Tuesday, October 29, 2019

AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသူများအနက်မှ ရဲတပ်ဖွဲ့ဝင်တစ်ဉီး ထပ်မံတွေ့ရှိ ကယ်တင်

နေပြည်တော် အောက်တိုဘာ ၂၈ 

AA အဖွဲ့က အောက်တိုဘာ ၂၆ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားသူများ အနက်မှ ရဲတပ်သား စိုင်းနိုင်အောင်အား ကျောက်တန်းကျေးရွာ၏ တောင်ဘက် မီတာ ၁ဝဝ ခန့်၌ တပ်မတော် ရှာဖွေကယ်ဆယ်ရေး စစ်ကြောင်းများက ထပ်မံတွေ့ရှိ ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။


ရဲတပ်သား စိုင်းနိုင်အောင် အပါအဝင် ပြန်လည်လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ အောက်တိုဘာ ၂၆ ရက်တွင် စစ်တွေမြို့ ရွှေနဒီ အမြန်ရေယာဉ်ဖြင့် ဘူးသီးတောင်သို့ သွားရောက်ရန် တပ်မတော်အရာရှိ ၁ ဦးက၎င်း၏အမည်၊ ရာထူးဖော်ပြ၍ လက်မှတ် ဝယ်ယူရာမှစတင်၍ သတင်း ပေါက်ကြားမှု ဖြစ်ပွားခဲ့ပြီး ရေမျက်ကျေးရွာ (ရွာဟောင်း) အနီးတွင် AA အဖွဲ့က ရေယာဉ်အား ရပ်တန့်၍ ပါရှိလာသည့် ခရီးသည်များထဲမှ လက်မှတ် ဝယ်သည့် အရာရှိအမည်အား ခေါ်ဆို၍ ၎င်းအရာရှိနှင့် ခရီးသည် အချို့ကို ဦးစွာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း။

ကျန်ရှိသည့် ခရီးသည်များအား ငစံဘော်ချောင်းဘေးအတိုင်း ရေမျက်ကျေးရွာ (ရွာသစ်) အနီး ကမ်းနားသို့ ခေါ်ဆောင်သွားခဲ့ပြီး စက်လှေ ၃ စင်းဖြင့် ခရီးသည်အချို့အား ကျောက်တန်း ကျေးရွာ ဘက်သို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း၊ စက်လှေလုံလောက်မှုမရှိ၍ AA အဖွဲ့အချို့နှင့် ခရီးသည် အချို့မှာ အဆိုပါ ကမ်းစပ်နား၌ စောင့်ဆိုင်းနေစဉ် ရဲတပ်သား စိုင်းနိုင်အောင် အပါအဝင် ငါးဦးအား ကြိုးဖြင့်တုပ်၍ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး ရေထဲသို့ ပစ်ချခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ရဲတပ်သား စိုင်းနိုင်အောင်မှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိခဲ့ပြီး ရေထဲသို့မျောပါသွားခဲ့ကာ ကျောက်တန်းကျေးရွာအနီးသို့အရောက် တပ်မတော်၏ရှာဖွေ ကယ်ဆယ်ရေး စစ်ကြောင်းများနှင့် တွေ့ရှိခဲ့သဖြင့် ယခုကဲ့သို့ လွတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

တပ်မတော်အနေဖြင့် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများအား ဝေဟင်မှ ရဟတ်ယာဉ်များက လည်းကောင်း၊ မြေပြင်ရှိ တပ်မတော်စစ်ကြောင်းများ ကလည်းကောင်း ပေါင်းစပ်ညှိနှိုင်း၍ အမြန်ဆုံး ကယ်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်ထိ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားသူများ အနက် ၁၅ ဦးအား ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ကျန်ရှိနေသူများအားလည်း အမြန်ဆုံး ပြန်လည် ကယ်တင်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် သတင်းပေါက်ကြား မှုနှင့် ပတ်သက်၍ ရွှေနဒီ အမြန် ရေယာဉ်လိုင်းအား လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

သတင်းစဉ်

No comments:

Post a Comment