Tuesday, October 29, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ ဂျပန်နိုင်ငံရှိ တိုဟို စတူဒီယို၊ ရုပ်ရှင်သင်တန်း ကျောင်းနှင့် ရုပ်ရှင်အမျိုးသား မော်ကွန်းတိုက် များတွင် ကြည့်ရှုလေ့လာ


တိုကျို အောက်တိုဘာ ၂၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီတွင် တိုကျိုမြို့ရှိ တိုဟိုစတူဒီယိုသို့ သွားရောက်ပြီး ရုပ်ရှင်ဇာတ်ကားများ ထုတ်လုပ်ရန် ကြိုတင် ပြင်ဆင်မှုမှ စ၍ ထုတ်လုပ်ပြီးချိန်အထိ လုပ်ငန်းစဉ်များကိုလေ့လာကြသည်။

တိုဟိုစတူဒီယိုသည် ၁၉၃၄ ခုနှစ်မှစ၍ တိုဟိုရုပ်ရှင်ထုတ်လုပ်မှု လုပ်ငန်း အဖြစ် ပေါ် ပေါက်ခဲ့ ရာမှ တီထွင်ဆန်းသစ်မှုများဖြင့် အစဉ်တစိုက်ဆောင် ရွက် ခဲ့ရာ ယနေ့အချိန်တွင် ဂျပန်နိုင်ငံ ၏ အကြီးဆုံး အသံသွင်းလုပ်ငန်း နှင့် ခေတ်မီထုတ်လုပ်ရေး စင်တာကြီးအဖြစ် ရပ်တည်လျက်ရှိ ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂျပန်ရုပ်ရှင်သင်တန်း ကျောင်း (Japan Institute of the Moving Image) သို့သွားရောက်ကြ ပြီး ရုပ်ရှင်သမိုင်းနှင့် ယဉ်ကျေးမှု၊ သီအိုရီနှင့် ဘာသာ ရပ်များ သင်ကြားပို့ ချ မှုနှင့် လက်တွေ့ ဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာကြသည်။
အဆိုပါ ရုပ်ရှင်သင်တန်းကျောင်းသည် ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး ကဏ္ဍ တွင် တစ်ဦးချင်း မှစ၍ စွမ်းဆောင်ရည်တိုးမြှင့်စေရန်၊ နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရေးကို အားပေးမြှင့်တင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ရုပ်ရှင်သရုပ်ဖော်ပညာနှင့် မှတ်တမ်းတင်ခြင်း၊ ရိုက်ကူးခြင်း၊ အသံဖမ်းခြင်း နှင့် တည်းဖြတ်ခြင်း၊ ကျိုးကြောင်းဆက်စပ်၍ ဇာတ်ညွှန်းရေးသားခြင်း ဘာသာရပ် (၃) ခုကို လေးနှစ် ကြာ ဆက်နွယ်သင်ကြားပို့ချမှုဖြင့် ဘွဲ့ဒီဂရီ ပေးအပ်လျက်ရှိကြောင်းသိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂျပန်နိုင်ငံရုပ်ရှင်အမျိုးသား မော်ကွန်းတိုက် (National Film Archive of Japan) သို့ ရောက်ရှိပြီး ရုပ်ရှင်ဇာတ်လမ်း၊ ဇာတ်ညွှန်းမူရင်းများ၊ ရုပ်ရှင်ပိုစတာမူရင်းများ၊ ရိုက် ကွင်းမှတ်တမ်းဓာတ်ပုံများ၊ ရုပ်ရှင်ကင်မရာများ၊ ရုပ်ရှင် သရုပ်ဆောင် များ၏ ကိုယ်ရေးအချက်အလက်များ၊ ရုပ်ရှင်ဇာတ်ကားများတွင် အသုံးပြု ခဲ့ သည့် ဆက်စပ်ပစ္စည်း များ၊ သမိုင်းဝင်ယဉ်ကျေးမှုလက်ရာ ရုပ်ရှင်ဇာတ် ကားများ စုစည်းပြသထားမှုကို ကြည့်ရှုလေ့လာကြ သည်။
ယင်းမော်ကွန်းတိုက်သည် ယခင်အမျိုးသားရုပ်ရှင်ဗဟိုဌာန (National Film Center) ဖြစ် ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ခေတ်မီအနုပညာ အမျိုးသားပြ တိုက် (National Museum of Modern Art) အဖြစ် အဆင့်မြှင့်တင်ခဲ့ ခြင်း ဖြစ်ကြောင်း၊ ရုပ်ရှင်ဇာတ်လမ်း လေးသောင်းခန့်နှင့် အခြား အနုပညာ ပစ္စည်း များ စုစည်းပြသထားသည့် လွတ်လပ်သော လူထုအခြေ ပြုဌာနတစ်ခု ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)

No comments:

Post a Comment