Friday, October 18, 2019

အမျိုးသားပို့ဆောင်မှုလွယ်ကူချောမွေ့စေရေး ကော်မတီ၏ ဆဋ္ဌမအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၇

အမျိုးသားပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးကော်မတီ၏ ဆဋ္ဌမ အကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး ကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာအရ ကနဦး နယ်စပ် ဖြတ်ကျော်ပို့ဆောင်မှုလုပ်ငန်းများကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် စတင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြဝတီမြို့ရှိ နယ်စပ် စစ်ဆေးရေးစခန်းတွင် တာဝန် ထမ်းဆောင်မည့်ဌာနများ၏ လုပ်ငန်းဆိုင်ရာများအသင့်ဖြစ်မှု၊ ဆက်သွယ်ရေး Cable လိုင်းများ တပ်ဆင်ထားရှိ မှု၊ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတား ဖွင့်ပွဲအခမ်းအနားအပြီး နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေး စတင် ဆောင်ရွက်ရန်ရှိမှု၊ နှစ်နိုင်ငံ အကြား ခွင့်ပြုထားသည့် လမ်းကြောင်း တစ်လျှောက်တွင် လမ်းအမှတ် အသားများ တပ်ဆင်ပြီးစီးမှု၊ သက်ဆိုင်ရာ ဌာနအသီးသီး၏ Website များတွင် နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး လုပ်ငန်းဆိုင်ရာ သတင်း အချက်အလက်များ လွှင့်တင်ထားရှိမှုအခြေ အနေများကို ရှင်းလင်း ပြောကြားပြီး လုပ်ငန်း လိုအပ်ချက်များကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ အမျိုးသား ပို့ဆောင်မှုလွယ်ကူချောမွေ့စေရေးကော်မတီ (NTFC) အဖွဲ့ဝင်များဖြစ်သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်များနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment