Monday, October 21, 2019

ခေါင်လန်ဖူး ပညာရေးနှင့် ခရောင်းလမ်းမှာ ပွင့်သောပန်း (၃)








နုဝမ်ဂေါင်ဗိုလ်တဲစခန်းက မထွက်မီ နံနက်စာကို ငါးသေတ္တာဟင်းနှင့် စားကြ၏။ ခရီးကကြမ်း၊ လမ်းကကြမ်းဖြင့် ပင်ပန်းမှုကို တွန်းလှန်နိုင်ဖို့ နံနက်စာကို နေ့ခင်းစာနှင့်ပါ ပေါင်းပြီး အားဖြည့် စားသောက်ကြ၏။ လမ်းခရီးတွင် နေ့ခင်းစာ စားရဖို့ မသေချာ။ သို့အတွက် ဗိုက်ဆာသည်၊ မဆာသည် အပထား၊ ဝမ်းဝရေးသည် အဓိကဖြစ်သည်။ ဝမ်းဝမှ အားအင်ဖြစ်မည်။ အားအင်ဖြစ်မှ ခရီးဆက်နိုင်မည်။ ခရီးကြမ်းအတွက် အားမွေးရမည်။ ခရီးကြမ်းနှင် ဖို့ရာအတွက် အားမွေးစားသောက်ကြ၏။

ထိုအားမွေး စားသောက်ပြီးသည်နှင့် နုဝမ်ဂေါင်စခန်းမှ စတင်ထွက်ခွာရန် အထုပ် အပိုးများကို ပြင်ဆင်ကြရသည်။ စားရေ ရိက္ခာနှင့် လေးလံသောအထုပ်များကို လား နှင့် တင်ကြရသည်။ ထီး၊ မိုးကာ၊ ရေဘူး၊ စောင်တစ်ထည်နှင့် တစ်ကိုယ်ရေအသုံး အဆောင်များသာ ကိုယ်နှင့် တစ်ပါတည်း သယ်ဆောင်ကြရသည်။ လားအဖွဲ့က ခရီး ပိုမိုဝေးသော ထလားလော်အထိ သွားမည် ဖြစ်သည်။ ဆရာ ဆရာမများနှင့် ကျွန်တော် တို့မီဒီယာအဖွဲ့က လော်ဒဲကျေးရွာ၌ ညအိပ် ရပ်နားရန် စီစဉ်ထားသည်။ သို့အတွက် စောင်တစ်ထည်နှင့် အရန်အဝတ်တစ်စုံကို ကိုယ်နှင့် တစ်ပါတည်း မဖြစ်မနေ သယ် ဆောင်ကြရသည်။

နုဝမ်ဂေါင်စခန်းမှ မထွက်ခွာမီ လမ်းခရီး၌ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဆရာ ဒိုင်ဇောင်းက ခရစ်ယာန် ဘာသာဖြင့် ဆုတောင်းပေးသည်။ ဆရာဒိုင်ဇောင်းသည် မြစ်ကြီးနားမြို့ခံတစ်ဦးဖြစ်သည်။ ခေါင်လန် ဖူးမြို့မှ တစ်ဆင့် ဝေးလံခေါင်ဖျားသော လဂျာဆိုသောအရပ်သို့ မူလတန်းဆရာအဖြစ် သွားရောက်တာဝန် ထမ်းဆောင် မည့် သူဖြစ်သည်။ သူသည် ကျွန်တော်တို့အားလုံး ဝိုင်းဖွဲ့ထမင်းစားသောက်သည့်အခါတိုင်း၊ ခရီးစဉ်တစ်ခု စတင်သည့်အခါတိုင်း ခရစ်ယာန်ဘာသာဖြင့် ရွတ်ဆိုဆုတောင်းပေး လေ့ရှိသည်။ ထို့အပြင် ခရီးသွားဖော်များ၏ အလေးအပင် အထုပ်အပိုးများကို ဝိုင်းကူ ထမ်းပေးလေ့ရှိသည်။ လမ်းတစ်လျှောက် ရယ်စရာ မောစရာများလည်း အလွန်ပြော တတ်ပြီး အားလုံးက ချစ်ခင်လေးစားရသော ဆရာတစ်ဦးပင်ဖြစ်သည်။ သူသည် ဆရာ အလုပ်ကို မလုပ်မီက ဆံပင်ညှပ်အလုပ်ကို လည်း လုပ်ခဲ့သူဖြစ်၍ လမ်းခရီးတစ်ထောက် အနားယူသော ကျေးရွာများမှ ကလေးများကိုပင် ဆံပင်ညှပ်ပေးလိုက်သေးသည်။

ခရီးတွေက အတော်ကြမ်း

ဆရာဒိုင်ဇောင်းက ပြောပြသည်မှာ “ခရီးတွေက အတော်ကြမ်းတမ်းပါ တယ်။ အသက်အန္တရာယ်အထိတောင် စိုးရိမ်ရ ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ မရောက်ဖူးတဲ့ ဒေသတွေကို ရောက်တယ်။ တစ်ခါမှ မရောက်ဖူးတဲ့ ကချင်ပြည်နယ်ရဲ့ တောတောင် အလှတွေကို မြင်တွေ့ရလို့ ဒီဒေသကို ချစ်မြတ်နိုးမိပါတယ်။ ဒါကြောင့် လည်း ဒီဒေသက ကလေးတွေကို ပညာတတ် တွေ ဖြစ်စေချင်ပါတယ်။ ဖြစ်အောင်လည်း စနစ်သစ်ရဲ့ သင်ယူမှု၊ သင်ကြားမှုနှင့်အတူ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ သင်ကြားပေး သွားမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ကြမ်းတမ်း တဲ့ခရီးဖြစ်ပါစေ၊ ခေါင်လန်ဖူးဒေသက ကလေးတွေ ပညာတတ်စေချင်တဲ့ စေတနာ ကတော့ ဘယ်အရာနဲ့မှ လဲလို့ရတော့မှာ မဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီခရီး ဟာ အလွန်ခက်ခဲကြမ်းတမ်းလှပြီး အသက် နှင့်ရင်းနှီးပေးဆပ်ပြီး လာခဲ့ရတဲ့ခရီးဖြစ်နေ လို့ပါ” ဟု ပြောသည်။

ကျွန်တော်တို့ နုဝမ်ဂေါင်စခန်းက စထွက်တော့ နံနက် ၈ နာရီပင် ထိုးပြီ။ ချောင်းရေစီးဆင်းသံများ တဝေါဝေါ၊ တဖြော ဖြော။ လေးဖက်လေးတန် မြင့်မားသော တောင်တန်းကြီးများက ရှုမြော်မဆုံး။ ရွှံ့နွံ အထပ်ထပ်၊ ကျောက်တုံးကျောက်ဆောင် အထပ်ထပ်ပြည့်နေသော တောင်တက်ခရီး ကြမ်းကို စတင်လေပြီ။ လူတိုင်းကိုယ်စီ တောင်ဝှေးတစ်ချောင်းစီ ကိုင်ထားသည်။ တောင်ဝှေးသည် ထိုတောင်တက်ခရီး အတွက် အတော်လေး အားကိုးရသည်။ ခြေထောက်နှစ်ချောင်းဖြင့် ထိန်း၍ လျှောက် မရသော နေရာတွင် တောင်ဝှေးနှင့် လှမ်း ထောက်လိုက်သဖြင့် ရှေ့ကို ခြေလှမ်းအဆင် ပြေစွာ လှမ်းနိုင်သည်။ ရုတ်တရက် လဲမကျ အောင်လည်း တောင်ဝှေးက ထိန်းထားနိုင် သည်။ တောင်ဝှေးသည် ကျွန်တော်တို့အတွက် တော့ ခြေထောက်တစ်ချောင်းပင် ဖြစ်သည်။ ထို့ကြောင့် တောင်တက်လာကြသူအပေါင်း တို့သည် ခြေထောက်သုံးချောင်းဖြင့် လူသား များဟု ဆိုနိုင်သည်။

တောင်တက်ခရီးကြမ်း နှင်ခဲ့သည်မှာ အချိန်အတန်ကြာခဲ့ပြီ။ ခါးကုန်းသူကုန်း၊ ဒူးနှိပ် သူနှိပ်၊ လျှာထွက်သူထွက် အားလုံးက မော ဟိုက်နေကြသည်။ ချွေးများပင် တစ်ကိုယ် လုံး စိုရွှဲလာသည်။ အလွန်မြင့်မားသော တောင်ထိပ်တစ်နေရာအရောက်တွင် ခဏ တာရပ်နားကြသည်။ ဧရာဝတီမြစ်၏ မိဘ တစ်ဦးဖြစ်သည့် မေခကို လှပစွာတွေ့လိုက် ရသည်။ မေခမြစ်သည် တောင်တန်းကြီး နှစ်သွယ်ကြားမှ ကွေ့ကာဝိုက်ကာ လှပစွာ စီးဆင်းနေသည်ကို တောင်ထိပ်အပေါ်စီးမှ မြင်ရသည်။ ကျွန်တော်တို့အားလုံး မေခမြစ်ကြီးကို ကျောထောက်နောက်ခံထား၍ အမှတ်တရဓာတ်ပုံရိုက်ကြသည်။ အမော ဖြေကြသည်။

မေခနှင့် မလိခသည် ဧရာဝတီကို မွေး ဖွားရာ ဧရာဝတီ၏ မိဘများဟု ဆိုရပေလိမ့် မည်။ ထိုမေခနှင့် မလိခကို မွေးဖွားပေးရာ ဒေသသည်ကား ပူတာအို၊ ခေါင်လန်ဖူး၊ မချမ်းဘော၊ နောင်မွန်း၊ ပန်နန်းဒင်၊ ဆွမ်ပရာ ဘွမ်ဒေသက မြင့်မားသော တောင်တန်း ကြီးများ၊ ရေခဲတောင်များ၏ ကျေးဇူးကြောင့် ပေတည်း။ တစ်နည်းအားဖြင့် ကချင်ပြည် နယ် ပူတာအိုဒေသသည် ဧရာဝတီမြစ်၏ ရေဝေရေလဲဒေသပင် ဖြစ်၏။ ဤရေဝေရေ လဲဒေသရှိ တောတောင်ရေမြေ သဘာဝအလှ တရားများကို မပျက်မယွင်းအောင် ထိန်း သိမ်းထားနိုင်မှ ဧရာဝတီ၏ အသက်သည် လည်း ဆက်လက်ရှင်သန်နိုင်ပေလိမ့်မည် ဟု အောက်မေ့မိသည်။

ဖူးလွမ်းရွာ

တောင်ထိပ်မှသည် တောင်အောက်သို့ တစ်ဖန်ပြန်ဆင်းရပြန်ပြီ။ ကုန်စည်များ တင် ဆောင်လာသော လားတစ်အုပ်လည်း ကျော် တက်သွားသည်။ ခြေမြန်သော ဆရာမ သုံးယောက်လည်း တောင်အောက်သို့ ရောက်နှင့်ပြီကို တောင်ပေါ်တစ်နေရာမှ လှမ်းမြင်တွေ့ရသည်။

“အခု ရောက်မယ့်ရွာက ဖူးလွမ်းရွာ လို့ ခေါ်တယ်။ အဲဒီမှာ ကျောင်းလည်း ရှိ တယ်။ ကျွန်တော်တို့ အဲဒီမှာ တစ်ထောက် နားကြမယ်” ဟု ကိုဂျေရဲဆာက ပြောသည်။ ဒေသခံ များက ထိုရွာကို ဖိုးလုံးရွာဟုလည်း ခေါ်ကြသည်။ ကျွန်တော်တို့အဖွဲ့သည် တောင်ပေါ်မှ တောင်အောက်သို့ တဖြည်း ဖြည်းဆင်းလာကြသည်။ ဖူးလွမ်းရွာ ရောက် ခါနီး ရွာအဝင်လမ်းတွင် ကျွန်တော်တို့ အဖွဲ့ကို လာရောက်ကြိုဆိုသော ရွာလူကြီး ဆိုသူကို တွေ့ရသည်။ ရွာလူကြီးဆိုသူမှာ အသက်အရွယ်အားဖြင့် ၄၀ ခန့်သာရှိမည်။ စွပ်ကျယ်အင်္ကျီချိုင်းပြတ် ဝတ်ဆင်ထား သည်။ မိုးတဖွဲဖွဲရွာနေသဖြင့် ဖိနပ်စီးလာ ခြင်း မရှိ။ ကျွန်တော်တို့အဖွဲ့ကို ရွာအတွင်း ဦးဆောင် ခေါ်သွားသည်။ ရွာကို တောင်ထိပ် ၌ တည်ထား၍ အတန်ကြာအောင် တောင် ပေါ်သို့ တစ်ဖန်ပြန်တက်ရပြန်သည်။

ခြေထောက်တွေ ကျွတ်ကိုက်

ရွာရောက်တော့ ရွာလူကြီးက အိမ်ပေါ် ထပ်၌ ဧည့်ခံမည်ဖြစ်၍ စီးလာသော တောစီး ဖိနပ်များကို ချွတ်ရပြန်သည်။ ဆရာမများ ကိုယ်လက်သန့်စင် ဆေးကြောကြသည်။

“အဲဒီမှာ လုပ်ကြပါဦး။ ခြေထောက်တွေ မှာ ကျွတ်တွေ တွယ်ထားလို့ လုပ်ကြပါဦး” ဆရာမ နှင်းပွင့်က အော်ဟစ်အကူအညီ တောင်းသည်။ ဒေသခံအမျိုးသမီးတစ်ဦးက ကျွတ်များကို ဆွဲခွာပေးလိုက်သည်။
ခွာလိုက်သောနေရာမှ သွေးများ စီးကျလာသည်။ ထိုဆရာမကိုကြည့်ရင်း ကျွန်တော်လည်း ခြေထောက်ရေဆေးပြီး ဖိနပ်ကို ချွတ်သည်။ ခြေစွပ်အပေါ်မှာ သွေး များပြည့်ပြီး တွဲလောင်းဖြစ်နေသော ပျော့ ပျော့အိအိ ကျွတ်ကြီးတစ်ကောင်က ခြေသလုံးကို အားရပါးရတွယ်ထားသည် ကို တွေ့ရသည်။ ကျွန်တော်လည်း ဖျတ်ခနဲ ဆွဲဖြုတ်လိုက်ရာ အပေါက်ကြီးဖြစ်နေပြီး သွေးများစီးကျနေသည်။ တော်တော်နှင့်ပင် သွေးမတိတ်။

“ဒီအကောင်ကိုက်တာ တစ်ခုတော့ ကောင်းတယ်။ မက်ကလောင် ခြစ်စရာမလို ဘူး” ဟု ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။

