မောင်တော အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၌ အောက်တိုဘာ ၂၂ ရက် နံနက် ၈ နာရီ ၁၅ မိနစ်က မိမိတို့သဘောဆန္ဒအရ ပြန်လည်ဝင်ရောက် လာသည့် နေရပ်စွန့်ခွာသူ အိမ်ထောင်စု ၅ စု ၊ ကျား ၁၈ ဦး၊ မ ၁၁ ဦး လူဦးရေ ၂၉ ဦး အား ပြန်လည်စိစစ်လက်ခံရေး လုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်လက်ခံ ဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ လက်ခံဆောင်ရွက်ရာတွင် ရှေးဦးစွာ လုံခြုံရေးတာဝန်ရှိသူများက သတ်မှတ်နေရာ၌ တစ်ဦးချင်းလုံခြုံရေးဆိုင်ရာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်သည်။
▲ ထောက်ပံ့ပစ္စည်းများပေးအပ် ▲
ထို့နောက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ စိစစ်မှတ်တမ်းတင်ခြင်းအား ဆောင်ရွက်ရာတွင် အိမ်ထောင်စု ၅ စုရှိ ၊ ကျား ၉ ဦး ၊ မ ၈ ဦး ပေါင်း ၁၇ ဦးတို့အား NV Card ထုတ်ပေးခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်အား မွန်းတည့် ၁၂ နာရီတွင် ပြီးစီးခဲ့သည်။
▲ လှဖိုးခေါင်ယာယီနေရာချထားရေးစခန်းသို့လွှဲပြောင်းပို့ဆောင် ▲
ဆက်လက်၍ တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးထွန်းက လှဖိုးခေါင်ယာယီ နေရာချထားရေးစခန်းသို့ လွှဲပြောင်းပို့ဆောင်ပေးရာ လှဖိုးခေါင်စခန်း တာဝန်ခံ ညွှန်ကြားရေး မှူး ဦးစိုးရွှေအောင်နှင့် စခန်းတာဝန်ရှိသူများက ညနေ ၃ နာရီတွင် လွှဲပြောင်း/လက်ခံ ဆောင်ရွက်ကြပြီး ဆန်၊ ဆီ ၊ ဆား၊ ပဲ၊ မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ် ခဲ့သည်။
▲ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ် ▲
ထို့နောက် ပြန်လည်ဝင်ရောက်လာသူ အိမ်ထောင်စု ၅ စု၊ လူဦးရေ ၂၉ ဦးတို့သည် ယခင်နေရပ် မောင်တောမြို့နယ်၊ တောင်ပြို လက်ဝဲမြို့၊ တောင်ပြိုယာ၊ မြောချောင်း၊ ကြိမ်ချောင်း၊ ကျောက်ချောင်း(ရွာသစ်)၊ ဒိုးတန်းကျေးရွာတို့မှဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ကာ ညနေ ၄ နာရီတွင် စခန်းမှ ပြန်လည် ထွက်ခွာသွား ကြသည်။
ဇော်ဇော်ဆန်း(ပြန်/ဆက်)

No comments:
Post a Comment