ပြည်တွင်းငြိမ်းချမ်းရေး သမိုင်းစာမျက်နှာသစ်အတွက် ပြည်ထောင်စု
ငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစု ပင်လုံ အစည်းအဝေးများကို
သုံးကြိမ်ကျင်းပခဲ့ပြီး ဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)
ရာစုပင်လုံ ပထမအစည်းအဝေးကို ၂၀၁၆ ခုနှစ် ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ
ကျင်းပခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစုပင်လုံ
ဒုတိယအစည်းအဝေးကို ၂၀၁၇ ခုနှစ် မေ ၂၄ ရက်မှ ၂၉ ရက်အထိကျင်းပခဲ့ပြီး
ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်း (၁) အဖြစ် ဖက်ဒရယ်ဆိုင်ရာအခြေခံမူ
၃၇ ချက်ကို ညီလာခံတွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးကို ၂၀၁၈
ခုနှစ် ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့ပြီး
ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း (၂)အဖြစ် ဖက်ဒရယ်ဆိုင်ရာအခြေခံမူ
၁၄ ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် စုစုပေါင်း ဖက်ဒရယ်ဆိုင်ရာ
အခြေခံမူ ၅၁ ချက်ရရှိခဲ့ပြီး ဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး
ညီလာခံ - (၂၁)ရာစု ပင်လုံတတိယ အစည်းအဝေး အပြီးတွင် နိုင်ငံရေး
ဆွေးနွေး ပွဲများ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လုပ်ငန်းစဉ်များနှင့်
စပ်လျဉ်းပြီး ပြန်လည်သုံးသပ်ခြင်း၊ ပြန်လည် ဆွေးနွေးခြင်း၊
ဘုံနားလည်မှုရှာဖွေခြင်းများအတွက် တွေ့ဆုံဆွေးနွေးမှု ကြိမ်ဖန်များစွာ
ပြုလုပ်ကာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်း
အဝေးကျင်းပ နိုင်ရန် ဆောင်ရွက် လျက် ရှိသည်။
ယနေ့တွင် တစ်နိုင်ငံလုံး
ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၄)နှစ်မြောက်
နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ရာ ပြည်သူများ၏
အနာဂတ်မျှော်လင့်ချက် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအတွက် အကောင်အထည်
ဖော်ဆောင်နေမှု များနှင့် စပ်လျဉ်း၍ ပါဝင်တက်ရောက်ကြသူများ၏ စကားသံများကို
စုစည်းဖော်ပြအပ်ပါသည် -
ဦးလှမောင်ရွှေ
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု
ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင်
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု
ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင်
NCA ကို လွယ်လွယ်ကူကူရခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသား
ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရေးပါတဲ့
နေရာမှာရှိတယ်။ အဲဒီတော့ အခု ကျွန်တော်တို့ NCA လမ်းကြောင်း အတိုင်း
ဆက်ပြီးဆောင်ရွက်နေတယ်။ အခု ကျွန်တော်တို့ NCA မှာ ပြဋ္ဌာန်းထားတဲ့
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကိုလည်း ဆောင်ရွက်နေဆဲဖြစ်တယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုလည်း ကျွန်တော်တို့ ကျင်းပခဲ့တယ်။
သိပ်မကြာခင် ကာလမှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ
စတုတ္ထအစည်း အဝေးကို ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ အောက်တိုဘာလ ၂၅ ရက်နေ့မှာ
ဒီအစည်းအဝေးပွဲအကြို JICM ရဲ့ အစည်းအဝေးတွေကို လုပ်ခဲ့တာရှိပါတယ်။
ဒီနေ့ အခမ်းအနားပြီးရင်လည်း တိုင်းရင်း သားအဖွဲ့အစည်းတွေအနေနဲ့
နိုင်ငံတော်က တာဝန်ရှိတဲ့ သူတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ NCA
လမ်းကြောင်းအတိုင်း အောင်မြင်တဲ့အထိ ဆက်ပြီး လျှောက်လှမ်း သွားရမှာပါ။ NCA
ရဲ့ လမ်းပြမြေပုံ ခုနစ်ခုရှိတဲ့အထဲမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး
ညီလာခံတွေ ကျင်းပပြီး အဲဒီကနေ နိုင်ငံရေးသဘော တူညီချက်တွေ
ရရှိအောင်လုပ်မယ်။ ပြီးရင် အဲဒါတွေ ကိုဆက်ပြီးတော့ အကောင် အထည်ဖော် မယ်။
မူအားဖြင့်တော့ ဒီမိုကရေစီနဲ့ဖက်ဒရယ် ပြည်ထောင်စုကို ဆွေးနွေးပွဲရလဒ်နဲ့အညီ
ဆက်ပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်တယ်။ ဒီနေ့ကျင်းပတဲ့ NCA နှစ်ပတ်လည်ကတော့
ယုံကြည်မှု တည်ဆောက်တဲ့ လုပ်ငန်းစဉ်ထဲက တစ်ခုပါပဲ။ အစိုးရ၊ တပ်မတော် အပြင်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်ကလည်း ယုံကြည်မှုတည်ဆောက်ပြီး
ဆက်သွားရမယ်။ ဒီခရီးကိုစိတ်ရှည်သည်းခံ ပြီးတော့ အချိန်တစ်ခုပေးရမယ်။
အရေးကြီး ဆုံးကတော့ ယုံကြည်မှု ရှိရမယ်။ အဲဒီတော့
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အောင်မြင် အောင် ဝိုင်းဝန်း ကူညီပေး ကြဖို့
ဒီနေရာကနေ မေတ္တာရပ်ခံလိုပါတယ်။
ကျွန်တော်တို့ အလုပ်အမှုဆောင်
အဖွဲ့တွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ ကတော့ လာမယ့် နှစ်ဦးပိုင်း ဇန်နဝါရီလ၊
ဖေဖော်ဝါရီ လမှာ ညီလာခံကျင်းပဖို့ အဆိုပြုထားတာ ရှိတယ်။ ပြီးခဲ့တဲ့
အောက်တိုဘာလ ၂၅ ရက် က NRPC မှာလုပ်တဲ့ အကြိုဆွေးနွေးပွဲမှာတော့ အားလုံး
သဘောတူထားတယ်။ ဘယ်တော့လောက် လုပ်မလဲဆိုတာကို ပြန်ညှိ ရဦးမယ်။ ပြီးရင်
နိုင်ငံရေးပါတီတွေဘက်က လည်း ၂၄ ပါတီရှိတဲ့အတွက် သူတို့ဘက်မှာလည်း
ပြန်ညှိရမယ်။ မနှစ်က NCA နှစ်ပတ်လည် လုပ်ပြီးတဲ့အချိန်မှာ
အခက်အခဲအချို့ရှိခဲ့တဲ့ အတွက် တရားဝင် ဆွေးနွေးပွဲ တွေထက် အလွတ်သဘော
ဆွေးနွေးပွဲ တွေနဲ့သွားခဲ့ရတယ်။ အဲဒါတွေရပ် လိုက်ပြီး တရားဝင်
ဆွေးနွေးပွဲတွေလုပ်ဖို့ ပြင်ဆင်နေတော့ သိပ်မကြာခင် ၂၀၂၀
နှစ်ဆန်းပိုင်းမှာပဲ ညီလာခံ တစ်ရပ် ကျင်းပပြီးတော့ ဖက်ဒရယ်နဲ့
ပတ်သက်တဲ့မူဝါဒတွေလည်း ရနိုင်မယ်။ အားလုံး မပြီးရင်တောင်
ပြီးနိုင်သလောက်တော့ ရလိမ့်မယ်လို့ ယုံကြည်တယ်။
ကျွန်တော့်အမြင်ကတော့ စိန်ခေါ်မှုသုံးခု တွေ့တယ်။ တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့တွေ များတယ်။ NCA လက်မှတ်ထိုးထား တဲ့ ၁၀ ဖွဲ့ရှိတယ်။ NCA
လက်မှတ်မထိုးရ သေးတဲ့အဖွဲ့ ရှစ်ဖွဲ့ ရှိတယ်။ ဒီအပေါ်မှာ
ညှိရတာအခက်အခဲတစ်ခုရှိတယ်။ နောက် တစ်ချက်က ပဋိပက္ခက ရှည်ကြာခဲ့တဲ့အခါ
ယုံကြည်မှုတည် ဆောက်တဲ့ လုပ်ငန်းစဉ်က ထင်သလောက် မမြန်ဘူး။ အဲဒါကို
ဝိုင်းပြီး တော့လုပ်ဖို့လိုတယ်။ တတိယတစ်ချက် ကတော့ ကျွန်တော်တို့ရဲ့
ယဉ်ကျေးမှုကိုက ကိုယ်နဲ့ မတူတာကို ညှိနှိုင်းမယ်ဆိုတာကို အခုမှစမ်းပြီးတော့
လုပ်ကြရတာဖြစ်တဲ့ အတွက် ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်က
အနည်းငယ်ပိုကြာ တယ်လို့ ထင်ရတာဖြစ်ပါတယ်။
တာလှဖေ
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု
ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင်
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု
ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင်
ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ အားလုံး ဝိုင်းတွန်းရင်ရွေ့မှာပါ။
ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ မြန်မြန်ထက်ထက် အားလုံးပါဝင်
လာနိုင်ပါစေလို့ ဆုတောင်းပါတယ်။ အခု ကျွန်တော်တို့က လွှတ်တော်၊ တပ်မတော်၊
အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း၊ နိုင်ငံရေးပါတီတွေပါတဲ့
UPDJC ကတော့ အစွမ်းကုန်ကြိုးစား နေတယ်။ ထိုနည်းတူစွာပဲ ကျွန်တော်တို့ NCA
လက်မှတ် မထိုးရသေးတဲ့အဖွဲ့တွေ ပါဝင်လာဖို့ကိုလည်း NRPC က ဦးဆောင်ပြီးတော့
လုံးပန်းနေကြ တယ်။ အခု ကျွန်တော်တို့ ဘာလုပ်ရမလဲ ဆိုရင်
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစုပင်လုံက တစ်နှစ်ကိုနှစ်ကြိမ်
ကျင်းပဖို့ လျာထားတာ၊ မကျင်း ပနိုင်ခဲ့ဘူး။ ပြည်ထောင်စုငြိမ်းချမ်းရေး
ညီလာခံ -(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဒီအစိုးရလက်ထက်မှာ ကျင်းပနိုင်
အောင်ကြိုးစားမယ်။ စတုတ္ထအကြိမ်ကျင်းပမယ့် ညီလာခံမှာတော့
ရှေ့ကို ဘယ်အစိုးရပဲတက်တက် ရွေးကောက်ပွဲ ဘယ်လိုပဲပြီးပြီး
ငြိမ်းချမ်းရေးဖြစ်စဉ်ကိုတော့ ဆက်ပြီး ဆောင်ရွက် ကြဖို့ သဘော တူညီချက်
တစ်ခုတော့ရအောင် တည်ဆောက်သွားချင်ပါတယ်။
ခွန်ဥက္ကာ(နာယက)
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)
လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရပ်တန့်နေတာမဟုတ်ပါဘူး။ သိသိသာသာ
မမြင်ရပေမယ့် အောက်မှာ တွေ့ဆုံမှုတွေက အများကြီး ရှိပါတယ်။ ဒီနေ့
ပြုလုပ်တဲ့ NCA (၄) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ပွဲကလည်း
တရားဝင်နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်း ပေါ်ကို ခြေတစ်လှမ်းထပ်တိုး
တယ်လို့ပြောလို့ရပါ တယ်။ NCA လမ်းကြောင်းကနေ ငြိမ်းချမ်းရေးရဖို့
မျှော်လင့်ချက်တွေ အများကြီး ရှိပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေ
နှေးကွေးသွားတာဟာ အကြောင်း အမျိုးမျိုးရှိပြီး
ဒီလုပ်ငန်းစဉ်တိုင်းမှာပါဝင်တဲ့ အင်အားစု အားလုံးမှာ တာဝန် ရှိပါတယ်။
အထူးသဖြင့် NCA မှာပါတဲ့ ဝေါဟာရတွေကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာ မှာ
နားလည်မှုလွဲမှားတာ လေးတွေရှိတယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက်ဆိုတဲ့ စာအုပ်ကို
ကျွန်တော်ကိုယ်တိုင်လည်း ရေးပါတယ်။ သို့သော် ဘုံသဘောတူညီ ချက်မရဘူး။
အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဘုံတူညီစွာ လက်ခံတယ်ဆိုပြီး လက်မှတ်ရေးထိုးထား
တာမရှိတော့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို လိုအပ် သလို ကိုယ့်အတွက်
အကျိုးရှိမယ့်ဘက်ကို ဆွဲပြီးတော့ အဓိပ္ပာယ်ဖွင့်ကြတယ်။ ဒါတွေဟာ
နားလည်မှုလွဲဖို့ အခြေခံအကြောင်းတရားတွေ ပဲဖြစ်ပါတယ်။ ဒါကြောင့် NCA ရဲ့
အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ဘုံသဘောတူညီချက်ရမယ် ဆိုရင် ငြိမ်းချမ်းရေး
အတွက် အများကြီး အလုပ်ဖြစ်မှာ ဖြစ်ပါတယ်။
ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု
ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု
ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ
ဒီနေ့က NCA စာချုပ် လက်မှတ်ရေးထိုး ခဲ့တာ လေးနှစ် ပြည့်ပါပြီ။ NCA
စာချုပ်ကို လေးနှစ်ပြည့်အောင် ထိန်းထားနိုင်တယ်ဆိုတာ အင်မတန်မှ
ကြီးမားတဲ့လုပ်ဆောင်မှုဖြစ်ပါ တယ်။ ကျွန်တော်တို့ အားလုံး NCA လမ်း
ကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ တစိုက်မတ်မတ် လုပ်နိုင်ခဲ့ တယ်။
သို့သော် ပြီးခဲ့တဲ့နှစ်ကစပြီး ဒီနေ့အထိ နည်းနည်း တစ်ဆို့မှု ကလေးတွေ
ရှိတယ်ဆိုတာလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့
အကောင်းဆုံးဖြစ်အောင် ကြိုးစား ဆောင်ရွက်နေပေမယ့် အကောင်းဆုံး မဖြစ်လာ
သေးတဲ့အတွက် ပြည်သူလူထုကိုအနူးအညွတ်ပဲမေတ္တာရပ်ခံချင်ပါတယ်။ NCA ရေးထိုးတာ
သုံးနှစ်ပြည့်ပြီးတဲ့ နောက်ပိုင်းမှာ တစ်ဆို့မှုလေးတွေ ရှိနေတာကို
ကျွန်တော်တို့ ပြန်ပြီးတော့ အစပျိုးနိုင်ဖို့အတွက် JICM
အစည်းအဝေးခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
အောက်တိုဘာလ ၂၅ ရက်နေ့မှာ
နေပြည်တော်မှာပဲ JICM ညှိနှိုင်းရေး အစည်း အဝေး ကျွန်တော်တို့
ကျင်းပခဲ့ပါတယ်။ ရလဒ် ကောင်းတွေ လည်း အများကြီးထွက်လာပါ တယ်။ JICM ကိုသာ
ကျွန်တော်တို့ ပြန်ပြီးတော့ ခေါ်ယူနိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်
NCA လမ်းကြောင်းအတိုင်း အပြည့်အဝ အရှိန်အဟုန်နဲ့ အကောင်အထည် ဖော်နိုင်မှာ
ဖြစ်ပါတယ်။ ဒီကနေ့ကျင်းပတဲ့ နှစ်ပတ်လည်ပွဲဟာ ပျော်ရွှင်တဲ့ပွဲ ဖြစ်ပါတယ်။
ပျော်ပျော် ရွှင်ရွှင်နဲ့ လုပ်တဲ့ပွဲကနေ ငြိမ်းချမ်းရေးရသည် အထိ
ကျွန်တော်တို့ ဝိုင်းပြီးတော့ ဆောင်ရွက် ဖို့ ပြည်သူလူထုတစ်ရပ်လုံးကို
အလေးအနက် တိုက်တွန်းချင်ပါတယ်။ နှောင့်နှေးမှု၊ အဆင်မပြေမှုတွေ
ရှိတယ်ဆိုတာလည်း ကျွန်တော် ရိုးသားစွာဝန်ခံချင်ပါတယ်။ ကျွန်တော် တို့လည်း
အားလုံးဝိုင်းဝန်းကြိုးစား ပြီး အကောင်းဆုံးလုပ်ပါ့မယ်လို့
ကတိပေးချင်ပါတယ်။
ခွန်မြင့်ထွန်း(ဒုတိယဥက္ကဋ္ဌ)
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)
ကျွန်တော်တို့ NCA အကောင်အထည် ဖော်တာ လေးနှစ်ရှိခဲ့ပါပြီ။ ငြိမ်းချမ်းရေး
ဖြစ်စဉ်က လွယ်လွယ်ကူကူ တော့ သွားနေရ တာ မဟုတ်ပါဘူး။ ကျွန်တော်တို့
တိုင်းပြည်မှာ NCA စာချုပ်လိုမျိုး ခိုင်ခိုင်မာမာချုပ်ဆိုပြီး
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးဆွေးနွေးတာ ဒီတစ်ခုပဲရှိပါတယ်။ NCA က
ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက်ကတော့ အလုပ်လုပ်
လို့ရတဲ့အကောင်းဆုံးတစ်ခုဖြစ်ပါတယ်။ လောလော ဆယ်မှာ NCA မှာ
မပါဝင်သေးတဲ့အဖွဲ့တွေ ကိုလည်း တစ်ချိန်မှာ NCA မှာ ပါဝင်နိုင်မယ်
လို့မျှော်လင့်ပါတယ်။ အကောင်အထည် ဖော်တဲ့အခါမှာ အထူးအားဖြင့် ယုံကြည်မှုက
အဓိကကျပါတယ်။ ဆွေးနွေးဘက်တွေ ကြား မှာ အပြန်အလှန်ယုံကြည်မှုတွေပေးမှ NCA
ကိုအကောင်အထည် ဖော်နိုင်မှာဖြစ်ပါတယ်။ NCA မှာပါတဲ့အချက်တွေ ဘယ်လောက်ပဲ
ကောင်းကောင်း အဓိကဖြစ်တဲ့ ယုံကြည်စိတ်က အားနည်းနေဦးမယ်၊ တကယ့်ငြိမ်းချမ်း
ရေးကိုလိုချင်တဲ့ စိတ်ဆန္ဒကလည်း ပြောရ လောက်အောင် မရှိသေးဘူးဆိုရင် NCA
အကောင်အထည်ဖော်ဖို့က အနည်းနဲ့ အများတော့ အားနည်းနေဦးမှာဖြစ်ပါတယ်။
နိုင်ငံရေး စိတ်ဆန္ဒ ၊ အပြန်အလှန်ယုံကြည်မှုများတာနဲ့အမျှ NCA
အကောင်အထည်ဖော်မှုက မြန်မြန်ဆန်ဆန် ပီပီပြင်ပြင်ဖြစ် လာပြီး ကျွန်တော် တို့
တိုင်းပြည်ဟာ ငြိမ်းချမ်းရေးရလာနိုင်မှာ ဖြစ်ပါတယ်။
NCA ကို
ကျွန်တော်တို့ လက်မှတ်ထိုး လိုက်တဲ့အခါမှာ သမိုင်းအပြောင်းအလဲဖြစ် ပါတယ်။
အဲဒါဘာလဲဆိုရင် တပ်မတော်က NCA ကို လက်မှတ်ထိုးလိုက်တဲ့အခါမှာ
ဖက်ဒရယ်မူဆိုတာ ပေါင်းစည်းရေးပဲလို့ လက်ခံပြီး လက်မှတ်ရေးထိုးပေးလိုက်တာ
ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ သမိုင်းဆိုင်ရာ အပြောင်းအလဲ
ဖြစ်ပါတယ်။ နောက်တစ်ခုက အခုလို ငြိမ်းချမ်းရေးဖြစ်စဉ် ကို
အကောင်အထည်ဖော်တဲ့အခါမှာ ပြည်သူ လူထုရဲ့ မျက်စိအောက်မှာအားလုံးက အလုပ်
လုပ်ကြရတာဖြစ်ပါတယ်။ နိုင်ငံတကာ အပါ အဝင် ပြည်သူလူထုမျက်စိအောက်မှာ အလုပ်
လုပ်ကြရတာကိုက ထိန်းကျောင်းမှုတစ်ခု ဖြစ်နေတယ်လို့ ထင်ပါတယ်။
ငြိမ်းချမ်းရေး ဖြစ်စဉ်အောင်မြင်ဖို့က အဓိက အချက် နှစ်ချက် ရှိပါတယ်။
တစ်ချက်က အင်အားသုံးဖြေရှင်း တာတွေမလုပ်ဘဲ နိုင်ငံရေးဆွေးနွေးမှုကို
အခြေခံရမယ်။ နောက်တစ်ခုက ပြည်သူလူထု ပါဝင်ပြီး ပြည်သူလူထုပိုင်တဲ့
ငြိမ်းချမ်းရေး ဖြစ်စဉ်ဖြစ်မှ အောင်မြင်မှုရရှိမှာဖြစ် ပါတယ်။
ပဒိုစောတာဒိုမူး
ကရင်အမျိုးသားအစည်းအရုံး(KNU)
အထွေထွေအတွင်းရေးမှူး
ကရင်အမျိုးသားအစည်းအရုံး(KNU)
အထွေထွေအတွင်းရေးမှူး
ဖြတ်သန်းခဲ့တဲ့ လေးနှစ်တာ အတွေ့ အကြုံထဲမှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်
ဖြစ်စေ ကျွန်တော်တို့ အတူတကွ ဘယ်လို ရှေ့ဆက် အကောင်အထည်ဖော်ရဦးမယ် ဆိုတာက
အရေးအကြီးဆုံး ပဲဖြစ်ပါတယ်။ အခက်အခဲကတော့ ရှိမယ်။ မတူညီတဲ့စနစ်
အမျိုးမျိုးကို ဖြတ်သန်းခဲ့ရတဲ့ လူမှုအသိုင်း အဝိုင်းမှာ
ကြီးပြင်းလာခဲ့ရတဲ့အခါ ကျွန်တော် တို့ ချက်ချင်းအဖြေရှာနိုင်ဖို့ဆိုတာထက်
အဖြေရအောင် တစိုက်မတ်မတ်နဲ့ ရှေ့ဆက် သွားကြမယ်ဆိုတာက အရေးကြီးပါတယ်။ NCA
အပေါ်မှာ နားလည်မှုတွေက မတူကြဘူး။ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ မတူကြဘူးဆိုတာ
အဓိက ဖြစ်ပါတယ်။
NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေအနေနဲ့
တာဝန်ရှိတာက ထင်သာမြင်သာရှိတဲ့ တိုးတက်မှု တွေပြနိုင်ဖို့ ကျွန်တော်တို့
ကြိုးစား ဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ မကြိုးစား နိုင်ဘူးဆိုတဲ့
အနေအထားမျိုးကို ရောက်နေ တဲ့အခါ တစ်ဖက်က လက်မှတ်မထိုး ရသေး
တဲ့အဖွဲ့တွေအတွက်က စဉ်းစားစရာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တစိုက်မတ်မတ်နဲ့
လိုချင်တာကိုဆက်သွားနိုင်အောင် အဖြေရှာဖို့ လိုပါတယ်။ အနှစ် ၇၀ ကျော်ကာလမှာ
တစ်ခါမှ မရှိဘူးတဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုတာမျိုး ခေါင်းထဲ ဝင်လာပါတယ်။
ဖက်ဒရယ်ဆိုတဲ့ အယူအဆတွေ လက်ခံလာတယ်။ မတူညီတဲ့ အခြေခံတွေကို
လက်ခံစဉ်းစားမှု တွေ ရောက်လာတယ်ဆိုတာ တိုးတက်မှုပါပဲ။
ကျွန်တော်တို့
နားလည်တာ NCA ကို နှစ်ဖက်ကတူညီတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် မျိုးရအောင်
ဆက်ဆွေးနွေးရမယ့် အပိုင်း တစ်ပိုင်း မရှိသေးတာက လောလောဆယ် ကြုံတွေ့နေရတဲ့
ပြဿနာရဲ့ အခြေခံအရင်း အမြစ်ဖြစ်ပါတယ်။ ဒီနိုင်ငံကို ဖက်ဒရယ်နဲ့
အခြေခံတည်ဆောက်သွားမယ်ဆိုတဲ့ ကတိ ကဝတ်နဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို
အခြေခံ ပြီးသွားရမယ်ဆိုတဲ့ ကတိကဝတ်မျိုး ရခဲ့ပါ တယ်။ ဘယ်လိုနိုင်ငံရေး
ဆွေးနွေးပွဲမျိုးလဲ ဆိုတာမျိုးကို ကျွန်တော်တို့
ကြားမှာရှင်းရှင်းလင်းလင်းနဲ့ ဆွေးနွေးရမယ့် အပိုင်းတွေ လိုအပ်ပါတယ်။
ဒီအပိုင်းနဲ့ ပတ်သက်လို့ အဆင့် လေးဆင့်ဆိုတဲ့ အခြေခံပေါ်မှာ မူတည်ပြီး
ရှေ့ဆက်သွားဖို့ ရှိပါတယ်။ ဒီအခြေခံပေါ်မှာ မူတည်ပြီး ဆက်လက်
ညှိနှိုင်းရင်းနဲ့ ကွာဟနေတဲ့ ကွာဟချက်တွေကို တတ်နိုင်သမျှ နည်းလာ အောင်
ကြိုးစားပြီး ဆက်လက် ဆွေးနွေး သွားနိုင်ဖို့ ရည်ရွယ်ထားတာ ရှိပါတယ်။
သတင်းအဖွဲ့






No comments:
Post a Comment