Tuesday, October 29, 2019

ASEAN-ERAT အဖွဲ့၏ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှု အစီရင်ခံစာပါ အကြံပြုချက်များ အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်းသည့်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပ


နေပြည်တော် အောက်တိုဘာ ၂၉
ASEAN-ERAT အဖွဲ့၏ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာမှု အစီရင် ခံစာပါ အကြံပြုချက်များအား အကောင်အထည်ဖော်ရေး အတွက် နည်း ပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရခိုင်ပြည်နယ်အတွင်း ပူးတွဲဆန်းစစ်ချက်နှင့် ပြည်တွင်းနေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများပိတ်သိမ်း ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာတို့ကို အတည်ပြုနိုင်ခဲ့ ပါကြောင်း၊ နောက်ဆက်တွဲအနေဖြင့် ဆက်လက်အကောင်အထည်ဖော်ရ မည့်လုပ်ငန်းများအပြင် UNDP နှင့် UNHCR တို့နှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် နားလည်မှုစာချွန်လွှာအရ ဆောင်ရွက်လျက်ရှိ သည့် စီမံကိန်းများလည်းရှိပါကြောင်း၊ ထို့ကြောင့် ကနဦးလိုအပ်ချက်ဆန်းစစ် လေ့လာမှုအစီရင်ခံစာပါ ဦးစားပေးစီမံကိန်းများကို ရွေးချယ်ရာတွင် လက်ရှိဆောင်ရွက်ဆဲစီမံကိန်းများနှင့် ထပ်မနေစေရန် စနစ်တကျစိစစ် ဆောင်ရွက်ရမည်ဖြစ်ပြီး လက်ရှိလိုအပ်ချက်များကို အထိရောက်ဆုံး ဖြည့်ဆည်းပေးနိုင်ရန်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ယနေ့အစည်းအဝေးတွင် ၂၀၁၇ ခုနှစ်ကစတင်ခဲ့သည့် ပဋိပက္ခများ ကြောင့် မိမိတို့အနေဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရပါကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကပင် မိမိတို့အတွက် အတွေ့အကြုံမျိုးစုံကို ရရှိခဲ့ပြီး ယင်းစိန်ခေါ်မှုများကြောင့်ပင် မိမိတို့အနေဖြင့် အတူတကွ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပြီး မိမိတို့ကို ပိုမိုကြံ့ခိုင်လာစေခဲ့ပါကြောင်း၊ လိုအပ်ပါက အိမ်နီးချင်းများ၏ အကူအညီကိုပါ ရယူရပါကြောင်း၊ ရခိုင်အရေးကိစ္စ သည်လည်း ထိုနည်းတူပင်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးကို အမျိုးသားရေးအဖြစ် အလေးထားဆောင်ရွက်လျက်ရှိရာ ပံ့ပိုးကူညီ ကြသည့် မိတ်ဖက် နိုင်ငံများနှင့် အာဆီယံတို့ကို အထူးကျေးဇူးတင်ရှိ ပါကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်(၃၀) ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် နည်းပညာလုပ်ငန်း အဖွဲ့ အစည်းအဝေးအရ သက်ဆိုင် သည့် ဌာနအသီးသီးက ဦးစားပေးလုပ်ငန်းများကို အဆိုပြုတင်ပြ ထားပြီးဖြစ်ရာ ယနေ့အစည်းအဝေးတွင် အသေးစိတ်လုပ်ငန်းစဉ်များနှင့် အကောင်အထည်ဖော်မည့် Timeline အစီအစဉ်များကိုလည်း ဆွေးနွေး အတည်ပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း။
ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ လက်ရှိအချိန်အထိ တစ်ဖက်နိုင်ငံမှ မိမိအစီ အစဉ် ဖြင့် ပြန်လည်ဝင်ရောက်လာသူစုစုပေါင်း (၃၆၀)ကျော်ကို လက်ခံရရှိပြီး ၎င်းတို့အတွက် နိုင်ငံသားစိစစ်ရေးလုပ်ငန်း များ၊ လူသားချင်းစာနာထောက်ပံ့မှုလုပ်ငန်းများနှင့် ပြန်လည်နေရာချ ထားရေးလုပ်ငန်းများကို မိမိတို့ဘက်မှ ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ပေါင်းစပ်ညှိနှိုင်းရေးအစည်းအဝေးကို ဆောင်ရွက်ခဲ့ပြီး ပဋိပက္ခများကြောင့် မိမိတို့ နေအိမ်များကို စွန့်ခွာကြ သော်လည်းတစ်ဖက်နိုင်ငံသို့ ထွက်ခွာခြင်းမရှိသူများအား မူလနေရပ် ဒေသများတွင် ပြန်လည်နေရာ ချထားပေးနိုင်ရေးအတွက် နေအိမ်များပြန် လည်ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်းနှင့် အခြားသောလိုအပ်ချက် များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်စီမံဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့အနေဖြင့် အာဆီယံသို့ အဆိုပြု မည့်စီမံကိန်းများတွင် ယင်းကိစ္စကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်စေ လိုပါကြောင်း ပြောကြားသည်။
ထို့နောက် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ဝင်များက သက်ဆိုင်သည့် ကဏ္ဍအလိုက် အဆိုပြုစီမံကိန်းများကို ဆွေးနွေးတင်ပြကြရာ အာဆီယံ ဘက်မှ သိရှိလိုသည်များကို မေးမြန်းကြပြီး နည်းပညာဆိုင်ရာလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာကိုကိုနိုင်က လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ပေးသည်။
ဒုတိယအကြိမ် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးတွင် ဦးစားပေးစီမံကိန်း (၇)ခုအား ပထမအဆင့်အဖြစ် ရွေးချယ်သတ်မှတ်ခဲ့ပြီး စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment