွှေပေးလို့မရ၊ တိမ်တစ်လုံး၊ စိတ်အာရုံ ဇာတ်ကား များကိုပါ ဆက်လက် ရိုက်ကူးသည်။
ရုပ်ရှင်ရုံများ ရုပ်ရှင်ပြသချိန်မှာ နေ့စဉ် ၆ နာရီခွဲပွဲနှင့် ၉ နာရီခွဲပွဲ နှစ်ပွဲဖြစ်သည်။ စနေ၊ တနင်္ဂနွေနေ့တွင် တစ်ပွဲတိုး၍ ညနေ ၃ နာရီ ခွဲမှစ၍ သုံးပွဲပြသပေးသည်။ ရုံဝင်ကြေးမှာ လေးပဲ၊ ရှစ်ပဲ၊ တစ်ကျပ်၊ နှစ်ကျပ်ဖြစ်သည်။ မြန်မာ့ရုပ်ရှင်ကားများ ပရိသတ်အားပေးမှု ရလာသည်နှင့် အမျှ ရုပ်ရှင်ကုမ္ပဏီနှင့် ထုတ်လုပ်ရေးများလည်း တည်ထောင်လာကြသည်။
(၁)ဘားမားဖလင်၊ (၂)မြန်မာအဆွေ(ခ) အေဝမ်း၊ (၃)ဗြိတိသျှဘားမားဖလင်၊ (၄)ဘားမီးစ်မူး ဗင်းပစ်ချား၊ (၅)ဘားမားနီးယား ဖလင်၊ (၆)စီကုမ္ပဏီရုပ်ရှင်၊ (၇)ဆင်မြူရယ်ရုပ်ရှင်၊ (၈) ဒဂုန်ဖလင်၊ (၉)မြန်မာညွန့်ပေါင်း ရုပ်ရှင်ကုမ္ပဏီလီမိတက်၊ (၁၀)ရွှေဥဒေါင်း ရုပ်ရှင်၊(၁၁) ဘားမီးစီနီးမား၊ (၁၂)လန်ဒန်အတ် ရုပ်ရှင်၊ (၁၃)မဟာဒုတ်ရုပ်ရှင်၊(၁၄)သီတာရုပ်ရှင်၊ (၁၅) စတားဖလင်၊ (၁၆)နယူးဘားမိ နီးယားဖလင်၊ (၁၇)ရန်ကုန်ဖလင်၊ (၁၈)ဘားမားအတ်ရုပ်ရှင်၊ (၁၉)ဘားမားနေရှင်နယ်ဖလင်ကုမ္ပဏီ၊ (၂၀) တိုင်းလုံး ကျော်ရုပ်ရှင်၊ (၂၁)ရွှေမျှားရုပ်ရှင်၊ (၂၂)ယူနီဗာဆယ် ရုပ်ရှင်၊ (၂၃)စိန်ရောင်ခြည်ရုပ်ရှင်၊ (၂၄)ချစ်စရာ ဖလင်၊ (၂၅)ဇမ္ဗူအံ့ရုပ်ရှင်၊ (၂၆)စင်္ကြာဖလင်၊ (၂၇)သိန်းတန်ရုပ်ရှင်၊ (၂၈)ဥက္ကလာရုပ်ရှင်၊ (၂၉)ဟံသာ ဝတီရုပ်ရှင်၊ (၃၀) အင်ဒိုဘားမားရုပ်ရှင်၊ (၃၁)ဟင်္သာ ဖလင်၊ (၃၂)ယူနီယံဖလင်၊ (၃၃)ရန်ကြီးအောင် ဖလင်၊ (၃၄) တိုင်းရင်းသားရုပ်ရှင်၊ (၃၅)သိဒ္ဓိဖလင်၊ (၃၆)ယူနိုက်တစ်အက်တစ်ရုပ်ရှင်၊ (၃၇)ဘားမား ဖိုတို ပလေးကုမ္ပဏီ၊ (၃၈)သမဂ္ဂဖလင်၊ (၃၉)မျိုးအံ့ ရုပ်ရှင်၊ (၄၀)တိုင်းချစ်ရုပ်ရှင်၊ (၄၁)ဘောဂဗလ ရုပ်ရှင်၊(၄၂) သဟာယရုပ်ရှင်၊ (၄၃)မဟာမိတ်ရုပ်ရှင်၊ (၄၄)ဒေဝကုမ္ဘာန်ရုပ်ရှင်၊ (၄၅) ဒဂုန်ညွန့်ဖလင်၊ (၄၆)အောင်ပါစေရုပ်ရှင်၊ (၄၇)ရွှေရုပ်ရှင်၊ (၄၈)ဇောတိကရုပ်ရှင်၊ (၄၉) မျိုးမြန်မာရုပ်ရှင်၊ (၅၀)ဇောတိပါလဖလင်၊ (၅၁)ရွှေရိုးပစ်ချာဒဲကော်ပရေး ရှင်း၊ (၅၂) ဗန္ဓုလရုပ်ရှင်၊ (၅၃)အင်တာနေရှင်နယ် ဖလင်၊ (၅၄)ဒဂုန်ညွန့်ရုပ်ရှင်၊ (၅၅)ဘားမားအတ် ရုပ်ရှင်၊ (၅၆)ရွိုင်ရယ်အတ်ဖလင်၊ (၅၇)တကဲ့ရုပ်ရှင်၊ (၅၈)ရွှေပြည်ကြီးရုပ်ရှင်တို့ ဖြစ်သည်။
ရန်ကုန်မြို့မှ ရုပ်ရှင်ကုမ္ပဏီများအပြင် တခြား မြို့အသီးသီးမှလည်း ရုပ်ရှင်ကုမ္ပဏီများ ထွက်ပေါ် လာသည်။ မန္တလေးမြို့မှ (၁)အောင်ဇေယျရုပ်ရှင်၊ (၂)ရတနာပုံ ဖလင်၊(၃) ဇမ္ဗူတာရာဖလင်၊ မော်လမြိုင်မြို့မှ မျိုးချစ်ဖလင်၊ ပြည်မြို့မှ ခေတ္တရာရုပ်ရှင်၊ အင်းစိန်မှ အင်းစိန်ဖလင်၊ မြန်အောင်မြို့မှ မြန်အောင်ဖလင်၊ ပျဉ်းမနားမြို့မှ ပျဉ်းမနားရုပ်ရှင်၊ ထားဝယ်မြို့မှ ထားဝယ် ဖလင်၊ ညောင်တုန်းမြို့မှ သူရိယရုပ်ရှင်၊ ဖျာပုံမြို့မှ သုခမင်္ဂလာရုပ်ရှင်၊ လားရှိုးမြို့မှ နယ်ခြား ရုပ်ရှင်၊ ဟင်္သာတမြို့မှ ရွှေဟင်္သာရုပ်ရှင်၊ ရေနံချောင်းမြို့မှ ရေနံသာဖလင် တို့ဖြစ်သည်။ ရုပ်ရှင်ကုမ္ပဏီ တည်ထောင်ပြီးသော်လည်း ရုပ်ရှင်ကားရိုက်ကူးခြင်း ရှိနိုင်ချင်မှ ရှိနိုင်ပေမည်။ ရုပ်ရှင်ချစ်သော ရုပ်ရှင်သုတေသီများ လေ့လာသုံးသပ်ရမည် ဖြစ်သည်။
သို့သော် မြန်မာ့ရုပ်ရှင်စတင် ပေါ်ပေါက်လာ သည့်အချိန်မှစ၍ တစ်နှစ်ထက်တစ်နှစ် ကားအရေ အတွက်များစွာ တစ်ဟုန်ထိုး ထွက်ရှိလာသည်။ စာရင်းဇယားတစ်ခုတွင် ၁၉၂၈ ခုနှစ်တွင် မြန်မာ့ ရုပ်ရှင် ၉၈ ကားထွက်ရှိ၍ ၁၉၂၉ ခုနှစ်တွင် ၁၀၂ ကား ထွက်ရှိကြောင်း တွေ့ရသည်။ တိုးတက်လာမှုကို ဝမ်းသာလှိုက်လှဲစွာ ကြိုဆိုရမည်ဖြစ်ပေသည်။ မြန်မာ့ရုပ်ရှင် ခေတ်ဦးက ပင်လျှင် ရုပ်ရှင်လောက တိုးတက်ရေးအတွက် တစ်ဟုန်ထိုး ကြိုးစားရိုက်ကူးထုတ်လုပ်ကြောင်း မှတ်တမ်းတင်ရမည် ဖြစ်ပေသည်။
အေးကြူလေး

No comments:

Post a Comment