ခြေထောက်တစ်ခုလုံး သွေးများဖြင့် ပေကျံနေသည်။ အကိုက်ခံရသောနေရာတွင် သွေးတိတ်အောင် ဖိထားပေးဖို့ ဒေသခံ အမျိုးသမီးတစ်ဦးက စက္ကူလာပေးသည်။ စက္ကူဖြင့် အကိုက်ခံရသောနေရာကို ကြာကြာ ဖိထားလိုက်သည်။ ကျွန်တော်က ကျွတ်ကိုက် နေရာကို ဖိကိုင်ရင်း အိမ်ပေါ်ထပ်သို့ လှေကား အတိုင်း တက်သွားရာ အိမ်ပေါ်ထပ်၌ လီဆူ မိသားစုက ဧည့်ခံလျက်ရှိသည်ကို တွေ့ရသည်။

လီဆူမိန်းမပျိုလေးများ

လီဆူမိန်းမပျိုလေးနှစ်ဦးအား မိသားစုဝင်များက ခြံရံလျက် ဆရာမများနှင့် မီဒီယာ အဖွဲ့အား ဧည့်ခံသည်။ ထိုလီဆူအမျိုးသမီး လေးများမှာ လွန်စွာချောမောကြသူများ မဟုတ်။ အတန်အသင့် ရွက်ကြမ်းရေကျိုအလှ မျိုးဖြစ်သည်။ တောသူတောင်သားများပီပီ ဖီးလိမ်းခြယ်သထားခြင်းမရှိ။ သို့သော် ရေမြေ ကိုလိုက်၍ အသားအရေမှာ ဝင်းဝါစိုပြည်နေ သဖြင့် ကြည့်ကောင်းနေသည်။ ထိုမိန်းမပျို လေးနှစ်ဦးမှာ မီးခိုးတလူလူနှင့် မီးဖိုကြီးဘေး တွင် ဖင်ထိုင်ခုံအသေးလေးများဖြင့် ကျကျနန ထိုင်ပြီး ကျွန်တော်တို့ဧည့်သည်များကို ရေနွေး ကြမ်း၊ ကော်ဖီတို့ဖြင့် ဧည့်ခံသည်။ မိသားစုဝင် များအားလုံးက ၎င်းတို့အား ဝန်းရံထားကြ သည်။ ဤသို့ဧည့်ခံခြင်းမှာ လီဆူတိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှုတစ်ရပ်ဟု ဆိုသည်။

ရိုးရာအစားတစ်မျိုးအဖြစ် ဒေသဆန်နှင့် ပြု လုပ်ထားသောမုန့်ဖြင့် ဧည့်ခံသည်။ ကျွန်တော် တို့ဆီက ပလာတာနှင့်တူသည်။ တစ်ခုစားထား လျှင် အဆာအလွန်ခံသည်ဟု ဆိုသည်။ သို့သော် တစ်ခုကုန်အောင် မနည်းစားရသည်။ ထိုအစားအစာနှင့် ကော်ဖီ၊ ရေနွေးကြမ်းတို့ သုံးဆောင်ပြီး စကားစမြည်ပြောကာ ခရီးဆက် ကြသည်။

ထိုကျေးရွာ၌ အိမ်ခြေ ၁၀ လုံးမျှသာရှိ သည်။ သို့သော် မူလတန်းကျောင်း ရှိသည်။ တောင်ပေါ်ကျေးရွာများသည် မြေပြန့်မှာကဲ့သို့ အိမ်ခြေ ရာနှင့်ချီ၍ မရှိ။ ဆယ်ဂဏန်းမျှသာ ရှိသည်။ စီးပွားရေးမှာလည်း ထူးထူးခြားခြား မရှိ။ အများအားဖြင့် လှေကားထစ်စပါးစိုက် ပျိုးခြင်းနှင့် တောင်ယာစပါးစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်း ကျောင်းပြုကြသည်။ အများ အားဖြင့် ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြ သည့် ကချင်မျိုးနွယ်စု လီဆူနှင့် ရဝမ်တိုင်းရင်း သားများ ဖြစ်ကြသည်။

ဖူးလွမ်းကျေးရွာမှအထွက် တောင်ကျ ရေတံခွန်ငယ်များကို တွေ့ရသည်။ ထိုတောင် ကျရေတံခွန်များမှ ရေအားကို အသုံးပြုကာ အလိုအလျောက် စပါးထောင်းပေးနိုင်သည့် ရေအားစပါးထောင်းမောင်းဆုံများကို တွေ့သည်။ ထိုရေအားမောင်းဆုံများကို ယနေ့ ထက်တိုင် အသုံးပြုနေဆဲဖြစ်ကြောင်း သိရသည်။

ရီဒမ်းကြိုးတံတား

လှပသောတောင်တန်းကြီးများနှင့် လှေ ကားထစ်စိုက်ခင်းများသည် ဖူးလွမ်းကျေးရွာ ကို တစ်မျိုးတစ်ဖုံ အလှတိုးစေသည်။ ထိုကျေး ရွာမှ ထွက်ခွာလာပြီး တစ်နာရီခွဲခန့်အကြာ ရီဒမ်းကြိုးတံတားသို့ ရောက်သည်။ ယင်းကြိုး တံတားသည် ဂျစ်ကားကူးကြိုးတံတားကြီး ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် တိုင်းရင်းသား ကုမ္ပဏီဖြစ်သော လပြည့်ဝန်းသတ္တုတူးဖော် ရေးကုမ္ပဏီက ငွေကျပ် သိန်းပေါင်း ၈၈၅၀ အကုန်အကျခံ ဆောက်လုပ်လှူဒါန်းခဲ့ရာ ၂၀၀၈ ခုနှစ် မေလ ၁၁ ရက်နေ့တွင် ဖွင့်လှစ် ကြောင်း၊ အရှည်အားဖြင့် ပေ ၃၆၀ ရှိကြောင်း၊ ခေါင်လန်ဖူးဒေသသို့ သွားရောက်ရာတွင် ဒေသခံပြည်သူများနှင့် ဝန်ထမ်းများအတွက် အသက်သွေးကြောသဖွယ် အရေးကြီးသော တံတားကြီးဖြစ်ကြောင်း တံတားအနီး ကမ္ပည်း ကျောက်စာတိုင်၌ ရေးသားဖော်ပြထားလေ သည်။ ယင်းတံတားကို ဆောက်လုပ်လှူဒါန်း သောလပြည့်ဝန်းကုမ္ပဏီသည် ယခု မဂွေဇ- ခေါင်လန်ဖူးလမ်းကို ဖောက်လုပ်နေသော ကုမ္ပဏီပင်ဖြစ်သည်။

လှပသောမေခမြစ်ကြီးနှင့် တောတောင် အလှအပများကို ငေးမောရင်း ရီဒမ်းဂျစ်ကား ကူးကြိုးတံတားကြီး ပေါ်မှ ကျွန်တော်တို့ ဖြတ် ကျော်ခဲ့ကြသည်။ ထိုမှတစ်ဖန် ကြမ်းတမ်းလှ သော တောင်တက်ခရီးကြမ်းကို ဆက်ကြပြန် သည်။ ရီဒမ်းကျေးရွာ ရောက်အောင် အတော်ပင် ခရီးနှင်ခဲ့လေပြီ။ ရီဒမ်းကျေးရွာအဝင် ထိုင်စရာနေရာလေး တစ်ခုတွေ့၍ ခဏနားကြသည်။

“ခရီးတွေ အတော်ကြမ်းပါတယ်။ ခြေ ကျင်ခရီးထွက်လာတာ ဒီနေ့ကတော့ ဒုတိယ မြောက်နေ့ပါ။ လမ်းတစ် လျှောက်မှာအလွန် မြင့်တဲ့တောင်ကြီးတွေလည်း တက်ခဲ့တယ်။ ဒီကြားထဲ အထုပ်တွေ အထမ်းတွေပါတော့ တော်တော်လေးကို ပင်ပန်းပါတယ်။ အသက် ထွက်လုမတတ်ပါပဲ။ ရွှံ့အိုင်၊ ဗွက်အိုင်တွေထဲက ကျွတ်ကိုက်တာလည်း မပြောပါနဲ့တော့။ ခြေ ထောက်တွေမှာ သွေးတွေစီးကျနေတာ မြင် မကောင်းပါဘူး။ ဒီလောက်ကြမ်းတဲ့ခရီး တစ်ခါ မှ မကြုံဖူးပါဘူး”ဟု မိုးမောက်မြို့မှ လာရောက် တာဝန်ထမ်းဆောင်သည့် ဆရာမ ဒေါ်စီစီခွန် ထွေးက ပြောသည်။

ဆရာမ ဒေါ်စီစီခွန်ထွေးမှာ ဖြတ်သန်း လာသော ခရီးကြမ်းအကြောင်းကို ပြောပြရင်း မျက်လုံးအိမ်မှ မျက်ရည်များပင် ဝဲလာသည်။ ကျလာတော့မည့် မျက်ရည်စများကို ဘယ် ဘက်လက်အင်္ကျီစနှင့် ဖျတ်ခနဲ ဆွဲသုတ်လိုက် သည်။ ထိုနေရာမှ ခရီးဆက်ကြပြန်သည်။ အချိန်ကား နံနက် ၁၀ နာရီထိုးပြီ။ ရီဒမ်း ကျေးရွာကို မဝင်မီ ကျောင်းကိုတွေ့၍ ဝင်ကြည့် ကြသည်။ ကျောင်းသားအချို့ ကျောင်းထဲ တွင် ထိုင်နေကြသည်။ အချို့ကလေးများမှာ ကျောင်းရှေ့တွင် ဆော့ကစားနေကြသည်။ ဆရာ ဆရာမ ရောက်မလာသေးဟု ဆိုသည်။

