နေပြည်တော် အောက်တိုဘာ ၁၇
မြန်မာနိုင်ငံရှိ လူငယ်ရုက္ခဗေဒပညာရှင်များနှင့် သစ်တောပညာရှင်များ၏ အရည်အသွေး မြှင့်တင်ရေးအတွက် စစ်ဆောင်ပနား အပူပိုင်းရုက္ခဗေဒ ဥယျာဉ် (Xishuangbanna Tropical Botanical Garden- XTBG)နှင့် သစ်တောသုတေသနဌာနတို့ ပူးပေါင်း၍ တတိယအကြိမ် အပင်မျိုး ခွဲခြားခြင်းနှင့် သစ်တောအုပ်ချုပ်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ Grand Amara Hotel အင်းဝခန်းမ၌ ကျင်းပသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် စစ်ဆောင်ပနား အပူပိုင်းရုက္ခဗေဒဥယျာဉ်တို့သည် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နားလည်မှု စာချွန်လွှာရေးထိုးခဲ့ပြီး အဆိုပါကာလအတွင်း နှစ်နိုင်ငံပူးပေါင်း၍ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်း နှင့် သုတေသနလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရလဒ်ကောင်း များရရှိခဲ့သည်။ သို့ပါ၍ ၂၀၁၆ ခုနှစ် မတ် ၂၅ ရက်တွင် (၅)နှစ်ကြာ သက်တမ်းရှိသော နားလည်မှုစာချွန်လွှာသစ်ရေးထိုး၍ သုတေသန လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ခဲ့သည်။ စီမံကိန်းကာလသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်ထိဖြစ်ပြီး စီမံကိန်းလုပ်ငန်းစဉ်များတွင် ဇီဝမျိုးစုံမျိုးကွဲ နှင့် ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ သုတေသနလုပ်ငန်း၊ နည်းပညာ အသုံးချခြင်း၊ လူသားအရင်းအမြစ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသည် အရေးကြီးသော အစိတ်အပိုင်းများအဖြစ် ပါဝင်နေကြောင်း သိရသည်။
ထို့ကြောင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အထက်ဖော်ပြပါစီမံကိန်း၏ လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ဤသင်တန်းကို ကျင်းပရခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် မှတ်တမ်းတင်ထားရှိသော အပင်မျိုးစိတ်ပေါင်း ၁၁၈၀ဝ ကျော်ရှိပြီး ယခုကဲ့သို့ အပင်မျိုးခွဲခြားခြင်း နှင့် ပတ်သက်သော သင်တန်းများပေးခြင်းအစရှိသော ပူးပေါင်းဆောင်ရွက်မှုများကြောင့် အပင်မျိုးစိတ်မှတ်တမ်းအသစ်များ၊ အပင်မျိုးစိတ်အသစ်များ ထပ်မံရှာဖွေတွေ့ရှိနိုင်ရန် ရည်ရွယ်၍ ဤသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်သည်။
သင်တန်းတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က အမှာစကားပြောကြားပြီး သင်တန်းသို့ သစ်တောဦးစီးဌာန၊ ပညာရေးဌာနနှင့် စိုက်ပျိုး ရေးဦးစီးဌာနတို့မှ သင်တန်းသား (၃၆) ဦးတက်ရောက်ကြသည်။ အဆိုပါသင်တန်းကို အောက်တိုဘာ ၁၆ ရက်မှ ၂၅ ရက်အထိ (၁၀)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment