Wednesday, September 18, 2019

ပြည်သူများ၏ တိုင်ကြားစာများကို အလေးအနက်ထားပြီး အကောင်းဆုံး ဖြစ်အောင် ကြိုးစားဆောင်ရွက်လျက်ရှိ


ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးဆိုင်ရာ ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့် စကားဝိုင်း ဆွေးနွေးပွဲကို နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ညောင်ဦးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစော၊ ကော်မတီ အတွင်းရေးမှူး ဒီပဲယင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် မိုင်းပျဉ်း မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်၊ မူဆယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်နှင့် အိမ်မဲ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာတို့က စက်တင်ဘာ ၁၀ ရက်က အဆိုပါကော်မတီရုံးခန်း၌ ဆွေးနွေးခဲ့ ကြသည်များကို ဖော်ပြအပ်ပါသည်။
ဦးစော ။ ။ ကျွန်တော်တို့ ကော်မတီမှာ အဖွဲ့ဝင် ၁၆ ဦး၊ လေ့လာသူ ၂ ဦးရှိပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ ကျွန်တော်တို့ ကော်မတီကို ပြည်သူတွေအနေနဲ့ တိုင်ကြားလာမှုတွေကို ကော်မတီအဖွဲ့ဝင်တွေက စုပေါင်းပြီးတော့ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။
ဖြေရှင်းဆောင်ရွက်
ဘယ်လိုဖြေရှင်းဆောင်ရွက်ပေးနေတယ် ဆိုတာကိုလဲ ဆွေးနွေးလို ပါတယ်။ ကျွန်တော် တို့ ကော်မတီကို ပြည်သူတွေရဲ့ တိုင်ကြားစာ ရောက်ရှိလာပြီဆိုရင် ကော်မတီအဖွဲ့ဝင် အနည်းဆုံး ငါးဦးက တိုင်စာတွေကို လေ့လာ ဆွေးနွေးကြပါတယ်။ ဒီလိုကော်မတီဝင်တွေက လေ့လာဆွေးနွေးပြီး မှတ်ချက်ပြုထားတာတွေကို ကျွန်တော်က ကြည့်ပါတယ်။ တိုင်ကြားစာ မူရင်းကိုလည်း လေ့လာပါတယ်။ ဒီလိုစိစစ် လေ့လာပြီးတော့မှ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပေးပို့ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ သက်ဆိုင်ရာအဖွဲ့ အစည်းတွေက ကျွန်တော်တို့ ကော်မတီကို ပြန်ကြားစာ တွေ ပြန်လည်ပေးပို့ပါတယ်။ ဒီလို ပြန်လည် အကြောင်းကြားစာတွေကို လည်း ကော်မတီဝင်တွေကို ပြန်လည်ဖတ်ရှုစေပါတယ်။ ဘာဖြစ်လို့ ဒီလို ပြန်လည် အကြောင်းကြားစာတွေကို ကော်မတီဝင်တွေကို ဖတ်ကြားစေ တာက ကျွန်တော်တို့ မှတ်ချက်ပြုပြီး အကြောင်းကြားရင် သက်ဆိုင်ရာက ဘယ်လို အကြောင်းပြန်ကြားတတ်တယ်ဆိုတဲ့ သဘောသဘာ၀ကို သိစေချင်တာကြောင့်ပါ။ ပြည်သူတွေဆီကလာတဲ့ တိုင်စာအမျိုးအစားက စုံပါတယ်။ ခေတ်အဆက်ဆက်က ဖြစ်ပျက်ခဲ့တာတွေကို တိုင်ကြားလာ တာ တွေလည်း ရှိပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း လယ်ယာမြေနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေကို နိုင်ငံတော်က ချမှတ်ထားတဲ့ မူတွေနဲ့ အညီ ကော်မတီဝင်အားလုံးက ဝိုင်းပြီး ဆောင်ရွက်ကြတာဖြစ်ပါတယ်။
တိုင်စာတွေထဲမှာ အမျိုးသမီးကိစ္စတွေ၊ ကလေးသူငယ်ကိစ္စတွေ၊ အရွယ် မရောက်သေးတဲ့ စစ်မှုထမ်းကလေးကိစ္စတွေ၊ ဝန်ထမ်းကို အလုပ်က ထုတ်ပယ်ခွင့် ကိစ္စတွေ ဒီလိုမျိုး ကိစ္စအစုံ ပါပါတယ်။ တိုင်စာအရေ အတွက်က ၂၀၀၀ ကျော်လောက် ရှိပါတယ်။ ဒီအထဲက ၁၀၀၀ ကျော်လောက် ပြီးစီးပါပြီ။ ကော်မတီရဲ့ စိစစ်ရေး''မူ''နဲ့ မကိုက်ညီ တဲ့အတွက် ၁၂၀၀ ကျော်ကို မှတ်တမ်းအဖြစ် ထားရှိပါတယ်။
