နေပြည်တော် အောက်တိုဘာ ၁၄
ယနေ့သည် သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ဖြစ်သော်လည်း
အမျိုးသား အထိမ်းအမှတ် ဥယျာဉ်(နေပြည်တော်)နှင့်
လှေခွင်းတောင် ရေဆိပ်တို့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက် လေ့လာအပန်းဖြေကြသူများဖြင့်
စည်ကားများပြားလျက်ရှိ သည်ကို
တွေ့ရသည်။
ရိုးရာဝတ်စုံ ဝတ်ဆင်ရိုက်ကူး
အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်) မှ
ဓာတ်ပုံဆရာ ကိုမင်းအောင်က “ကျွန်တော် တိုင်းရင်းသားကျေးရွာမှာ
ဓာတ်ပုံလုပ်ငန်းဆောင်ရွက်တာ
ရှစ်နှစ်ရှိပါပြီ။ ဒီလို ရုံးပိတ်ရက်တွေမှာ ဆိုရင် အမှတ်တရ ဓာတ်ပုံရိုက်ကြတဲ့ ခရီးသွားဧည့်သည်တွေများပါတယ်။
အရင်လိုတော့ သိပ်မရိုက်ရတော့ပါဘူး။ လာလည်ကြသူတွေမှာ
ကိုယ်ပိုင်ဖုန်း တွေပါတော့
ဖုန်းနဲ့ရိုက်ကြတာ များပါတယ်။ အမှတ်တရဓာတ်ပုံရိုက်တဲ့သူ အများစုကတော့ တိုင်းရင်းသားရိုးရာ ဝတ်စုံတွေ
ဝတ်ဆင်ရိုက်ကူးကြပါတယ်။ ဒီလိုရုံးပိတ်ရက်တွေမှာဆိုရင်
နေပြည်တော် ဝန်းကျင်တင်မကဘဲ
အနယ်နယ်အရပ်ရပ်ကနေ လာရောက်လည်ပတ်ကြတဲ့သူတွေ ရှိပါတယ်။ မိသားစုလိုက် လာရောက်အပန်းဖြေကြတဲ့သူတွေ များပါတယ်” ဟု ပြောသည်။
အုတ်တွင်းမြို့နယ်မှ ဒေါ်စန်းမြင့်က “ကျွန်မအသက်က ၇၁ နှစ်ရှိပါပြီ။ အမျိုးသား အထိမ်းအမှတ် ဥယျာဉ်ကို လာလည်တာ
နှစ်ကြိမ်ရှိပါပြီ။ အခုလာတဲ့အထဲမှာ သားသမီး၊ မြေး၊
မြစ် တွေအပြင် ညီမတွေလည်းပါလို့၊
မိသားစုစုံလို့ အရင်တစ်ခေါက်ထက် ပိုပျော်ရွှင်ရပါတယ်။ နံနက်ပိုင်းက နေပြည်တော်မှာရှိတဲ့ ဘုရားတွေအစုံ လိုက်ဖူးပြီးပါပြီ။
အခု နေ့လယ်ပိုင်းမှာ အရိပ်အာဝါသ ကောင်းတဲ့
အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ကို လာရောက် အပန်းဖြေတာပါ။ ကျန်းမာရေး ကောင်းနေသမျှ နေပြည်တော်ကို လာရောက်အပန်းဖြေနေဦးမှာ
ဖြစ်ပါတယ်” ဟု ပြောသည်။
အတွေးအခေါ်အသစ်တွေရ
လယ်ဝေးမြို့နယ် သဲကောကြီးကျေးရွာမှ တက္ကသိုလ်ဝင်တန်း
ကျောင်းသူမသရဖီစိုးက “ဒီအမျိုးသားအထိမ်းအမှတ်ဥယျာဉ်ကို
တစ်ခါမှ မရောက်ဖူးပါဘူး။ ပထမဦးဆုံးအခေါက်ပါ။ အခု
ကျောင်းတွေပိတ်လို့ နေပြည်တော်မှာ လေ့လာဖို့အတွက် အမေက လိုက်ပို့တာပါ။ ဒီရောက်တော့ တိုင်းရင်းသား
ရိုးရာဝတ်စုံတွေဝတ်ဆင်ပြီး
ဓာတ်ပုံရိုက်လို့ရလို့ ပျော်ပါတယ်။ ဗဟုသုတနဲ့ အတွေးအခေါ်အသစ်တွေရလို့ ပျော်ရွှင်မိပါတယ်။ လာရောက်လေ့လာသူတွေနဲ့ စည်စည်
ကားကား ရှိနေတာကို တွေ့ရပါတယ်။ နောင်မှာ လည်း
သူငယ်ချင်းကိုခေါ်ပြီး ထပ် လာလည်ဖို့
အစီအစဉ်ရှိပါတယ်” ဟု ပြောသည်။
ဇေယျာသီရိမြို့နယ်မှ ကျောင်းဆရာမ ဒေါ်ခင်မီမီသိမ့်က “ကျွန်မအနေနဲ့ အမျိုးသား
အထိမ်းအမှတ်ဥယျာဉ်ကို ကျောင်းသား၊ ကျောင်းသူတွေ
လေ့လာလို့ရအောင် ဦးဆောင်ပြီး ခေါ်လာတာ ဖြစ်ပါတယ်။ ဒီမှာ တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာ၊ ဓလေ့၊
နေထိုင်ပုံတွေကို ကျောင်းသူ ကျောင်းသားတွေက
တွေ့မြင်ပြီး သဘောကျနေကြပါတယ်။ ဒီလို လေ့လာခြင်း အားဖြင့် သူတို့တွေအတွက် ဗဟုသုတတွေ အများကြီးရမှာ
ဖြစ်ပါတယ်။ နောက်ထပ် ကျောင်းသားတွေကို ဦးဆောင်ပြီး
ခေါ်လာဖို့ အစီအစဉ်တွေရှိပါတယ်” ဟု ပြောသည်။
ကားများဖြင့် လှည့်လည်ကြည့်ရှု
ယခုကဲ့သို့ ရုံးပိတ်ရက်ရှည် ကာလများတွင်
ယခင်ရက်များထက် အမျိုးသား
အထိမ်းအမှတ် ဥယျာဉ်(နေပြည်တော်)သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေကြသူများ များပြား လျက်ရှိပြီး
ဥယျာဉ်အတွင်းသို့ လှည့်လည်လေ့လာရာတွင် ခြေကျင်ဖြင့်
လှည့်လည်လေ့လာ ကြသူများရှိသကဲ့သို့
ကားများဖြင့်လှည့်လည်ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည်ကို လည်း တွေ့ရသည်။
အလားတူ နေပြည်တော် လှေခွင်းတောင် ရေဆိပ်တွင်လည်း အပန်းဖြေအနားယူ ရေကူးကြ သူများဖြင့် စည်ကားလျက်ရှိရာ
နှင်းကောင်းကျော် စားသောက်ဆိုင်ပိုင်ရှင်
ကိုဖိုးထူးကျော်က “ဒီသီတင်းကျွတ်ကာလမှာ ပုံမှန်ရက်တွေထက် ပိုပြီးဈေးရောင်း ကောင်းပါတယ်။ နယ်က
လာရောက်သူတွေ ပိုများတာကိုတွေ့ရပါတယ်။
နေပြည်တော်က ရုံးဝန်ထမ်းတွေနဲ့
အနီးပတ်ဝန်းကျင်မြို့နယ်တွေက လူတွေလည်း လာရောက်ကြလို့ ဒီမှာပိုစည်ကားပြီး ဈေးပိုရောင်းကောင်းပါတယ်” ဟု ပြောသည်။
“ကျွန်တော့်အနေနဲ့ လှေခွင်းတောင်ကို ပထမဦးဆုံး ရောက်ဖူးတာ ဖြစ်ပါတယ်။
ကျွန်တော်တို့က အဖွဲ့လိုက်လာတာပါ။ နေပြည်တော်က
တခြားနေရာတွေလည်း ရောက်ပြီးပါပြီ။ အခု
နေ့လယ် ပိုင်းမှာဒီကို အနားယူဖို့လာတာ ဖြစ်ပါတယ်။ ကျွန်တော် ရေမကူးတတ်ပေမယ့် သူများတွေ ရေကူးတာမြင်တော့
အားကျမိပါတယ်။ ဒီမှာ အေးအေးဆေးဆေး အနားယူစားသောက်ပြီးမှ
ပြန်ကြမှာဖြစ်ပါတယ်”ဟု ရန်ကုန်မြို့မှ ဦးတင်လှက ပြောသည်။
ကုန်ကျစရိတ် ပိုမိုသက်သာ
ဆွာမြို့နေ
ဦးလှဦးကလည်း “ကျွန်တော်ဒီကို
ခဏခဏရောက်ဖြစ်ပါတယ်။ ကားလိုက်မောင်း
ပို့ရင်းနဲ့ ရောက်တာရှိသလို၊ မိသားစုနဲ့ လာရောက်အပန်းဖြေတာလည်း ရှိပါတယ်။ ကျွန်တော်တို့ လို နေပြည်တော်နဲ့
ပတ်ဝန်းကျင်မြို့တွေမှာ နေထိုင်သူတွေအနေနဲ့ ချောင်းသာတို့
ငွေဆောင်တို့ သွားတာထက်စာရင်
လှေခွင်းတောင်ကိုလာရတာ ကုန်ကျစရိတ် ပိုမိုသက်သာပါတယ်။ ဒီကိုလာရင်းနဲ့လည်း တစ်ဆက်တည်း ဒီကဘုရားတွေပါ တစ်ခါတည်းဖူးလို့ရပါတယ်။
ဒါကြောင့် တခြားသူတွေကိုလည်း နေပြည်တော်ကို
လာရောက်လည်ပတ် ဖို့၊ အပန်းဖြေဖို့
ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။
အလားတူ နေပြည်တော်ရှိ တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ ငလိုက်ဆင်စခန်းတို့တွင်လည်း
ပုံမှန်ရက်များထက် လာရောက်လေ့လာ
အပန်းဖြေအနားယူကြသူများဖြင့် ပိုမိုစည်ကား လျက်ရှိသည်။
ထို့အပြင်
နေပြည်တော် ရေပန်းဥယျာဉ်တွင် နံနက်ပိုင်းနှင့် ညနေပိုင်းတွင်သာမက ညပိုင်း အထိပါ လာရောက်လည်ပတ် အပန်းဖြေသူများဖြင့်
စည်ကားလျက်ရှိသည်။
သတင်း-မျိုးမြင့်
ဓာတ်ပုံ၊ အေးသန်း၊ ထန်းဖုန်
ဓာတ်ပုံ၊ အေးသန်း၊ ထန်းဖုန်






No comments:
Post a Comment