“ဒီကျောင်းကို ကျွန်မရောက်လာတာ သုံးရက်ပဲ ရှိသေးတယ်။ ကျောင်းသားဦးရေ တော့ အတိအကျ မသိသေးဘူး။ ၂၀ ကျော် လောက်ပဲ ရှိမယ်ထင်တယ်။ လေးတန်းက တော့ နှစ်ယောက်ပဲရှိတယ်။ ဆရာအစုံအလင် မရောက်ကြသေးဘူး။ စုစုပေါင်း ဆရာ ငါးယောက် လောက်တော့ ရှိမယ်ထင်တယ်” ဟု မြစ်ကြီးနားမြို့မှ လာရောက်တာဝန် ထမ်းဆောင်သည့် ဆရာမ ဒေါ်နွယ်နွယ် ထွန်းက ပြောသည်။ ရီဒမ်းကျေးရွာ အလယ် တန်းကျောင်းခွဲလေးသည် မေခမြစ်နံဘေးတွင် တည်ရှိပြီး အေးချမ်းသာယာလှသော စာသင် ကျောင်းလေးဖြစ်သည်။

ရီဒမ်းကျေးရွာ ဗိုလ်တဲ

ရီဒမ်းကျေးရွာသို့ ဆက်လက်ခရီးထွက် ခွာလာကြရာ နံနက် ၁၁ နာရီခန့်တွင် ရောက် ရှိသည်။ ရွာအဝင်ဝ ဗိုလ်တဲတွင် တစ်ထောက် နားကြသည်။ ဗိုလ်တဲမှာ လမ်းဘေးဈေးဆိုင် အိမ်ဖြစ်၍ ခရီးသွားများ ဝင်ရောက်အနား ယူရာတွင် အဆင်ပြေလှသည်။ တောင် စောင်းဘေးတွင် နေစရာထိုင်ခုံ စားပွဲလေး နှင့် ရေနွေးဓာတ်ဘူးကြီးတစ်လုံးအပြည့် ချထားပေးသည်။ ခရီးပန်းလာသော ဆရာ ဆရာမများ ရေငတ်ငတ်ဖြင့် ရေနွေးကို ပူပူလောင်လောင် တဖူးဖူးမှုတ်သောက်ကြ သည်။ တဝေါဝေါစီးဆင်းနေသော မေခမြစ် ကို ကြည့်ရင်း ရေနွေးပူပူလေးသောက်လိုက် ရသည်မှာ အရသာရှိလှသည်။ မောပန်းလာ သော ခရီးသည် အခိုက်အတန့်အားဖြင့် အမောပြေသွားသည်။

အမောဖြေရင်း ဟိုကြည့် ဒီကြည့် မျက် စိကစားလိုက်သည်။ နေအိမ်များကို တောင် ကမ်းပါးယံတွင် ဆောက်ထားကြသည်။ အိမ် ခြေမှာ မများလှ။ ဆယ်အိမ်ခန့်သာ ရှိမည် ထင်သည်။ ဒေသခံများ၏ အပြောအရ ရီဒမ်း ကျေးရွာသည် ရွှေအလွန်ထွက်ကြောင်း သိရ သည်။ ရွှေကျင်ခြင်းအလုပ်ကို လုပ်ကြသူများ အဖို့ တစ်နေ့ရွေး ၃၀ လောက်အထိ ရရှိနိုင် ကြောင်း သိရသည်။

ရီဒမ်းရွာမှ တဖြည်းဖြည်း ခရီးဆက် ထွက်ခဲ့ကြသည်။ လမ်းခရီးတွင် ပူတာအိုမြို့မှ ဦးနာဂျစ်ကျောင်တူး ဆိုသူနှင့် တွေ့သည်။

“ကျွန်တော်တို့ဒေသမှာက ဆရာ ဆရာမတွေက မမြဲကြဘူး။ ခဏနေလာ ပြန်သွားကြတာများတယ်။ ကလေးတွေက မြန်မာစကားတောင် ကောင်းကောင်းမပြော တတ်ကြပါဘူး။ ဒီလိုနဲ့ပဲ လားမောင်း၊ တောင် ယာလုပ်နဲ့ ဘဝတွေက ဆုံးနေကြတယ်။ အခုလို နိုင်ငံတော်ကနေ ဆရာ ဆရာမတွေ ခန့်ထားပေးလို့ ဝမ်းသာပါတယ်ဗျာ” ဟု ခရီး လမ်းတွင် ဆုံခိုက် ကျွန်တော်တို့အဖွဲ့ လာ ရောက်ရခြင်းအကြောင်းကို မေးရင်း ဦးနာ ဂျစ် ကျောင်တူးက ပြောသည်။

ထိုမှဆက်လက်၍ တဖြည်းဖြည်း တအိ အိ ဆက်လျှောက်လာကြရာ ညနေစောင်း တော့ လော်ဒဲကျေးရွာအနီး လားစခန်းသို့ ရောက်သည်။ ဆရာဂျေရဲဆာနှင့် MRTV အဖွဲ့ သားများ လော်ဒဲကျေးရွာတွင် တာဝန်ကျ သော ဆရာမနှစ်ဦးကို လိုက်ပို့ကြသည်။ လော်ဒဲကျေးရွာတွင် တာဝန်ကျသော ဆရာမ များအား ကျေးရွာအုပ်ချုပ် ရေးမှူးက လာ ရောက်ကြိုဆိုသည်။

