Monday, October 28, 2019

အကျဉ်းထောင် စာကြည့်တိုက်များအတွက် စာအုပ်များလှူဒါန်း


ရန်ကုန် အောက်တိုဘာ ၂၈

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာ့ရေးရာ အဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် အကျဉ်းထောင် စာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က အဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အကျဉ်းထောင် အတွင်း စာကြည့်တိုက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရေးရာ လေ့လာရေးအဖွဲ့ အဖွဲ့ဝင် စာရေးဆရာမောင်ဇေယျာက မြန်မာ့ရေးရာ လေ့လာရေး အဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး စာရေးဆရာ မုံရွာအောင်ရှင် တို့က မုဒိတာစကားများ ပြောကြားကြသည်။
ဆက်လက်၍ စိတ်ကူးချိုချိုစာအုပ်တိုက်မှ အယ်ဒီတာဦးလေးမြတ်နှင့် စာအုပ်တိုက်များမှ အလှူရှင်များကိုယ်စား DVB သတင်းဌာနမှ ဆရာ မောင်သာမည တို့က စာအုပ်များ ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် မြန်မာ့ရေးရာလေ့လာရေးအဖွဲ့ အဖွဲ့ဝင် စာရေးဆရာ မောင်ဇေယျာတို့က လက်ခံကြပြီး အကျဉ်းထောင်စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးရေး အတွက် ဆက်လက် လှူဒါန်းမည့် အစီအစဉ်နှင့် ရှေ့လုပ်ငန်းစဉ်များကို တက်ရောက်လာကြသူများက ဆွေးနွေးကြသည်။
ယင်းနောက် အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအေးသွင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယနေ့လှူဒါန်းပွဲတွင် စိတ်ကူးချိုချို၊ ဓူဝံ၊ သာလွန်၊ လင်းလွန်းခင်၊ ပဉ္စဂံစာအုပ်တိုက်၊ The Key Collection ၊ တကောင်းစာပေ၊ လောကမွန်စာကြည့်တိုက်၊ ဆုရောင်စဉ် စာကြည့်တိုက်နှင့် မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ပန်းမန်အသင်းနှင့် စာရေးဆရာများက ငွေကျပ် (၁၇၁) သိန်းကျော် တန်ဖိုးရှိ စာအုပ်စာစောင်မျိုးစုံတို့ကို လှူဒါန်း ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်နှင့် အလုပ်စခန်းများရှိ အကျဉ်းထောင် စာကြည့်တိုက်များ အတွက် စာအုပ်စာစောင် လှူဒါန်းလိုသည့် စေတနာရှင်များအနေဖြင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဦးကျော်စွာ ဖုန်း- ၀၉၄၂၀၇၃၀၆၁၁၊ လောက အမွန်စာကြည့်တိုက် ဦးကြည်ဝင်း ဖုန်း- ၀၉ ၅၁၁၉၇၁၀ နှင့် မြန်မာ့ရေးရာလေ့လာရေးအဖွဲ့ ဦးရဲမြင့်ကျော် ဖုန်း- ၀၉၇၆၆၆၈၇၂၀၃ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment