Wednesday, September 18, 2019

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ်အဖွဲ့နှင့်KIO,MNTJP, PSLF, ULA တို့ ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစည်းအဝေးကျင်းပ


 
ကျိုင်းတုံ စက်တင်ဘာ ၁၇
အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် KIO (ကချင် ပြည် လွတ်မြောက်ရေးအဖွဲ့)၊ MNTJP (မြန်မာနိုင်ငံ အမှန်တရားနှင့် တရား မျှတသော အမျိုးသားပါတီ)၊ PSLF (ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး) နှင့် ULA (ရခိုင်အမျိုးသား အဖွဲ့ချုပ်) တို့သည် ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ Amazing Kengtong Resort တွင် တွေ့ဆုံ၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်(Bilateral Cea- sefire Agreement) လက်မှတ်ရေးထိုး နိုင်ရေးနှင့်ပတ်သက်၍ အစည်းအဝေး ကျင်းပသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင်'' ဒီကနေ့ ငြိမ်းချမ်းရေးအစည်းအဝေးကတော့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အရေးကြီးတဲ့ အစည်းအဝေးတစ်ရပ်လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နောက်ဆုံးကျိုင်းတုံတွေ့ဆုံပွဲမှာ ကျွန်တော်တို့ နှစ်ဖက်လုံး ရှေ့ဆက်မယ့်ခရီးအတွက် ဆွေးနွေးမှုတွေ ပြုလုပ် နိုင်ခဲ့ကြပါတယ်။
'' ပထမဆုံးအချက်အနေနဲ့ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်နိုင်ရေးကို ကျွန်တော်တို့ကြားမှာ အကျေအလည် ဆွေးနွေးနိုင်ခဲ့ပါတယ်။ အကျိုးဆက်အားဖြင့် ပြည်ထောင်စု လမ်းမကြီး တစ်လျှောက် တိုက်ခိုက်မှုတွေ လျော့နည်းကျဆင်းသွားခဲ့ပါတယ်။ နေရာဒေသအချို့မှာ ထိတွေ့မှု အနည်းငယ် ရှိနေသေးပေမယ့်လည်း အစိုးရဘက်က အဆိုပြုခဲ့တဲ့အတိုင်း မြောက်ပိုင်းသုံးဖွဲ့အနေနဲ့ ကြေညာချက်တွေ ထုတ်ပြန်ပေးခဲ့တာလည်း တွေ့ရှိခဲ့ရပါတယ်။ ဒါဟာ လတ်တလော ကာလတိုက်ပွဲများ ဖြစ်ပွားနေချိန်မှာ အပြု သဘော ဆောင်တဲ့ လုပ်ဆောင်ချက်တွေအဖြစ် အသိအမှတ် ပြုပါတယ်။ ဒီလို အပြုသဘောဆောင်ရွက်ချက်တွေနဲ့ ကျွန်တော်တို့ နှစ်ဖက်စလုံးအတွက် ကောင်းမွန်တဲ့ အရှိန်အဟုန်ကို ဆက်လက်ပြီး သယ်ဆောင်သွားဖို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။
လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်
'' ဒုတိယအချက်အနေနဲ့ နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် Bilateral Ceasefire Agreement ကို လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ဖို့အတွက် မြောက်ပိုင်း လေးဖွဲ့ရဲ့ အဆိုပြုချက်မူကြမ်းကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြ ပါတယ်။ ကွဲလွဲချက် ကြီးကြီးမားမား မရှိပေမယ့် စောင့်ကြည့်ရေး အပိုင်းနဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေးဖို့ အနည်းငယ်ရှိပါတယ်။ အခုအစည်းအဝေးမှာ နှစ်ဦးနှစ်ဖက် ကျေကျေလည်လည် ဆွေးနွေးပြီးရင် လက်မှတ်ရေးထိုး နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
''ယခု စက်တင်ဘာလ ၂၁ ရက်နေ့ဆိုရင် တပ်မတော်ရဲ့ အပစ်ရပ်ကာလ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒီကနေ့ ပထမခြေလှမ်း အတွက်၊ သဘောတူညီ ချက် အတွက် တွေ့ဆုံကြတဲ့ ကျွန်တော် တို့ရဲ့ ဆွေးနွေးပွဲကို နိုင်ငံတစ်ဝန်းက ပြည်သူများအနေနဲ့ ပူပင်မှုများနဲ့ စောင့်ကြည့်နေကြ၊ နားစွင့်နေကြတာဖြစ်လို့ ကျွန်တော်တို့ နှစ်ဖက်စလုံးဟာ တကယ်ပဲ ညှိနှိုင်းဆွေးနွေးနိုင်တဲ့၊ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်တဲ့ ကိုယ်စားလှယ်တွေအဖြစ် ကြိုးစားပေးကြဖို့ပြောလိုပါတယ်။
''တတိယအချက်အနေနဲ့ ကျွန်တော်တို့နှစ်ဖက် ရှေ့ဆက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စ ဖြစ်ပါတယ်။ အခုပထမအဆင့် အနေနဲ့ မြောက်ပိုင်းလေးဖွဲ့လုံးနဲ့ ပဏာမသဘောတူညီချက် Bilateral Ceasefire Agreement လက်မှတ်ရေးထိုးဖို့၊ ဒုတိယအဆင့်အနေနဲ့ တစ်ဖွဲ့ချင်းနဲ့ အသေးစိတ်သဘော တူညီချက်တွေရရှိအောင် ဆက်လက်ပြီး ဆွေးနွေးဆောင်ရွက် ကြဖို့ ဖြစ်ပါတယ်။
တစ်ဖွဲ့ချင်းနဲ့ Bilateral Ceasefire Agreement ချုပ်ဆိုနိုင်ပြီးရင် တတိယအဆင့်အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် Nationwide Ceasefire Agreement- NCA ရေးထိုးနိုင်ဖို့ ဆက်လက်ပြီး ညှိနှိုင်းကြဖို့ပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေ ပြီးရင်တော့ နိုင်ငံရေးစားပွဲဝိုင်းမှာ မြောက်ပိုင်းလေးဖွဲ့လုံး ပါဝင်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနဲ့အညီ တည်ဆောက်နိုင်ဖို့ လမ်းပြမြေပုံ အတိုင်း အတူတကွပူးပေါင်းဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။
'' မြန်မာနိုင်ငံ မြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ လတ်တလော မြေပြင်အခြေအနေအရ အရေးကြီးပါတယ်။ နှစ်ဖက်တွေ့ဆုံမှုတွေ မကြာခဏမြန်မြန်ဆန်ဆန် တွေ့ဆုံကြဖို့လည်း လိုပါတယ်။ ဒါမှလည်း တွေ့ဆုံဆွေးနွေးမှုတွေကနေ တစ်ဆင့် နှစ်ဖက်ယုံကြည်မှု တည်ဆောက် ရေးကို ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်စေမှာ ဖြစ်ပါတယ်။
'' တစ်ဖက်မှာလည်း အစိုးရအနေနဲ့ NCA လက်မှတ် ရေးထိုးပြီးဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွေမတိုင်မီ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ၊ စတုတ္ထ အစည်းအဝေးကျင်းပနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီတစ်ကြိမ်ညီလာခံမှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ နိုင်ငံရေးသဘောတူညီချက်တွေ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာမှုဆိုင်ရာ သဘောတူညီချက်တွေ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူသဘောတူညီ ချက်တွေ၊ ၂၀၂၀ အလွန်ကာလမှာ ဆက်လက်ဖော်ဆောင်နိုင်မယ့် လုပ်ငန်းစဉ်တွေနဲ့ အကောင်အထည်ဖော် မှု အဆင့်ဆင့်တွေကို အတည်ပြုနိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။
'' ၂၀၂၀ ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ချမှတ်ကြတဲ့အချိန်မှာ မြောက်ပိုင်းအဖွဲ့တွေရဲ့ သဘောထားတွေ ရယူနိုင်ဖို့လည်း အလေးထားစဉ်းစားသုံးသပ်ခဲ့ပါတယ်။ အားလုံးသဘောတူလက်ခံနိုင်တဲ့ ရှေ့ဆက်မယ့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ချမှတ်နိုင်အောင် ကြိုးပမ်းကြတဲ့အခါ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါကြောင်း အစိုးရအနေနဲ့ လက်ခံထားပါတယ်။
'' ဒီကနေ့ အစည်းအဝေးကို ကျွန်တော်တို့ဘက်ကလည်း အလေးအနက် ထားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အဖွဲ့ဝင်များ၊ တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီးများ၊ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်များ ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ KIO (ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့) ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် KIO- အထွေထွေအတွင်းရေးမှူး ကွမ်ထပ်ထိန်နန်က ''ယနေ့ တွေ့ဆုံခြင်းဟာ မိမိတို့ လေးဖွဲ့နဲ့ NRPC ရဲ့ စတုတ္ထအကြိမ် မြောက် တွေ့ဆုံဆွေးနွေး ခြင်း ဖြစ်ပါတယ်။ ယခုအကြိမ်ဆွေးနွေးပွဲမှာ မြန်မာ့တပ်မတော် အရာရှိများ ပါဝင်တက်ရောက်လာခြင်းဟာ ဆွေးနွေးပွဲများရဲ့ တိုးတက်မှုတစ်ရပ်အဖြစ် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ယခုလို ဆွေးနွေးရေး ဖြစ်စဉ်မှာ ပါဝင်ရမယ့်အစုအဖွဲ့များက တာဝန်ရှိသူများ စုံစုံညီညီ တက်ရောက်လာပြီဖြစ်တဲ့အတွက် ဆွေးနွေးမှု မှာလည်း နယ်ပယ်အကြောင်းအရာ အချက်အလက်များ ပိုမို ကျယ်ပြန့် လာမယ်လို့ မျှော်လင့်ပါတယ်။
'' မိမိတို့ လေးဖွဲ့ အဆိုပြုခဲ့တဲ့ စာချုပ်မူကြမ်းအပေါ် ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာ NRPC ဘက်က လက်ခံနိုင်ကြောင်းဆွေးနွေး ခဲ့ခြင်းအတွက် မိမိတို့ဘက်က ကြိုဆိုပါတယ်။ ဆွေးနွေးပွဲ လမ်းကြောင်းအတွက် တွန်းအားတစ်ရပ်ဖြစ်တယ်လို့ မျှော်လင့်ပါတယ်။ မိမိတို့ လေးဖွဲ့ရဲ့ သဘောထားကလည်း ကြိုတင် ကန့်သတ်ချက်များမထားရှိဘဲ ခြွင်းချက်မရှိ အပစ်အခတ် ရပ်စဲရေးကို သွားဖို့ဆန္ဒရှိပါတယ်။ တိုက်ပွဲများရပ်ဆိုင်းထားပြီး အပစ်အခတ်ရပ်စဲရေး စာချုပ်ခိုင်မာစေရေး အတွက် လိုအပ်တဲ့ ကိစ္စအရပ်ရပ်များကို ဆက်လက်ဆွေးနွေးသွားရေး လမ်းကြောင်းအတိုင်း ဖော်ဆောင်သွားရန် လိုလားပါတယ်။ ဒါကြောင့် ကျွန်တော်တို့လေးဖွဲ့ အဆိုပြုပေးခဲ့တဲ့ စာချုပ်မူကြမ်းကိုလည်း တစ်ဖန် ပြန်လည် လေ့လာသုံးသပ်မှုပြုခဲ့တာ ရှိပါတယ်။
အပြုသဘောဆွေးနွေးဖို့လိုလား
'' ယနေ့တွေ့ဆုံမှုမှာ မြန်မာ့တပ်မတော်က အရာရှိများ ပါဝင် တက်ရောက်လာခြင်းဟာ ဆွေးနွေးပွဲအဆင့်မြင့်တက်လာခြင်း ဖြစ်တယ် လို့ ဆိုနိုင်ပါတယ်။ တိုက်ပွဲဖြစ်နေကြတဲ့ မိမိတို့ လေးဖွဲ့နဲ့ မြန်မာ့ တပ်မတော်အကြား နားလည်မှုလွဲမှားမှုများနဲ့ မြေပြင်မှာ အပြန်အလှန် တိုက်ခိုက်နေမှုများကို လျော့ပါးသွားစေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် ယနေ့ဆွေးနွေးပွဲမှာ နှစ်ဖက်အပြန်အလှန်အပြစ်ဖို့ ပြောဆိုခြင်း၊ ငြင်းခုံခြင်းမပြုဘဲ ပြဿနာ ဖြေရှင်းရေးကို အဓိကထားကာ အပြုသဘောဆွေးနွေးဖို့ လိုလားပါကြောင်း တင်ပြလိုပါတယ်''ဟု နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်ကြသည့် ကိုယ်စားလှယ်များ သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (Bilateral Ceasefire Agreement)လက်မှတ် ရေးထိုးနိုင်ရေးအတွက် နှစ်ဖက်အဆိုပြုထားသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် စာချုပ်မူကြမ်းများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးကြသည်။
ယနေ့ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် ငြိမ်းချမ်းရေးအကျိုးဆောင် ဦးသက်နိုင်တို့ တက်ရောက်ကြသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ KIO (ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့) ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် KIO -အထွေထွေအတွင်းရေးမှူး ကွမ်ထပ်ထိန်နန်၊ MNTJP (မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ) ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရန်ဝင်ကျုံး၊ ULA (ရခိုင်အမျိုးသားအဖွဲ့ချုပ်) ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ULA- အထွေထွေအတွင်းရေးမှူး ဒေါက်တာ ညိုထွန်းအောင်နှင့် PSLF (ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး) ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး တားဘုန်းကျော်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး လေ့လာသူအဖြစ် PCG (ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့)မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် အဆိုပါတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း လေးဖွဲ့မှ ကိုယ်စားလှယ်များသည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Bilateral Ceasefire Agreement) များနှင့် ပတ်သက်၍ ဧပြီ ၃၀ ရက် တွင် မူဆယ်၊ ဇွန် ၃၀ ရက်တွင် မိုင်းလားနှင့် ဩဂုတ် ၃၁ ရက်တွင် ကျိုင်းတုံတို့၌ တွေ့ဆုံခဲ့ကြပြီးယခုတွေ့ဆုံမှုသည် လေးကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု ဖြစ်သည်။
ယနေ့ကျင်းပသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စား လှယ်အဖွဲ့နှင့် KIO၊ MNTJP၊ PSLF နှင့် ULA အဖွဲ့ (၄) ဖွဲ့တို့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးဆွေးမှုအပြီးတွင် အချက် (၇) ချက်ပါသည့် အစည်းအဝေး မှတ်တမ်းကို နှစ်ဖက်ကိုယ်စားလှယ်ခေါင်းဆောင် များက လက်မှတ်ရေးထိုးခဲ့ကြသည်။
အစည်းအဝေးအပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် PSLF ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အထွေထွေအတွင်းရေးမှူး တားဘုန်းကျော်က ''ဒီနေ့ ၁၇ ရက် စက်တင်ဘာလ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒုတိယအကြိမ်မြောက် ကျိုင်းတုံမှာ ဆောင်ရွက်ခွင့်ရတဲ့အတွက် ငြိမ်းချမ်းရေးအတွက် အလားအလာ အများကြီး မျှော်လင့်ချက်ကောင်းပါတယ်။ ကျွန်တော်တို့ အကြိမ်ကြိမ်နားချိန် (tea break) တွေယူပြီးတော့ အကြိတ် အနယ်ဆွေးနွေးကြတာ ကျွန်တော်တို့ ငြိမ်းချမ်းရေးအတွက် တချို့မျှော်မှန်းသလောက်တော့ မရနိုင်သေးပေမယ့် ရလဒ် ကောင်းတချို့ တော့ ရတယ်။ နောက်ထပ်တစ်ကြိမ် ထပ်မံ ဆွေးနွေးဖို့ နောက်ဒီလို တကယ့်တိုက်ပွဲတွေ ရပ်စဲနိုင်မယ့်စာချုပ် တွေ၊ သဘောတူချက်တွေ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် လုပ်ငန်းစဉ်တွေကို ရရှိလာတာက ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ရလဒ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း ပြန်စဉ်းစားမယ်ဆိုရင်တော့ ဒီနိုင်ငံအတွင်းမှာ ဒီတိုက်ပွဲတွေ ကိုတော့ တိုင်းရင်းသားပြည်သူလူထုတွေ စစ်ဘေးဒဏ် အမြန်ဆုံး လွတ်မြောက်နိုင်ဖို့ နှစ်ဦးနှစ်ဖက် ခေါင်းဆောင်တွေက သေချာ စဉ်းစားပြီးတော့ ဆောင်ရွက်ဖို့လိုတယ်လို့ ကျွန်တော်မြင်ပါတယ်။ အထူးသဖြင့်NRPC နဲ့ တပ်မတော်က ခေါင်းဆောင်တွေ တက်ရောက် လာတယ်။ နှစ်ဖက်ခေါင်းဆောင်တွေရဲ့ စဉ်းစား ချက်တွေကို ကျွန်တော်တို့ တော်တော်များများ ပြောကြားခွင့် ရတဲ့အတွက် အောက်ခြေမှာ ထိတွေ့မှုတွေရှိပေမယ့် မြေပြင်မှာ အခုလို ကျွန်တော်တို့အမြင်တွေကို ဖလှယ်ခွင့်ရတဲ့အတွက် စစ်ကိုချုပ်ငြိမ်းနိုင်ဖို့ ဒါကအစပဲလို့ အခြေခံကောင်းတွေ စဉ်းစားမိပါတယ်။ ရှိလာနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ NRPC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက '' ကျွန်တော်တို့ ပြီးခဲ့တဲ့ ကျိုင်းတုံ အစည်းအဝေး တုန်းက ကျွန်တော်တို့ မြောက်ပိုင်း လေးဖွဲ့အဆိုပြုချက်တွေကို ဆွေးနွေးခဲ့ကြပြီးတော့ အခုအစည်းအဝေးမှာ နှစ်ဖက်ပြန်လည်ပြီးတော့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေအရ နှစ်ဖက်သဘောတူတဲ့ အချက်တွေကို ဆွေးနွေးမှုအစည်းအဝေးမှတ်တမ်းအနေနဲ့ နှစ်ဖက်သဘောတူ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဒီနေ့တွေ့ဆုံဆွေးနွေးမှု မှတ်တမ်းမှာ တစ်ချက်စီကို ဆွေးနွေးပြီးတော့ bilateral မှာ လက်မှတ်ရေးထိုးနိုင်ဖို့ လက်ရှိတိုက်ပွဲတွေချုပ်ငြိမ်းဖို့IDP ကိစ္စတွေ၊ တပ်နေရာချထားရေး ကိစ္စတွေ၊ ယုံကြည်မှုတည်ဆောက် နိုင်ဖို့အတွက် နှစ်ဖက်ဖမ်းဆီး အရေးယူမှုကိစ္စတွေ၊ ပဋိပက္ခဖြေရှင်းခြင်း နည်းလမ်းတွေကို ဆက်ဆွေးနွေးဖို့ ကျွန်တော်တို့ အောက်တိုဘာလအတွင်းမှာပဲ နှစ်ဖက်ပြန်လည်တွေ့ဆုံပြီးတော့ ဆွေးနွေးဖို့ သဘောတူနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နောက်တစ်ကြိမ် အစည်းအဝေးမှာတော့ ဆွေးနွေးဖို့သဘောတူ ထားတဲ့အချက်တွေကို ကျွန်တော်တို့ Bilateral Agreement ရရှိရေး အောက်တိုဘာလ အတွင်းမှာ ဆွေးနွေးမယ်လို့ သဘောတူထားတဲ့ အချက်တွေကိုလည်း နောက်တစ်ကြိမ် အစည်းအဝေးမှာ အကျေအလည်ဆွေးနွေးရင်း ကျွန်တော်တို့ သဘောတူညီမှုရရှိနိုင်ဖို့ လက်မှတ်ရေးထိုးနိုင်ရေး ကြိုးစား ပေးကြပါ'' ဟု နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ကျင်းပသည့် အစည်းအဝေးနှင့်ပတ်သက်၍ သတင်းမီဒီယာများကို ရှင်းလင်းပြောကြားခဲ့ပြီး သတင်းမီဒီယာများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့သည်။
ရဲခေါင်ညွန့်

No comments:

Post a Comment