နေပြည်တော် အောက်တိုဘာ ၂၉
၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ
ကြီးမှူးကျင်းပသော ဘော်ဒါဖလားမြန်မာ့ရိုးရာ ခြင်းလုံးဝိုင်းဖွဲ့
အမှတ်ခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင်
ရန်ကုန်မြို့ရှိ အောင်ဆန်း အားကစား ပြိုင်ဝင်း
မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ
ရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင် က
အဖွင့် အမှာ စကားပြောကြားပြီး
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ
ဦးလင်းနိုင်မြင့်နှင့်
တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်း များကို လိုက်လံနှုတ်ဆက်ကြသည်။
မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်
ဒုတိယဥက္ကဋ္ဌ ဦးလှဌေးက “ဒီပြိုင်ပွဲ မှာ ပြည်နယ်နဲ့
တိုင်းဒေသကြီးတွေအလိုက် လာရောက်ယှဉ်ပြိုင်ကြတဲ့ အပြင်
အသင်းအလိုက် လာရောက်ယှဉ်ပြိုင်ကြတာတွေလည်းရှိပါတယ်။
ပြိုင်ပွဲအမျိုးအစား ၄ မျိုးနဲ့ ကျင်းပဖြစ်ပါတယ်”
ဟုပြောသည်။
ပြိုင်ပွဲတွင် တံခွန်စိုက်
ဆယ်ပေါက်တန်း ပြိုင်ပွဲ၊
ခြောက်ပေါက်တန်း အမျိုးသား ပြိုင်ပွဲ၊ လေးပေါက်တန်းအမျိုးသားပြိုင်ပွဲ၊
လေးပေါက်တန်း အမျိုးသမီးပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား ၄ မျိုးကို
ပြိုင်ပွဲဝင်အသင်း ၂၁ သင်းက နိုဝင်ဘာ ၂ ရက်အထိ ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။
မြင်းခြံမြို့နယ် ဌေးရတနာ
ရိုးရာခြင်းလုံးအသင်းမှ
ကိုခိုင်ဇော်မင်းက “ရိုးရာခြင်းနဲ့
ဆုတွေရရှိခဲ့ဖူးပါတယ်။ အခုလို
ပြိုင်ပွဲတွေ များများ ကျင်းပ ပေးရင် ကစားသမားတွေအတွက်
အရည်အချင်းပိုင်းနဲ့ ပိုင်နိုင်မှုစွမ်းရည် တွေ
မြင့်လာစေမှာဖြစ်တဲ့ အပြင်
လူငယ်မျိုးဆက်သစ် ကစားသမား တွေလဲ ပေါ်ထွက်လာမယ်လို့ ယုံကြည်ပါတယ်”
ဟုပြောသည်။
ပညာရေးကဏ္ဍတွင် မြန်မာ့ရိုးရာခြင်းလုံး
အားကစားပြန့်ပွားလာစေရန်အ တွက် အခြေခံပညာကျောင်းပေါင်းစုံ
ပြိုင်ပွဲများကို ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊
ပဲခူး၊ နေပြည်တော်နှင့် ကရင် စသည့်
တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုတို့၌ ရှေ့ပြေးစီမံကိန်းအဖြစ်
ဆောင်ရွက်လျက်ရှိပြီး မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကို
ကျယ်ကျယ်ပြန့်ပြန့် ကျင်းပ သွားနိုင်ရန် ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌ ဦးလှဌေး
ထံမှသိရသည်။
မြန်မာ့ရိုးရာခြင်းလုံးအဆင့်အတန်းမြင့်မားလာစေရန်နှင့်
ခြင်းလုံး အား
ကစားသမားကောင်းများပေါ်ထွက်လာစေရန်ရည်ရွယ်၍ အဆိုပါပြိုင်ပွဲ
ကို ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
သတင်း- ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်
No comments:
Post a Comment