Wednesday, October 16, 2019

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စစ်ဘီဒီယာ ဒေဗီဘန်ဒါရီ၏ ကိုယ်ရေးအကျဉ်း


နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ်ဘီဒီယာ ဒေဗီ ဘန်ဒါရီကို ၁၉-၆-၁၉၆၁ ရက်နေ့တွင် နီပေါနိုင်ငံ ဘော့ချ်ပါခရိုင် မနီဘန်ယန်း(၂)၌ မွေးဖွားခဲ့ သည်။ ၎င်းသည် အထက်တန်းပညာရေးကို ဘော့ချ်ပါခရိုင်၌လည်းကောင်း၊ အဆင့်မြင့် ပညာကို မိုရန်းခရိုင် ဘီရပ်နာဂါ၌ လည်းကောင်း ဆည်းပူးခဲ့သည်။

နီပေါသမ္မတသည် ၎င်းဖြတ်သန်းခဲ့သည့် နိုင်ငံရေးခရီးတစ်လျှောက် အမျိုးသမီး အခွင့်အရေး၊ ဇာတ်နှင့် ချို့တဲ့သူများ၏ အခွင့်အရေးရရှိရေးအတွက် အထူးအလေးပေး ဆောင်ရွက်ပေးခဲ့သည်။ နီပေါ နိုင်ငံ၌ ကျား-မ ခွဲခြားဆက်ဆံမှု အဆုံးသတ်ရေးနှင့် အမျိုးသမီးအခွင့်အရေး ရရှိရေးတို့အတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် ခဲ့သူဖြစ်သည်။ သူ၏ စွမ်းဆောင်ချက်များကြောင့် နီပေါ နိုင်ငံ၏ နိုင်ငံတော်အဆင့် အဖွဲ့အစည်းများ၌ အမျိုးသမီးများအနေဖြင့် ၃၃ ရာခိုင်နှုန်း ကိုယ်စားပြု ပါဝင်ခွင့်ပြုကြောင်း နီပေါနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်းခဲ့ရသည်။
နီပေါနိုင်ငံ သမ္မတသည် နီပေါအမျိုးသမီးအသင်း ဥက္ကဋ္ဌအဖြစ် ၁၉၉၇ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ လည်းကောင်း၊ နီပေါကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌအဖြစ် ၂၀၀၇ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ သက်တမ်းနှစ်ကြိမ်တိုင်လည်းကောင်း၊ နီပေါကွန် မြူနစ် ပါတီ ဗဟိုကော်မတီ အဖွဲ့ဝင်အဖြစ် ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိလည်း ကောင်း ဆောင်ရွက်ခဲ့သည်။
၎င်းသည် ၁၉၉၃ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌လည်းကောင်း၊ ၁၉၉၄ ခုနှစ် လွှတ်တော်သက်တမ်း တစ်ဝက် ရွေးကောက်ပွဲ၌လည်းကောင်း၊ ၁၉၉၉ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌လည်းကောင်း နီပေါနိုင်ငံ၊ လွှတ်တော် အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ သူသည် နီပေါနိုင်ငံ၊ ပတ်ဝန်းကျင်နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးအဖြစ် ၁၉၉၇ ခုနှစ် တွင်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ်အထိ လည်းကောင်းခန့်အပ် ခြင်းခံခဲ့ရသည်။ ထို့ပြင် နီပေါနိုင်ငံ အမျိုးသားလွှတ်တော်တွင် လွှတ်တော်အမတ်အဖြစ် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ပါဝင်ခဲ့သည်။ နီပေါနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ၂၈-၁၀-၂၀၁၅ ရက်နေ့တွင် ရွေးချယ်ခြင်းခံခဲ့ရပြီး ၁၃-၃-၂၀၁၈ ရက်နေ့မှ စတင်၍ သမ္မတအဖြစ် ဒုတိယ အကြိမ် သက်တမ်းကို ထမ်းဆောင်လျက် ရှိသည်။
ခင်ပွန်းဖြစ်သူ မစ္စတာ မာဒန်ကူးမား ဘန်ဒါရီ(ကွယ်လွန်)သည် နီပေါ နိုင်ငံ၏ ကွန်မြူနစ် လှုပ်ရှားမှုများတွင် မာ့စ်ဝါဒီ တွေးခေါ်ပညာရှင်တစ်ဦးအဖြစ် ပါဝင် ဆောင်ရွက်ခဲ့ပြီး “ပြည်သူ့ပါတီစုံဒီမိုကရေစီ” ခေါ် မာ့စ်ဝါဒ ပုံစံသစ် တစ်ရပ်ကို ဦးဆောင်ဦးရွက်ပြုခဲ့သူ ဖြစ်သည်။ ၎င်းတို့တွင် သမီးနှစ်ဦး ထွန်းကားသည်။

No comments:

Post a Comment