Thursday, October 24, 2019

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) ၏ ဒုတိယမြောက် ဖန်ပြွန်သန္ဓေသား အောင်မြင်စွာ မွေးဖွား

ရန်ကုန် အောက်တိုဘာ ၂၃
ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၌ ငါးပေါင်နှစ်အောင်စရှိ ဒုတိယမြောက် ဖန်ပြွန်သန္ဓေသား မိန်းကလေးတစ်ဦးကို ပါမောက္ခ ဒေါက်တာဒေါ်ခင်လတ် ဦးဆောင်သော ခွဲစိတ် ဆရာဝန်ကြီးများက ယနေ့ နံနက် ၈ နာရီ ၃၆ မိနစ်တွင် အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးခဲ့ကြောင်း သိရသည်။

ဗဟိုအမျိုးသမီးဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်ပြုံးကြည်က “ဖန်ပြွန်သန္ဓေသားဆိုတာ သားသမီးရဖို့ခက်ခဲတဲ့ ဇနီးမောင်နှံတွေမှာ ဖန်ပြွန်သန္ဓေသားနည်းနဲ့ သန္ဓေတည်အောင် ဆောင်ရွက်ပေးတာ ဖြစ်တယ်။ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ Fertility Centre ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ပထမဆုံး ဖန်ပြွန်သန္ဓေသားကို ၂၀၁၈ ခုနှစ် ဇွန်လမှာ မွေးဖွားပေးနိုင်ခဲ့ပါတယ်။ ဖန်ပြွန်သန္ဓေသားပြုလုပ်တဲ့အဆင့်က အများကြီးရှိပါတယ်။ ဖန်ပြွန် သန္ဓေသားနည်းနဲ့ဆိုရင် သားသမီးရဖို့ တော်တော်လေး ခက်ခဲပါတယ်။ ဖန်ပြွန်သန္ဓေသား အောင်ဖို့ဆိုရင် ကျွန်မတို့ရဲ့ သားဖွား/မီးယပ် အထူးကု ဆရာဝန်ကြီးတွေရဲ့ တတ်ကျွမ်းတဲ့ နည်းပညာတင်မကဘူး၊ တခြားကမ္ဘာ့အဆင့်မီ ဆေးဝါးတွေကို သုံးစွဲရပါတယ်။ ဒါပေမယ့် ဖန်ပြွန် သန္ဓေသားတွေအတွက် အထူးလိုအပ်တဲ့ ကိရိယာတွေ၊ ဓာတ်ခွဲခန်းတွေ တိုးတက်အောင်လုပ်ဖို့ အဆင့်အများကြီး လိုပါသေးတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း Fertility Centre ကို လိုအပ်တဲ့ စက်ပစ္စည်းကိရိယာတွေကို အတတ်နိုင်ဆုံး ပံ့ပိုးပေးပါတယ်။ ဒီထက် နည်းပညာရော၊ လိုအပ်တဲ့ စက်ပစ္စည်းတွေ ရရှိမယ်ဆိုရင် သားသမီးရနိုင်ဖို့ခက်ခဲတဲ့ ဇနီးမောင်နှံတွေကို အခုထက် ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။
ဖန်ပြွန်သန္ဓေသား၏ ဖခင်ဖြစ်သူ ဦးမောင်မောင်သန့်က “ကျွန်တော်တို့က အင်းစိန်ကပါ။ အိမ်ထောင်ကျပြီး ကိုးနှစ်ခွဲကြာမှ ကလေးရတာပါ။ ကလေးရဖို့ အပြင်ဆေးရုံ၊ ဆေးခန်းတွေမှာ ကြိုးစားကြည့်ပါတယ်။ အဆင်မပြေတော့ ဗဟိုအမျိုးသမီးဆေးရုံက Fertility Centre မှာ တိုင်ပင်ဆွေးနွေးကြည့်ခဲ့ပြီး ဒီနေ့မနက်သမီးဦးလေးကို အောင်အောင်မြင်မြင် မွေးလာတော့ ပျော်ပါတယ်” ဟု ပြောသည်။
ဗဟိုအမျိုးသမီး ဆေးရုံကြီး (ရန်ကုန်) Fertility Centre ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ဖွင့်လှစ် ခဲ့ပြီး ဟိုင်နန်ဆေးတက္ကသိုလ် အကူ အညီဖြင့် ၂၀၁၈ ခုနှစ် ဇွန် ၁၂ ရက်တွင် ပထမဆုံး ဖန်ပြွန်သန္ဓေသားကို မွေးဖွားခဲ့ပြီး ယခုဒုတိယမြောက် ဖန်ပြွန်သန္ဓေသားကို အောင်မြင်စွာ မွေးဖွားနိုင်ခြင်းဖြစ်သည်။
ရီရီမြင့်
ဓာတ်ပုံ - ရဲထွဋ်


No comments:

Post a Comment