လော်ဒဲကျေးရွာတွင် တာဝန်ကျသော ဆရာမများသည် ဆန်တစ်မျိုးသာ ဝယ်စား ရမည်ဖြစ်ကြောင်း၊ ဆန်ကို ဒေသပေါက်ဈေး တစ်ဝက်ဈေးဖြင့် ရောင်းချပေးမည်ဖြစ် ကြောင်း၊ အခြားသော အသီးအရွက်များကို အခမဲ့ပေးမည်ဖြစ်ကြောင်း၊ တောကောင် များ ရှိပါက ဆရာမများအတွက် တစ်ပုံပေးရ မည်ဖြစ်ကြောင်း လော်ဒဲကျေးရွာ အုပ်ချုပ် ရေးမှူးက ပြောသည်။ သို့သော်လည်း ခေါင် လန်ဖူးဒေသသည် ဆန်အလွန်ရှားပါးသည်။ ပူတာအိုတွင် ဆန်တစ်အိတ် ငွေကျပ် ၃၅၀၀၀ ဝန်းကျင်ပေးရသော ဆန်ကို ခေါင် လန်ဖူးဒေသတွင် ကျပ်တစ်သိန်းအထက် ဈေးပေါက်နေသည်။ အစစအရာရာ ခေါင်လန်ဖူး ကုန်ဈေးနှုန်းသည် မြေပြန့် ထက် သုံးဆပိုနေသည်။

လော်ဒဲကျေးရွာမှာ ရဝမ်ထူး လားစခန်း မှ အပေါ်ကို တစ်မိုင်ကျော်တက်ရသည်။ ထိုည လော်ဒဲကျေးရွာ၌ပင် သူတို့အိပ်ကြ သည်။ ကျွန်တော်ကတော့ တောင်အောက် ရဝမ်ထူးချောင်း လားစခန်းက ဈေးဆိုင်၌ပင် ညအိပ်သည်။ လားစခန်းဈေးဆိုင်ဟု ဆို သော်လည်း လော်ဒဲမှ ထလားလော် - ခေါင် လန်ဖူးသို့ သွားရောက်ရာ လမ်းဘေးတွင် ရှိနေ၍ လားသမား၊ ဆိုင်ကယ်သမား ခရီးသွား စုံလင်လှသည်။ လားသမားများ၊ လားများ ပေါ်မှ အထုပ်အပိုး ဝန်စည်စလယ်များ ခဏ ဖြုတ်ချထားပြီး အနားပေးရာနေရာဖြစ်သည်။

လားဈေး

“လားတွေက ဆန်းလွတ်ချက်တောင်ခြေ ရင်းကနေ ခေါင်လန်ဖူးသွားရာ မှာ ဒီနေရာမှာ တစ်ထောက်နားကြ တယ်။ ဒီမှာ မနားဘဲနဲ့ ထလားလော် မှာ နားတာလည်း ရှိတယ်။ လား တစ်ကောင်ကို အချိန် ပိဿာ ၃၀ လောက် တင်နိုင်တယ်။ လားတစ်ကောင်ကို တင်ခ အနည်းဆုံးခရီးတစ်ခု ငွေကျပ် ၅၀၀၀၀ လောက်ပေးရတယ်။ လားဈေးကတော့ နှစ်မျိုး ရှိတယ်။ ပူတာအိုဘက်မှာ သုံးတဲ့လားကတော့ ဈေးနည်းတယ်။ ခြောက်သိန်းလောက်ပဲ ရှိတယ်။ ခေါင်လန်ဖူးမှာသုံးတဲ့ လားတွေက တော့ ဈေးများတယ်။ တစ်ကောင်ကို ငွေကျပ် ၁၅ သိန်း လောက်ရှိတယ်။ တရုတ်လားတွေ၊ အကောင်လည်း ကြီးတယ်။ ကုန်လည်း ပိုတင် နိုင်တယ်” ဟု ထလားလော်ကျေးရွာမှ လားမောင်းဆရာ ကိုအားတီက ပြောသည်။

ထိုနေရာတွင် ဆိုင်ကယ်ကယ်ရီသမား များလည်း ရပ်နားရာနေရာဖြစ်သည်။ ရီဒမ်း ကျေးရွာမှ ခေါင်လန်ဖူးအထိ ဆိုင်ကယ်စီးခ ငွေကျပ် ၈၀၀၀၀ မှ ၁၀၀၀၀၀ အထိ ဈေးရှိ ကြောင်း သိရသည်။ သို့သော် တောင်ဆင်း၊ တောင်တက် ကြမ်းလွန်း၍ အများစုမှာ မစီးရဲ ကြပေ။ ခရီးကို အမြန်သွားလိုသောသူများသာ စီးကြသည်။

ထိုလားစခန်း၌ ကြိုးတံတားတစ်ခုနှင့် လှပသော ချောင်းတစ်ခုရှိသည်။ ကျောက်တုံး ကျောက်ဆောင်များနှင့် ရေတံခွန်ချောင်းမှာ တဝေါဝေါ စီးဆင်းလျက်ရှိသည်။ ထိုရေတံခွန် ချောင်း၌ပင် ခရီးသွားများ ရေချိုးကြသည်။ လားများကို ရေတိုက် အစာကျွေးကြသည်။

ကြိုးတံတား၏ တစ်ဖက်တွင် လိုတရ ဆိုင်ကြီးနှစ်ဆိုင်ရှိသည်။ ဆိုင်ကယ်ပစ္စည်း၊ လားပစ္စည်း၊ တောစီးဖိနပ်၊ စားစရာမုန့်မျိုးစုံ နှင့် အချိုရည်ဘူးများ ရောင်းသည်။ သို့သော် ဈေးအလွန်ကြီးသည်။ မြေပြန့်တွင် ငွေကျပ် ၅၀၀ ဖြင့် ရောင်းသော အချိုရည်ဘူးသည် ထိုဆိုင်များတွင် ငွေကျပ် ၂၀၀၀ ဖြင့် ရောင်းသည်။ ထိုဆိုင်မှမဟုတ် ခေါင်လန်ဖူးဒေသရှိ အခြားသော ဆိုင်များတွင်လည်း ထိုဈေးနှုန်း အတိုင်းပင် ဖြစ်သည်။

ထူးခြားချက်မှာ ထိုဆိုင်များတွင် နားစရာ ခုံတန်းလေးများနှင့် ရေနွေးအဖြူ၊ ရေနွေး ကြမ်းတို့ကို ဓာတ်ဘူးကြီး များဖြင့် ထည့်ထား ပေးလေ့ရှိသည်။ ခရီးဝေးမှလာသော ခရီးသွား များ၊ လားသမားများ၊ ဆိုင်ကယ်ကယ်ရီသမားများ ခဏတာနားခိုရင်း အမောပြေသောက်ရန် ဖြစ်သည်။ ကျွန်တော်တို့ အတွက်တော့ ထိုလားစခန်းလေးသည် အပန်းဖြေစခန်းဖြစ်သည်။ ကြိုးတံတား၊ လှေကားထစ်စိုက်ခင်းများ၊ တောင်တန်းကြီး များနှင့် ရေတံခွန်ချောင်းတို့ သည် အကောင်းဆုံး အပန်းဖြေစခန်းဖြစ်သည်။

ညနေပိုင်းတွင် ရေတံခွန်ချောင်းအတွင်း ရေခဲငါးဖမ်းကြသူများ၊ ရေခပ် ရေချိုးသူများ၊ လားရေတိုက်သူများဖြင့် စည်ကားလျက်ရှိ သည်။ အနီးအနားကျေးရွာများမှ ဈေးဆိုင် လာရောက်ဖွင့်လှစ်သော ခေါင်လန်းဖူး ဒေသ သမီးပျိုလေးများကိုလည်း ထိုရေတံခွန်ချောင်း အတွင်း ညနေရေခပ်ဆင်းချိန်၌ တွေ့ရလေ့ ရှိသည်။ လုံးစမ်းဝမ်ကျေးရွာသူများဖြစ် ကြောင်း သိရသည်။

ခေါင်လန်ဖူးဒေသ သမီးပျိုလေးများမှာ တောတောင်များတွင် နေထိုင်ကြရသည့်တိုင် တောသူများနှင့် မတူကြပေ။ မြို့ကြီးသူများ ကဲ့သို့ ချောမောလှပကြသည်ကို သတိပြုမိ သည်။ တောင်တန်းနေသူများဖြစ်၍ မိန်းမ ပျိုလေးများသည် ပိန်ပိန်ပါးပါး၊ အသား ဖြူဖြူ၊ ကျစ်ကျစ်လျစ်လျစ်ရှိလှသည်။ ရာသီ ဥတုသည် အေးမြသော သဘောရှိ၍ အသား အရေမှာ စိုပြည်လှပနေကြသည်။

ဈေးဆိုင်ကြီးတစ်ဆိုင်၌ ဈေးရောင်း နေသူတစ်ဦးမှာ လုံးစမ်းဝမ်ကျေးရွာမှ လီဆူ တိုင်းရင်းသူလေး တစ်ဦးဖြစ်သည်။ သူက ခေါင်လန်ဖူးတွင် တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ယူခဲ့ကြောင်း၊ ပညာသင်တစ်ပိုင်း တစ်စဖြင့် ကျောင်းထွက်ခဲ့ရကြောင်း၊ သူ့လို ပင် ကျောင်းရပ်နားခဲ့ရသော ကျောင်းသူ ကျောင်းသား အများအပြားရှိကြောင်း သိရသည်။

ခေါင်လန်ဖူးမြို့နယ်တွင် တက္ကသိုလ် ဝင်တန်းအောင်ချက် သုညဖြစ်ခဲ့သည်မှာ ပြီးခဲ့သည့် စာသင်နှစ်အပါအဝင် ကိုးနှစ် ဆက်တိုက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ခေါင်လန်ဖူး စာစစ်ဌာနမှ အောင်မြင်သော ကျောင်းသား ကျောင်းသူ ကိုးနှစ်အတွင်း တစ်ဦးတစ် ယောက်မျှ မရှိကြောင်း သိရလေသည်။ ။

မြင့်မောင်စိုး

No comments:

Post a Comment