Tuesday, October 29, 2019

ဗွီဒီယိုသတင်းရိုက်ကူးတည်းဖြတ်ပေးပို့ခြင်းသင်တန်းဖွင့်လှစ်


နေပြည်တော် အောက်တိုဘာ ၂၉
ဗွီဒီယိုသတင်းရိုက်ကူးတည်းဖြတ်ပေးပို့ခြင်းသင်တန်း ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က မိမိတို့ ဝန်ကြီးဌာန၏ အဓိကတာဝန်တွင် ပြည်သူကို သတင်းများ ပြန်ကြားပေးရမည့် တာဝန်ပါရှိပါ ကြောင်း၊ ဝန်ကြီးဌာန၏ ဌာနတစ်ခုဖြစ်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အနေဖြင့် ရုပ်မြင် သံကြား၊ ရေဒီယိုနှင့် လူမှုမီဒီယာများမှ သတင်းများ ထုတ်ပြန်ဖော်ပြ ပေးလျက်ရှိပါကြောင်း၊ အလားတူ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေဖြင့် ပုံနှိပ် သတင်း စာများနှင့် Myanmar digital news အွန်လိုင်းသတင်းစာတို့မှ သတင်းများ ထုတ်ပြန် ဖော်ပြပေးလျက်ရှိပါကြောင်း၊ ထို့အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနကလည်း ဝန်ကြီးဌာန၏ ဝက်ဆိုက်ဖြစ်သည့် MOI Webportal ကို တာဝန်ယူ ဆောင် ရွက်ကာ သတင်းများ ဖော်ပြပေးလျက်ရှိပါကြောင်း၊ အများအားဖြင့် MOI Webportal တွင် သတင်းစာသားနှင့် သတင်းဓာတ်ပုံများသာ ဖော်ပြပေးလျက်ရှိပါ ကြောင်း။
ယနေ့ခေတ်တွင် စတုတ္ထစက်မှုတော်လှန်ရေးကြောင့် ပြည်သူများ၏ သတင်း ရယူသုံးစွဲမှုပုံစံသည် ပြောင်းလဲလာပါကြောင်း၊ မိမိတို့ နိုင်ငံတွင် မိုဘိုင်းဆင်းကတ် သုံးစွဲမှုသည် နိုင်ငံ့လူဦးရေထက်ပင် များပြားသည်ကို အားလုံးသိရှိကြပြီးဖြစ်ပါကြောင်း၊ ထို့အတူ လူမှုမီဒီယာသုံးစွဲသူမှာလည်း သန်း ၂၀ ကျော်ရှိပြီး အများစုသည် မိုဘိုင်းဖုန်း များမှတစ်ဆင့် သတင်းများကို ဖတ်ရှုကြပါကြောင်း၊ ပုံနှိပ်သတင်းစာများ ဖတ်ရှုမှုအရေ အတွက်သည် ကျဆင်းလာပါကြောင်း။
ထိုသို့ ပြောင်းလဲလာသည့် သတင်းစီးဆင်းမှုအရ ပြည်သူအများစု အသုံးပြုသည့် လူမှုမီဒီယာ၊ အွန်လိုင်းမီဒီယာများတွင် သတင်းများ တင်ပြပေးနိုင်ရန် မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုကြောင့် ဝန်ကြီးဌာန၏ ဝက်ဆိုက်ဖြစ်သည့် MOI Webportal တွင် သတင်းများ တင်ပြရာတွင် သတင်းစာသား၊ သတင်းဓာတ်ပုံ အဖြစ် သာမက ရုပ်သံပါဝင်သည့် ဗီဒီယိုသတင်းတိုများကို ရိုက်ကူးထုတ်လွှင့်နိုင်ရန် ယနေ့သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သတင်းများအပြင် ပြည်သူများ စိတ်ဝင်စားမှုရှိသည့် အကြောင်းအရာများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ဒေသအလိုက် ဓလေ့ထုံးစံများ၊ ပွဲတော်များ စသည်တို့ကိုလည်း ရိုက်ကူးထုတ်လွှင့်သွားမည်ဖြစ်ပါကြောင်းပြောကြား သည်။
ထို့နောက် ရုပ်သံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းဆရာ ဦးအောင်တင်ထွန်း က စမတ်ဖုန်းဖြင့် သတင်းများကို ကောင်းမွန်စွာ ရိုက်ကူးတည်းဖြတ် တင်ဆက်နိုင်ရေးနှင့် စပ်လျဉ်း၍ မိတ်ဆက်စကားပြောကြားသည်။
ဗွီဒီယိုသတင်းရိုက်ကူးတည်းဖြတ်ပေးပို့ခြင်းသင်တန်းကို နိုဝင်ဘာ ၁ ရက်အထိ ၄ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား ၂၀ တက်ရောက်ကြသည်။
သင်တန်းတွင် စမတ်ဖုန်းကင်မရာအသုံးပြုနည်း၊ သတင်းရေးသားနည်း၊ ရိုက်ကူးပြီးရုပ်သံများကို စမတ်ဖုန်းဖြင့်တည်းဖြတ်နည်းများကို သင်ကြားပေးမည်သွားဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment