Friday, October 18, 2019

အာဆီယံဒေသတွင်း စီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ ဥရောပသမဂ္ဂ၏ အထောက်အပံ့ အစီအစဉ် အရ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ ARISE PLUS Myanmar စီမံကိန်း မိတ်ဆက်အခမ်းအနားကျင်းပ


နေပြည်တော် အောက်တိုဘာ ၁၈
ဥရောပသမဂ္ဂ၏ အာဆီယံဒေသတွင်း စီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အထောက်အပံ့ အစီအစဉ် အောက်မှ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေး အထောက်အပံ့ဖြစ်သော ARISE Plus Myanmar Trade-Related Assistance Project (ARISE Plus Myanmar) စီမံကိန်း မိတ်ဆက်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ စီမံကိန်း (၄) နှစ် တာကာလအတွင်း ကုန်သွယ်မှုအမျိုးအစားများ ကွဲပြားစွာ ဆောင်ရွက်နိုင်ရေး နှင့် ပေါင်းစည်းဆောင်ရွက်နိုင်ရေး ရည်ရွယ်ကာ အာဆီယံဒေသတွင်းနိုင်ငံများ၊ ဥရောပသမဂ္ဂနှင့် နိုင်ငံ တကာဈေးကွက်သို့ ဝင်ရောက်နိုင်စေရေး ထုတ်လုပ်မှုတန်ဖိုး ကွင်းဆက်များ၏ ဈေးကွက် တွင် လိုအပ်မှုများကို ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း၊ အရည်အသွေး ပြည့်မီသည့် တန်ဖိုးမြှင့်ပို့ကုန်များကို ပြည်ပဈေးကွက်သို့ တိုးချဲ့တင်ပို့သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Kristian Schmidt နှင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (International Trade Center-ITC) မှ အမှုဆောင် ညွှန်ကြားရေးမှူး Ms. Maria Aranzazu Gonzalez တို့က အမှာစကားပြောကြားကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနမှ Senior Trade Promotion Officer (Project Officer) ဖြစ်သူ Ms. Sylvie Betemps Cochin က ARISE Plus Myanmar စီမံကိန်းနှင့် စပ်လျဉ်း၍ စီမံကိန်းအကြောင်းအရာ၊ ရည်ရွယ်ချက်၊ စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများနှင့် မျှော်မှန်းရလဒ်များအား မိတ်ဆက်ပြောကြားသည်။
ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုသက်နှင်းက မြန်မာ နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan) အား အကောင်အထည်ဖော်ဆောင်နိုင်ရေး ARISE Plus Myanmar စီမံကိန်းမှ ပံ့ပိုးသွားမည့် လုပ်ငန်းစဉ်များနှင့် MSDP နှင့် ARISE Plus Myanmar စီမံကိန်းတို့၏ ချိတ်ဆက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး ကုန်သွယ်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလေး က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ဥရောပသမဂ္ဂမှ ကိုယ်စားလှယ်များ၊ အခြားဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၊ စီမံကိန်းအတွက် ခန့်အပ်ထားသည့် ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ဆက်စပ်အသင်းအဖွဲ့အစည်း များ နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်သည်။
ARISE Plus Myanmar စီမံကိန်းကို ၂၀၁၉ ခုနှစ် ဇူလိုင်လမှ ၂၀၂၃ ခုနှစ် ဇွန်လ အထိ လေးနှစ်ကြာ ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းအတွက် ယူရို ၈ သန်းကို ဥရောပသမဂ္ဂက ထောက်ပံ့ခြင်း ဖြစ်သည်။ စီမံကိန်းကို နိုင်ငံတကာ ကုန်သွယ်မှု ဗဟိုဌာန (Interantional Trade Centre - ITC) က အကောင် အထည်ဖော်ဆောင် ရွက်လျက်ရှိပြီး အစိုးရမိတ်ဖက် အဖွဲ့အစည်းအဖြစ် ကုန်သွယ် ရေးဦးစီး ဌာနက ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လေးနှစ် စီမံကိန်းသည် ကုန်သွယ်မှု အမျိုးအစားများကွဲပြားစွာ ဆောင်ရွက်နိုင်ရေးနှင့် ပေါင်းစည်း ဆောင်ရွက်နိုင်ရေးတို့ကို ပံ့ပိုးပေး၍ ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက် နိုင်စေရေးအတွက် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ထုတ်လုပ်မှုတန်ဖိုး ကွင်းဆက်များ၏ ဈေးကွက်ဝင် လိုအပ်မှုများကိုလည်း ဖြည့်ဆည်းပေးသွား မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် Component ၃ ခု ထဲမှ ရွေးချယ်ထုတ် လုပ်မှု တန်ဖိုးကွင်းဆက်များအဖြစ် Value-Chain Component အောက်တွင် ဆီနှင့် ဆီထွက် သီးနှံများ၊ ပဲအမျိုးမျိုး၊ ပျားရည်၊ ဥယျာဉ်ခြံထွက် သီးနှံ များဖြစ်သည့် ထောပတ်သီး၊ ကျွဲကော သီး၊ နာနတ်နှင့် ကြက်သွန်ဖြူတို့ကို လည်းကောင်း၊ SPS Component အောက်တွင် ပျားရည်၊ ဥယျာဉ် ခြံထွက်သီးနှံ၊ ကော်ဖီ၊ လက်ဖက်တို့ကိုလည်းကောင်း ရွေးချယ်ထားပြီး အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများက အာဆီယံဘုံ စီးပွားရေး၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ဈေးကွက်များထံမှ အကျိုးအမြတ် အခွင့်အလမ်းများ ရရှိခံစားနိုင်စေရန်အတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ ရွေးချယ်ထုတ်လုပ်မှုတန်ဖိုး ကွင်းဆက်များ အတွက် အာဆီယံနှင့် နိုင်ငံတကာ ကတိကဝတ်များနှင့်အညီ ပိုးမွှားကင်းစင်ရေး စည်းမျဉ်းများ၊ ထိန်းချုပ်မှု စနစ်များနှင့် အရည်အသွေးများ တိုးတက်ရေးကို ထောက်ပံ့ပေးခြင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ ကတိကဝတ်များကို လိုက်ပါ ဆောင်ရွက်နိုင်ရေးနှင့် ထုတ်လုပ်မှု တန်ဖိုး ကွင်းဆက်များ တစ်လျှောက်ရှိ အကောက် ခွန်မဟုတ်သည့် အတားအဆီးများကို ဖြေရှင်းနိုင် ရေးအတွက် ကုန်သွယ်မှုမူဝါဒ ချမှတ်ခြင်းနှင့် အကောင်အထည် ဖော်ခြင်းတို့ကို ဆောင်ရွက် ရာတွင် ပိုမိုအားကောင်းလာစေခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယခုစီမံကိန်းသည် အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုများပြားလာစေရေး ကိုလည်း အားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်အား မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Kristian Schmidt နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာန (International Trade Center - ITC) မှ အမှုဆောင် ညွှန်ကြားရေးမှူး Ms.Arancha Gonzalez ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ Park Royal Hotel ရှိ ဧည့်ခန်းမဆောင်၌ လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း အောက်မှ ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များက နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရေး နိုင်ငံတကာ ကုန်သွယ်မှု ဗဟိုဌာနက ကူညီဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment