Wednesday, September 18, 2019

မဟတ္တမဂန္ဒီ နှစ် (၁၅၀) ပြည့် အထိမ်းအမှတ် နံ့သာဖြူပင် ရွှေတိဂုံ စေတီတော် အနောက်ဘက်မုခ်၌ စိုက်ပျိုး


ရန်ကုန် စက်တင်ဘာ ၁၇
မဟတ္တမဂန္ဒီ နှစ် (၁၅၀) ပြည့် အထိမ်းအမှတ် နံ့သာဖြူပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ် ပရဝုဏ်ရှိ ဓမ္မစက္ကမုဒြာ သဲကျောက်ရုပ်ပွားတော် ရှေ့မျက်နှာစာ၌ ကျင်းပသည်။

ရှေးဦးစွာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ကိုယ်စား အလှည့်ကျ သဘာပတိ ဂေါပကအဖွဲ့ဝင် ဦးခင်မောင်ဌေးက မဟတ္တမဂန္ဒီ နှစ် (၁၅၀) ပြည့် အထိမ်းအမှတ် နံ့သာဖြူပင် စိုက်ပျိုးပွဲကို အကြောင်းပြု ၍ တူညီသော ယဉ်ကျေးမှုအခြေခံရှိကြသည့် အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မြဲပြီး ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည် တည်တံ့ပြန့်ပွားပါစေကြောင်း ပြောကြားသည်။
ထို့နောက် မဟတ္တမဂန္ဒီ နှစ် (၁၅၀) ပြည့် အထိမ်းအမှတ် နံ့သာဖြူပင် စိုက်ပျိုးပွဲ ကျင်းပရေး ကော်မတီဝင် မစ္စတာရာဂျူးဂိုအင်ကာက အထိမ်းအမှတ် နံ့သာဖြူပင် စိုက်ပျိုးရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားပြီး ကျင်းပရေး ကော်မတီဝင် တာဝန်ခံ ပါမောက္ခချုပ်(ငြိမ်း) ဦးခင်မောင်ချို က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် အထိမ်းအမှတ်ပွဲတော်ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးရွှေ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံရုံးကောင်စစ်ဝန်နှင့် အလှည့်ကျ သဘာပတိဂေါပကအဖွဲ့ဝင် ဦးခင်မောင်ဌေး တို့က နံ့သာဖြူပင်များကို စိုက်ပျိုးပေးကြသည်။
မဟတ္တမဂန္ဒီ နှစ် (၁၅၀) ပြည့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲနှင့် ဟောပြောပွဲကို စက်တင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗညားဒလလမ်းရှိ စရီဘူသ်နာထ် မဟာဒေဝ်ဘုရားကျောင်းခန်းမ၌ ကျင်းပမည်ဖြစ်ရာ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ လယ်တွင်းသားစောချစ်၊ မင်းကိုနိုင်တို့က ဟောပြောကြမည်ဖြစ်ပြီး မောင်သန်းဝင်း (ရန်ကုန်တက္ကသိုလ်) (ခ) ပါမောက္ခဒေါက်တာ သန်းဝင်း (ဌာနမှူး၊ မြန်မာစာဌာန၊ ရေနံချောင်း ဒီဂရီကောလိပ်)၊ Mr. Suren Verma (abe Country Manager) နှင့် ဒေါ်ကက်သလင်းသိန်း (ခ) Kalpana Kumari (အင်ကြင်းမေ ဟိန္ဒူအမျိုးသမီးများကွန်ရက်) တို့က စာတမ်းများ ဖတ်ကြားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ရီရီမြင့်၊ ဓာတ်ပုံ - လှမိုး

No comments:

Post a Comment