Monday, October 21, 2019

မှန်ကောင်းလိုအပ် မပြတ်စစ်အပ်

ရုရှားနိုင်ငံရဲ့ ပထမမြောက်နီကိုလပ်စ်ဘုရင်ဟာ ၁၈၂၅ ခုနှစ်မှာ နန်းတက်ပါတယ်။ အဲဒီအချိန်က ဥရောပမှာ စက်မှုလုပ်ငန်းများ တိုးတက်နေချိန်ဖြစ်ပေမယ့် ရုရှားနိုင်ငံကတော့ နောက်ကျကျန်နေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ တွေက မကျေမနပ်ဖြစ်ကာ ဆူပူလာကြပါတယ်။ လူထုခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကွန်ဒရက်တီရိုင်လေးယက်ဆိုသူကို ဘုရင်က ဖမ်းဆီးစေပြီး သေဒဏ်ပေးလိုက်ပါတယ်။ ကြိုးစင်တင်၊ ကြိုးပေးစေပါတယ်။ ကြိုးစင်ပေါ်ရောက်ပြီး လည်ပင်းကို ကြိုးကွင်းစွပ်၊ ခလုတ်ဖြုတ်ချလိုက်တဲ့အခါ လည်ပင်းမှာ စွပ်ထားတဲ့ကြိုးဟာ ပြတ်သွားပါတယ်။
စကားအရာ ချင့်ချိန်သင့်
ထုံးစံအရဆိုရင် “ဘုရားသခင် အလိုတော်အရ အသက်ချမ်းသာခွင့်” ပေးရလေ့ရှိပါတယ်။ သို့သော် တရားခံက “ကဲ-တွေ့ပြီလား။ ကျုပ်တို့ ရုရှားတွေဟာ စက်မှုအတတ်ပညာ ဘယ်လောက်ညံ့ဖျင်းလိုက်သလဲ။ ကြိုးတစ်ချောင်းတောင် ကောင်းကောင်းမလုပ်တတ် ဘူး” လို့ လူထုရှေ့မှာ အားရပါးရ ပြောချလိုက်ပါတယ်။ ဒီမှာတင် ဘုရင်နီကိုလပ်စ်က “ကိုင်း- ကြည့်သေးတာပေါ့ ကွာ” ဆိုပြီး ကြိုးအသစ်တစ်ချောင်းယူစေပြီး ဒုတိယ အကြိမ်ကြိုး ပေးလိုက်ပါတော့တယ်။ ဒီတော့သူ့ခမျာ သေသွားရရှာပါတော့တယ်။ အော်-စကားတစ်ခွန်းကို အလွယ်တကူ မချင့်ချိန်ပဲ စိတ်ထဲပါသလိုပြောလိုက်မိတာကြောင့် သေဘေးကလွတ်ခဲ့ပါရဲ့နဲ့ သေတွင်းထဲတစ်ခါ ထပ်ဝင်သွားရရှာပါလား။ စကားအရာ ချင့်ချိန်သင့်ပါ လားလို့ ဆင်ခြင်မိပါတယ်။
အလားတူပါပဲ မြန်မာ့သမိုင်းမှာ စုက္ကတေးမင်းက အနော်ရထာမင်းကို “ညီသားနောင်မယ်”လို့ ခေါ်မိလို့ အသတ်ခံရတာ၊ ခုံတော်မောင်ကြဘမ်းလည်း အလားတူ စကားတွေကြောင့် ဒုက္ခတွေ့ရခဲ့ရတာ သမိုင်းရှိခဲ့ ပါတယ်။ ငယ်စဉ်က “စကားရေစစ်”ဆိုပြီး မှတ်သားခဲ့ရဖူးပါတယ်။ စကားပြောမယ်ကြံရင် ရေကိုရေစစ်နဲ့ စစ်ပြီးမှ သောက်ရ သလို၊ စကားရေစစ်နဲ့စစ်ပြီးမှ ပြောရမယ်၊ ပြောသင့် မပြောသင့်ကိုစစ်ပါဦးတဲ့ ။
စကားရေစစ်မှာ မှန်ရဲ့လား ...၊ ကောင်းရဲ့လား. . .၊
လိုအပ်ရဲ့လား... တဲ့။ “စကားအရာမှန်၊ ကောင်း၊ လိုအပ်၊ မပြတ်စစ်အပ်”လို့ လည်းမှတ်ထားခဲ့ပါတယ်။
အခုလည်း Speech Filters (Think Before Speaking) ဆိုတဲ့ အနောက်တိုင်းက “စကားရေစစ်” ကိုဖတ်ရလို့ ဖော်ပြလိုပါတယ်။
စကားမပြောမီ ပြောချင်တဲ့ အကြောင်းအရာတွေက၊ စိတ်ထဲရောက်လာပါတယ်။ ပြောမယ့်စကားဟာ အရေးပါ သလား၊ အရေးမပါတဲ့ စကားလားဆိုတာကို လေ့လာ စိစစ်မှုလုပ်ရပါမယ်။
စဉ်းစားဆင်ခြင်ဖို့ အရေးကြီး
ပြီးတော့ ကိုယ်ပြောမယ့်စကားရဲ့ ရည်ရွယ်ချက်ကို လေ့လာရပါမယ်။ Intension ခေါ်တဲ့ ရည်ရွယ်မှုသည် သူတစ်ပါးကို ထိခိုက်နစ်နာစေမှု ရှိနိုင်သလားဆိုတာ စဉ်းစားဆင်ခြင်ဖို့ အရေးကြီးပါတယ်။
Choice- ကိုယ်ပြောမယ့်စကားသည် တကယ်လို အပ်တာလား၊ မလိုအပ်တဲ့စကားလားဆိုတာ ရွေးချယ် လိုက်ပါဦး။
Compassion- ကိုယ့်စကားလုံးတွေကြောင့် ကြား ရတဲ့သူ ဘယ်လိုခံစားနိုင်မလဲဆိုတာ နားလည်အောင် ကြိုးစားရပါမယ်။
Empathy- ကိုယ့်စကားကြောင့် တစ်ဖက်သား ဘယ်လိုခံစားရမလဲ။ သူ့နေရာမှာ ကိုယ်ခံစားကြည့်တတ် ရပါမယ်။ ငါရော ဒီလိုအပြောခံရရင် ဘယ်လိုခံစားရမလဲ။ ဆင်ခြင်ကြည့်ရပါမယ်။ တစ်ဖက်သားက ဘယ်လိုတုံ့ပြန် မလဲသိထားသင့်ပါတယ်။
ကိုယ်ပြောချင်တာတွေပဲပြောပြီး တစ်ဖက်သားက ဘယ်လိုပြန်ပြောသလဲဆိုတာကို သေသေချာချာ နား ထောင်ရဲ့လား။ သူကပြန်ပြောဖို့လည်း အခွင့်အရေးပေးပါ။
ကိုယ့်စကားကြောင့် တစ်ဖက်သား ထိခိုက်နာကျင်စေနိုင် လား၊ မပြောမဖြစ်ပြောရတော့မယ်။
ဒါဆိုရင် ကိုယ်ပြောမယ့်စကားကို ပိုမိုကောင်းမွန်တဲ့ နည်းလမ်း၊ ပြောသင့်တဲ့အချိန်နဲ့ နေရာတွေကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ စကားတွေကို စနစ်တကျ၊ သတိရှိရှိ၊ တည် ဆောက်ပြောသင့်တဲ့ အကြောင်းပါခင်ဗျာ။
လေးစားဖွယ်စကား
ကိုယ့်စကားသည် အရေးပါအရာရောက်ရဲ့လား၊ သိက္ခာ ရှိရဲ့လား၊ ဒါဆိုရင် လေးစားဖွယ်စကား ဖြစ်သွားမှာပါ။ ဒီလို စကားမျိုး မိမိကိုသူတစ်ပါးကပြောရင် ကြည်နူးမိမှာပဲ။ ဒါကြောင့် စကားပြောမယ့်အခါ မပြောခင် စဉ်းစားချင့်ချိန် သင့်ကြောင်း၊ ပြောသင့်ရာကိုသင့်ရာနေရာ၊ သင့်ရာအချိန် တွေမှာ ပြောသင့်ကြောင်း ရှေးလူကြီးတွေက ဆိုဆုံးမခဲ့တာ ဖြစ်ပါတယ်။ မိမိရဲ့ ရာထူးဂုဏ်ရှိန်၊ အခြေအနေ အချိန် အခါ၊ နေရာ၊ ဒေသတွေနဲ့ သင့်တင့်ရာ စကားကိုသတိနဲ့ ယှဉ်ပြီး ပြောဆိုသင့်ပါတယ်။ စကားတွေကြောင့် သာယာ အေးချမ်းမှုတွေ ဖြစ်ပေါ်တိုးတက်မှုတွေ ဖြစ်စေသလို၊ စကား တွေကြောင့် တိုက်ခိုက်မှုတွေ၊ ရန်ပွဲတွေ၊ မပြီးဆုံးနိုင်တဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေများစွာဖြစ်စေနိုင်တာ တွေ့နိုင်ပါ တယ်။ စကားအရာ အင်္ဂါလေးတန်ဆိုပြီးတော့လည်း မှတ်သားမိပါတယ်။
၁။ သုဘာသိတ - အကျိုးစီးပွားနှင့် ယှဉ်သော ကောင်းမြတ်သည့်စကား
၂။ ပိယဝါစာ- ချစ်ခင်နှစ်သက်ဖွယ်၊ နှစ်လိုဖွယ်စကား
၃။ ဓမ္မဝါစာ - တရားတော်နှင့် ညီညွတ်သောစကား
၄။ သစ္စဝါစာ - ဖြောင့်မှန်သောစကား စသည်တို့ ဖြစ်ကြပါတယ်။
ဒီလိုအကျိုးရှိ နှစ်လိုဖွယ် တရားနှင့်အညီ ဖြောင့်မှန်တဲ့ စကားများကြောင့် တိုင်းပြည်ရွာများအထိ အေးချမ်း စေနိုင်ပါတယ်။ အမုန်းစကား၊ အကြမ်းစကား၊ လိမ်လည် ကောက်ကျစ်သောစကား၊ မမှန်သောစကား၊ အတင်းအဖျင်း စကား စသည်တို့ကတော့ လောကကြီးကို ပူလောင်စေ၊ ပျက်စီးစေမယ့် စကားမျိုးများ ဖြစ်ကြပါတယ်။ တရုတ် အတွေးအခေါ် ပညာရှင်ကြီး ကွန်ဖြူးရှပ်စ်ကို လူငယ်လေး တစ်ဦးက တော်မှန်သောနေထိုင်မှုအတွက် ဆရာကြီးရဲ့ ဆုံးမစကားလေး ချီးမြှင့်ပါလို့ ဆိုပါတယ်။ ဆရာကြီးကလူငယ်လေးကိုကြည့်ပြီး “လူတွေ-လူ့လောကထဲရောက် လာ တုံးက လျှာနဲ့သွား ဘယ်ဒင်းက အရင်ပါလာသလဲကွ” လို့ မေးပါတယ်။ လူငယ်လေးက စဉ်းစားပြီးတော့ “လျှာက အရင်ပါလာတယ်လေ။ မွေးကထဲက လျှာပါလာပါတယ်။ သွားက နောက်မှပေါက်တာပါ။ ကလေးခြောက်လသားမှ သွားပေါက်တာပါ” တဲ့။ ဆရာကြီးက ဆက်မေးပါတယ်။ လူတွေ လူ့လောကထဲက ထွက်ခွာသွားတဲ့အခါမှာရော ဘယ်ဒင်းက အရင်ပါသွားလဲ။ ဘယ်ဒင်းကကျန်ခဲ့လဲတဲ့။ လူငယ်လေးက သွားတွေက အရင်ကျိူးထွက် ပြုတ်ထွက် ကုန်တယ်တယ်လေ ဆရာကြီး “ဆံဖြူသွားကျိူး” ဆိုသကိုး တဲ့။ “ဒီတော့ မင်းစဉ်းစား-လျှာလိုကျင့် သွားလိုမကျင့်နဲ့”တဲ့။ လူငယ်လေးက စဉ်းစားရခက်သွားတယ်။ လျှာနဲ့သွား ဘယ်လိုကွာခြားသလဲ။ လျှာက နူးညံ့တယ်၊ ပျော့ပျောင်း တယ်၊ သွားကမာကျောတယ်၊ ကြမ်းတမ်းတယ်လေ။ ဒီလိုပဲပေါ့။ လောကမှာ အဆင်ပြေပြေ ချောချောမွေ့မွေ့ နေနိုင်ဖို့ လျှာလို နူးညံ့ပျော့ပျောင်းရမယ်။ ပြောချင်တဲ့ စကားကို တစ်ဖက်သား နားထဲဝင်အောင် ပြောတတ် ရမယ်။ လုပ်ချင်အောင် ခိုင်းတတ်ရမယ်။ သွားလို မာမာကျောကျော ပြောဆိုဆက်ဆံမယ်ဆိုရင် မင်းအတွက် ဘယ်အဆင်ပြေနိုင်မလဲကွ-တဲ့။ ဟုတ်လိုက်ပေ့ ဆရာကြီး ရယ်။ တကယ်မှတ်သားလောက်ပါရဲ့ပေါ့ ခင်ဗျာ။ စကား အရာ အရေးပါပုံကို အထူးသတိပြုသင့်ကြောင်း တွေ့နိုင်ပါတယ်။
ပညာရှိဖို့ လိမ္မာပါးနပ်ဖို့လို
မြတ်ဘုရားရှင် ဘုရားဖြစ်တော်မူပြီး ရာဇဂြိုဟ်ပြည် မှာ သီတင်းသုံးတော်မူစဉ် ခမည်းတော်သုဒ္ဓေါဒနမင်းကြီး က သားတော်ဘုရားရှင်အား ဖူးမြော်လိုတာကြောင့် အမတ်ကြီး ကိုးယောက်ကို စေလွှတ်ပြီး ဇာတိ ကပိလဝတ် ပြည်ကို ပင့် ဆောင်စေပါတယ်။ အမတ်ကြီးကိုးယောက်တို့ ကိုးကြိမ်ကိုးခေါက်ပင့်ကြသော်လည်း မြတ်စွာဘုရားရှင် ကြွမလာလို့ ဖွားဖက်တော် ကာဠုဒါယီအမတ်ကြီးကို ပင့်ဆောင်ခိုင်းပါတယ်။ ကာဠုဒါယီအမတ်ကြီးက ဗိုလ်ပါ တစ်ထောင်နဲ့ မြတ်စွာဘုရားထံ သွားရောက်ပါတယ်။ ဘုရားရှင် တရားဟောတော်မူချိန်နဲ့ ကြုံကြိုက်လို့ တရား နာကြရာ ဗိုလ်ပါ တစ်ထောင်နဲ့တကွ ရဟန္တာဖြစ်သွားပါ တယ်။ ခုနစ်ရက်ခန့်အကြာ ဆောင်းအကုန်နွေအကူး၊ တပေါင်းလပြည့်နေ့ရောက်တော့ ကာဠုဒါယီ အမတ်ကြီး က ခြောက်ဆယ်သောဂါထာဖြင့် အချိန်ကာလ၏ သာယာ ကြည်နူးဖွယ်ကောင်းပုံ၊ လမ်းခရီး၏ သာယာလှပပုံ များကို လျှောက်ထားပြီး ဖခင် သုဒ္ဓေါဒနမင်းကြီး မှာကြားလိုက်တဲ့ အမှာစကားများကို ညင်သာပျော့ပျောင်း စွာ လျှောက်ထားပါတယ်။ တစ်ဖန် ဆွေတော်မျိုးတော် အပေါင်းတို့ကိုလည်း တရားဒေသနာ ချီးမြှင့်ပေးဖို့၊ ကပိလဝတ်ပြည်သို့ ကြွချီပေးဖို့ လျှောက်ထားပါတယ်။ အမတ်ကြီးရဲ့ စကားအရာ ကြွယ်ဝမှု၊ အချိန်အခါနဲ့ အခြေ အနေကို အကဲခတ် ဆင်ခြင်သုံးသပ်ပြီး ကျိုးကြောင်း ဆီလျော်စွာလျှောက်ထားနိုင်မှုကြောင့် မြတ်စွာဘုရား ရှင်က သံဃာတော်အပေါင်းတို့ ခရီးသွားခြင်းမှာ ပြုထိုက် သော ဂမိယဝတ်ကို ပြည့်စုံစေတော်မူပါတယ်။ တပေါင်း လပြည့်ကျော် တစ်ရက်နေ့မှာတော့ ရာဇဂြိုဟ်ပြည်မှ ကပိလဝတ်ပြည်သို့ ကြွတော်မူခဲ့ပါတယ်။ ဒီအကြောင်း အရာကို ကြည့်ခြင်းဖြင့် ကာဠုဒါယီအမတ်ကြီးရဲ့ ပညာဖြင့် တွေးခေါ်ဆင်ခြင်ခြင်း၊ စကားအရာတွေကို ဆင်ခြင်စိစစ်ခြင်း၊ အချိန်အခါနှင့် အခြေအနေကောင်းကို ရွေးချယ်ပြီး လိမ္မာပါးနပ်စွာ လျှောက်ထားနိုင်မှုကြောင့် အရေးအောင်တဲ့အကြောင်း တွေ့နိုင်ပါတယ်။ ဒါကြောင့် ကန်တော်မင်းကျောင်း ဆရာတော်ကြီးက “တစ်သိန်း အားနှင့် ယူသော်မရ၊ တစ်ယောက်အားနှင့် ယူသော် ရ၏” လို့ မိန့်တော်မူခြင်း ဖြစ်ပါတယ်။ ပညာရှိသူတို့ ပညာဖြင့်ဆင်ခြင်သုံးသပ်ပြီးမှ စကားဆိုတတ်လို့ မိမိ လိုရာ အရေးအောင်နိုင်ကြောင်း၊ တစ်ယောက်အားပင် ဖြစ်သော်လည်း ပညာရှိဖို့ လိမ္မာပါးနပ်ဖို့ လိုအပ်ကြောင်း လမ်းညွှန်ထားတာ ဖြစ်ပါတယ်။
၁၉၈၄ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ အမေရိကန် နိုင်ငံက တက္ကသိုလ်အချို့မှာ လူတွေ တစ်နေ့တစ်နေ့ကို စကားလုံး ဘယ်နှလုံးလောက်ပြောသလဲလို့ လေ့လာ ခဲ့ဖူးပါတယ်။ အမျိုးသမီးတွေက ပျမ်းမျှတစ်နေ့လျှင် စကားလုံးပေါင်း ၁၆၂၁၅ လုံး၊ အမျိုးသားတွေက ပျမ်းမျှ ၁၅၆၆၉ လုံးမျှ ပြောလေ့ရှိကြောင်း တွေ့ရပါ တယ်။
အမျိုးသမီးတွေက စကားပိုပြောကြောင်း တွေ့ရခြင်း ဖြစ်ပါတယ်။ လူတစ်ယောက်သည် တစ်နေ့အိပ်ချိန် ၇ နာရီမှလွဲပြီး ကျန်အချိန်များတွင် တစ်မိနစ်လျှင် စကားလုံး ၁၅ လုံးမျှ ပြောနေတတ်ကြောင်းလည်း တွေ့ရပါတယ်။ စကားအများဆုံး ပြောနိုင်သူဆိုရင်၊ တစ်နေ့လုံး စကားလုံး ပေါင်း ၄၇၀၀ဝ မျှပြောနိုင်တယ်။ သူ့စကားပြောနှုန်းသည် တစ်စက္ကန့်လျှင် စကားလုံးတစ်လုံးနှုန်းမျှ ရှိနေနိုင် ကြောင်း သိရပါတယ်။ စကားလုံးများစွာ ပြောနေကြ သော်လည်း အေးချမ်းအောင်မြင်စေတဲ့ စကားများဖြစ်ဖို့ ဆင်ခြင်ရပါမယ်။ မိမိစကားလုံးများကြောင့် အများထိ ခိုက်နစ်နာစေနိုင်တာမျိုးတွေ မဖြစ်အောင် စဉ်းစားကြဖို့ အထူးလိုအပ်ပါတယ်။
“မခုန်ခင်ကြည့်၊ မပြောခင်စဉ်းစား” တဲ့ ခင်ဗျ။ မပြောခင် စဉ်းစားကြ၊ စိစစ်ကြဖို့ အမှန်တကယ် လိုအပ်ကြောင်း။ ။
ဒေါက်တာမြင့်သန်း (ညောင်လေးပင်)

No comments:

Post a Comment