Sunday, October 20, 2019

နီပေါနိုင်ငံ၊ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံ၊ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးလာရောက်ခဲ့သည်။


နီပေါနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ၁၆-၁၀-၂၀၁၉ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ကြသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဧည့်သည်တော် နီပေါနိုင်ငံ၊ သမ္မတ မစ္စစ် ဘန်ဒါရီအား ၁၇-၁၀-၂၀၁၉ ရက်နေ့ (၁၀၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။

အဆိုပါအခမ်းအနားအပြီးတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နီပေါနိုင်ငံ၊ သမ္မတ မစ္စစ် ဘန်ဒါရီတို့သည် သမ္မတ အိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမ၌ နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ ယင်းသို့တွေ့ဆုံစဉ် နှစ်နိုင်ငံခေါင်းဆောင်များက နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားရေးကိစ္စရပ်များအပေါ် ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံ သမ္မတများသည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် နီပေါနိုင်ငံသို့ သွားရောက်ခဲ့သည့် ချစ်ကြည်ရေး ခရီးစဉ်နှင့် ယင်းခရီးစဉ်အပြီး (၄) ကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့မှု တို့အပေါ် ဝမ်းမြောက်စွာ ပြန်ပြောင်း ဆွေးနွေးခဲ့ကြသည်။ မြန်မာနှင့်နီပေါ နှစ်နိုင်ငံ ပြည်သူများအကြား ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်နိုင်ရေး ရည်ရွယ်လျက် ခရီးသွားကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားကြ ရန် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား သဘောတူညီခဲ့ကြသည်။

ယင်းနေ့တွင် နီပေါနိုင်ငံသမ္မတသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း နိုင်ငံတော်သမ္မတ အိမ်တော်၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာ စာများတွင် အကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲများတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံနှင့် ပြည်သူများ အကြား ပိုမိုနီးစပ်မှုကိုဖြစ်စေသော ဘုံတူညီသည့်အချက်များ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း အစဉ်အလာများကို ချီးမွမ်းပြောကြားခဲ့ကြ သည်။ ထို့ပြင် ခရီးသွားလာရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရေး၊ နှစ်နိုင်ငံအကြား ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် နီပေါနိုင်ငံ၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲ (Sagarmatha Dialogue)သို့ မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ ပါဝင် တက်ရောက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံအကြား လက်တွေ့ကျသည့် ရင်းနှီးမြှုပ်နှံနိုင်မည့် အလားအလာကောင်းများရှိသည့်အလျောက် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် နှစ်ဖက် အတူတကွလက်တွဲ ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ ကြသည်။

နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံအနေဖြင့် နီပေါအစိုးရ၏ “နီပေါနိုင်ငံ ခရီးသွားနှစ် (၂၀၂၀)” နှင့် အမျိုးသားရေး ရည်မှန်းချက်ဖြစ် သည့် “သာယာဝပြောသော နီပေါနိုင်ငံ၊ ပျော်ရွှင်မှုများခံစားရသော နီပေါပြည်သူများ အောင်မြင်စေရေးအတွက် ပံ့ပိုး ကူညီသွားရန် အသင့်ရှိကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ်တွင် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ်(၆၀)ပြည့်မြောက်မည်ဖြစ် ကြောင်းကို ဝမ်းမြောက်စွာ မှတ်သားလျက် မြန်မာ-နီပေါ နှစ်နိုင်ငံ သံတမန်အဆက်အသွယ် တည်ထောင်မှု နှစ်(၆၀)ပြည့် အထိမ်းအမှတ် အခမ်းအနားများကို နှစ်နိုင်ငံစလုံး၌ စီစဉ်ကျင်းပသွားရန် သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံရှိ နီပေါနွယ်ဖွားများသည် အေးချမ်းပျော်ရွှင်၍ သဟဇာတရှိစွာဖြင့် မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းအတွင်း ကောင်းမွန်စွာ ပေါင်းစည်းနေထိုင်လျက်ရှိခြင်းကြောင့် ၎င်းတို့၏ အခန်းကဏ္ဍသည် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲ စေလျက်ရှိကြောင်းကို နှစ်နိုင်ငံ ခေါင်းဆောင်များက အသိအမှတ်ပြုခဲ့ကြသည်။

နှစ်ဖက်စလုံးက ဘုံအကျိုးစီးပွားနှင့်သက်ဆိုင်သော ကိစ္စရပ်များတွင် တူညီသော အမြင်များရှိကြရာ နှစ်နိုင်ငံကိစ္စရပ်များတွင်သာမက ကုလသမဂ္ဂနှင့် ဘင်းမ်စတက် အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ဆက်လက်၍ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားကြရန် သန္နိဋ္ဌာန်ချထားမှုများကို ထပ်လောင်းအတည်ပြု ခဲ့သည်။

တွေ့ဆုံပွဲများပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ မစ္စစ် ဘန်ဒါရီတို့သည် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် နီပေါအစိုးရတို့ အကြား ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် နီပေါနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာ ပရာဒိ ကူမာ ဂျန်ဝါလီတို့က လက်မှတ်ရေးထိုး ခဲ့ကြသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် နီပေါအစိုးရတို့အကြား ခရီး သွားလာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နီပေါနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ဝန်ကြီး မစ္စတာ ပရာဒိ ကူမာ ဂျန်ဝါလီတို့က လက်မှတ် ရေးထိုးခဲ့ကြသည်။

ယင်းနေ့ မွန်းလွဲပိုင်းတွင် M-Gallery by Sofitel Hotel ၌ ဧည့်သည်တော် နီပေါနိုင်ငံ၊ သမ္မတသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား တွေ့ဆုံခဲ့သည်။

ယင်းနေ့ ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နီပေါသမ္မတနှင့် ကိုယ်စားလှယ် အဖွဲ့ကို ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

နီပေါနိုင်ငံ၊ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီသည် ၁၈-၁၀-၂၀၁၉ ရက်နေ့တွင် နေပြည်တော်မှ ပြင်ဦးလွင်မြို့သို့ အထူးလေယာဉ်ဖြင့် သွားရောက်ခဲ့ကြသည်။ ပြင်ဦးလွင်မြို့ သို့ ရောက်ရှိစဉ် သမ္မတ မစ္စစ် ဘန်ဒါရီသည် Sree Durga Devi ဟိန္ဒူဘုရားကျောင်းသို့ သွားရောက်ခဲ့ပြီး ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌ နီပေါနွယ်ဖွား မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံခဲ့သည်။ ယင်းနေ့တွင် နီပေါနိုင်ငံ၊ သမ္မတ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြင်ဦးလွင်မြို့မှ ညောင်ဦးမြို့သို့ အထူးလေယာဉ်ဖြင့် သွားရောက်ခဲ့ကြသည်။ ပုဂံမြို့သို့ ရောက်ရှိနေစဉ် အတွင်း အာနန္ဒာဘုရား၊ သဗ္ဗညုဘုရား၊ အလိုတော်ပြည့်ဘုရားနှင့် ရွှေစည်းခုံဘုရားတို့သို့ သွားရောက်ဖူးမြော်ခဲ့ကြသည်။ ယင်းနေ့ ညနေပိုင်းတွင် နီပေါနိုင်ငံ၊ သမ္မတ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ညောင်ဦးမြို့မှ ရန်ကုန်မြို့သို့ အထူး လေယာဉ်ဖြင့် ဆက်လက် ထွက်ခွာခဲ့သည်။

ရန်ကုန်မြို့သို့ ရောက်ရှိစဉ် ၁၉-၁၀-၂၀၁၉ ရက်နေ့တွင် နီပေါနိုင်ငံ၊ သမ္မတ မစ္စစ် ဘန်ဒါရီသည် ရွှေတိဂုံစေတီတော်မြတ်သို့ သွားရောက် ဖူးမြော်ကြည်ညိုခဲ့ပြီး နီပေါ-မြန်မာချစ်ကြည်ရေး လုမ္ဗိနီဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ နီပေါနိုင်ငံ သမ္မတ သည် သီတဂူ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုတက္ကသိုလ်နှင့် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တို့သို့ သွားရောက်လေ့လာခဲ့သည်။ ယင်းနေ့ မွန်းလွဲပိုင်းတွင် မြန်မာ-နီပေါ ကုန်သည်ကြီးများ အသင်းနှင့် မြန်မာ-နီပေါ ချစ်ကြည်ရေးအသင်းတို့က ပူးတွဲကြီးမှူး ကျင်းပသည့် မြန်မာ-နီပေါနှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများ ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ ညနေပိုင်းတွင် ရန်ကုန်မြို့ Wyndham Grand Hotel ၌ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

နီပေါနိုင်ငံ၊ သမ္မတ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀-၁၀-၂၀၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့သည်။

နီပေါနိုင်ငံ၊ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ၏ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်အပြီးတွင် နှစ်နိုင်ငံ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

နီပေါနိုင်ငံသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်သည် နှစ်ပေါင်း (၃၉)နှစ်ကျော်ကာလအတွင်း နီပေါနိုင်ငံ၏ အကြီးအကဲ တစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ခရီးစဉ်ဖြစ်ရာ နှစ်နိုင်ငံ အကြီးအကဲများအကြား အစဉ်အလာအရ တည်ရှိသည့် ချစ်ကြည် ရင်းနှီးမှုနှင့် ထိတွေ့ဆက်ဆံမှု ပိုမိုတိုးတက်ကောင်းမွန်စေရန် အားသစ် လောင်းပေးခဲ့သည်။ နီပေါနိုင်ငံသမ္မတ၏ ချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အရေးပါသော သမိုင်းဝင်မှတ်တိုင် တစ်ခုဖြစ်ခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နီးကပ်စွာ ဆက်ဆံမှု၏ ဝိသေသကို ထင်ဟပ်ဖော်ပြနိုင်ခဲ့သည်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာနှင့် ခရီးသွားလာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနား လည်မှုစာချွန်လွှာတို့သည် အဆိုပါ ကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်း စေခဲ့ရုံသာမက နှစ်နိုင်ငံ ပြည်သူများအကြား တည်ရှိဆဲ ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေးတို့ကို ပိုမိုခိုင်မာ စေခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်

No comments:

Post a Comment