ဒီလိုတိုင်ကြားတဲ့အခါ ကျွန်တော်တို့ ကော်မတီကို လိပ်မူပြီး တိုင်ကြားရင် ပထမဦးစားပေးအဖြစ် ဆောင်ရွက်ပါတယ်။ တချို့ တိုင်ကြားစာတွေ ကတော့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းကို လိပ်မူတဲ့အတွက် ဒုတိယ ဦးစားပေးအဖြစ် ဆောင်ရွက်ပါတယ်။ ပြည်သူတွေကို အသိပေးချင်တာက ပြည်သူတွေရဲ့ နစ်နာမှုတွေအတွက် တိုင်ကြားစာ ပေးပို့တဲ့အခါ လိပ်စာ၊ လက်မှတ်၊ မှတ်ပုံတင် ဒီလိုမျိုးတွေ မပါတာတွေ ရှိပါတယ်။ ဒါကြောင့် တိုင်ကြားစာပေးပို့တဲ့အခါ ကျွန်တော်တို့ ကော်မတီ ကို လိပ်မူပြီး ပြည့်ပြည့်စုံစုံ တိုင်ကြားပေးကြပါလို့ အသိပေးပြောကြားလို ပါတယ်။
ပူးပေါင်းဆောင်ရွက်
ဦးဝင်းမြင့်အောင် ။ ။ ကျွန်တော်တို့ နိုင်ငံရဲ့ ပထမဦးဆုံး ရည်မှန်းချက်က မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပျောက်ဆုံး နေတာကို ပြန်လည် ရှာဖွေဖို့ပါ။ အခု ပြန်လည်ရှာဖွေခွင့်ရပြီ။ ဒီလို ပြန်လည်ရှာဖွေတဲ့အခါ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ ကော်မတီအနေနဲ့ စွမ်းအားရှိသမျှ ဆောင်ရွက်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါ သက်ဆိုင်ရာအဖွဲ့အစည်းဖြစ်တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ အခက်အခဲတွေလည်း အများကြီးရှိပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ရှိမှလည်း လူ့အခွင့်အရေးကို အပြည့်အဝကာကွယ် စောင့်ရှောက်ခွင့်ရှိတာပါ။ ဒီလိုဆက်စပ်နေတာကြောင့် ကျွန်တော်တို့ ကော်မတီအနေနဲ့ကတော့ အစွမ်းရှိသမျှ ရုန်းကန်လှုပ်ရှားနေပါတယ်။ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေ လေးနက်သိမ်မွေ့တဲ့အတွက် ကျွန်တော်တို့ကော်မတီသာမက နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက် ဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ရောက်ရှိလာတဲ့ တိုင်စာတွေက နိုင်ငံသား လူ့အခွင့်အရေးကို ချိုးဖောက်ခံရလို့ တိုင်ကြားကြတာတွေ များပါ တယ်။ လယ်ယာမြေသိမ်းယူခံရလို့ တိုင်ကြားကြတယ်။ ဒီလိုမျိုးကိစ္စတွေကို ကော်မတီအနေနဲ့ သေချာ စိစစ်မှတ်ချက်ရေးပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနကို ပေးပို့ဆောင်ရွက် ပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေကို များများဖြည့်ဆည်း နိုင်ခြင်း ကြောင့် နိုင်ငံပုံရိပ် ပိုမိုတိုးတက်ကောင်းမွန်လာပြီး နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေး ပိုမို ကောင်းမွန် ဖွံ့ဖြိုးလာမှာဖြစ်တဲ့အတွက် နိုင်ငံသား အားလုံး ကြိုးစားအကောင် အထည်ဖော်ရမှာဖြစ် ပါတယ်။ ကော်မတီအနေနဲ့ ပြည်သူတွေရဲ့ တိုင်ကြားစာတွေကို အလေးအနက်ထားပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဦးစိုင်းထွန်းစိန် ။ ။ ခုနက ကျွန်တော်တို့ ကော်မတီဥက္ကဋ္ဌနဲ့ အတွင်း ရေးမှူး ပြောကြားခဲ့သလို ကော်မတီအနေနဲ့ ပြည်သူတွေရဲ့ တိုင်ကြားစာ တွေကို ရောက်ရှိလာတာနဲ့ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ ဆောင်ရွက် ပေးလျက်ရှိပါတယ်။ တိုင်ကြားစာတွေ၊ အသနားခံစာတွေကို ကော်မတီ မှာ စိစစ်ပြီး သက်ဆိုင်ရာ ဌာနတွေကို ပေးပို့ပါတယ်။ ပြန်လည်အကြောင်း ကြားစာကို တိုင်ကြားသူတွေဆီကို ပြန်ပြီးပေးပို့ ပေးပါတယ်။ ပြီးတော့ ကော်မတီမှာ ဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင်ဖို့၊ ပြဋ္ဌာန်းဖို့ တာဝန်တွေ ပေးထားတာတွေ ရှိပါတယ်။
ဦးစိုင်းဖိုးမြတ် ။ ။ ဒီကော်မတီကို ကျွန်တော် ၂၀၁၈ ခုနှစ် ဇွန်လပိုင်းက ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော် ကော်မတီကို ရောက်ရှိခဲ့တဲ့ အချိန်မှာ ခုနက ဆွေးနွေးသွားကြသလို ဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက် ကြပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ပြည်သူတွေ ပေးပို့လာတဲ့အပေါ်မှာ ကော်မတီဝင် တွေက စိစစ်ဆောင်ရွက်ပါတယ်။ ကျွန်တော်တို့ စိစစ်ရတဲ့ အမှုတွေကတော့ အစုံပါပဲ။ ကော်မတီ စတင်ဖွဲ့ စည်း ခဲ့တဲ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်ကနေ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၉ ရက်အထိ ဝင်စာ စုစုပေါင်း ၂၆၂၁ စောင် ရှိပါတယ်။ ဆောင်ရွက်ပြီးစီးမှုက ၁၁၆၁ စောင်ရှိပါတယ်။ ဒုတိယဦးစားပေးအနေနဲ့ ဆောင်ရွက်ရမယ့် စာက ၁၃၅ စောင်ရှိပြီးတော့ မှတ်တမ်းအနေနဲ့ ထားရှိ ရမယ့် စာက ၁၂၀၁ စောင်ရှိပါတယ်။ ဆောင်ရွက်ဆဲ တိုင်ကြားစာ ၁၂၄ စောင်ရှိပါတယ်။
ကူညီဆောင်ရွက်
ဒေါ်သန္တာ ။ ။ ကျွန်မတို့ ကော်မတီမှာ အားသာချက်တွေရှိသလို အားနည်းချက်တွေ လည်း ရှိပါတယ်။ ကျွန်မတို့ ကော်မတီကို ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းတဲ့အခါ ကျွန်မတို့ ကော်မတီရဲ့ ရည်ရွယ်ချက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ပါ နိုင်ငံသားများရဲ့ မူလအခွင့်အရေးတွေ မဆုံးရှုံးစေရေး ကူညီဆောင်ရွက်သွားဖို့လို့ ပါပါ တယ်။ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေး ကို ရရှိအောင် လုပ်ပေးရမယ်လို့ ဖော်ပြထားတဲ့အတွက် အကန့်အသတ်ရှိ တဲ့ သဘောလည်း ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသား လွှတ်တော်မှာဆိုရင် ကော်မတီအမည်မှာ လူ့အခွင့်အရေးဆိုပြီး တွဲပါတယ်။ ကျွန်မတို့ ပြည်သူ့လွှတ်တော်က နိုင်ငံသားများ၏ မူလအခွင့် အရေးဆိုင်ရာလို့ပဲ ပါပါတယ်။ ဒါပေမယ့် ကျွန်မတို့ဆီကို ရောက်ရှိလာတဲ့ ပြည်သူတွေရဲ့ တိုင်ကြားစာတွေကတော့ နိုင်ငံသားအခွင့်အရေး နဲ့ဆိုင်တာ၊ လူ့အခွင့်အရေးနဲ့ဆိုင်တာ အကုန်ပါပါတယ်။
ဒီလို တိုင်ကြားစာတွေ ဆောင်ရွက်တဲ့အခါ နိုင်ငံတကာ ကွန်ဗင်းရှင်းတွေ၊ နိုင်ငံတကာ သဘောတူစာချုပ်တွေကို ကျွန်မတို့ နိုင်ငံက ပါဝင်ထားတဲ့ အတွက် ဒါတွေနဲ့အညီလည်း ဆောင်ရွက်ရပါတယ်။ အခုနောက်ပိုင်းမှာ ကျွန်မတို့ ကော်မတီက ဥပဒေကြမ်းရေးဆွဲရာမှာလည်း ပါဝင်ဆောင်ရွက် ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူ့လွှတ်တော်က ပြင်ဆင်တဲ့၊ စတင်ရေးဆွဲတဲ့ ဥပဒေကြမ်းတွေကို နိုင်ငံသားအခွင့်အရေးနဲ့ ကိုက်ညီ အောင် ကျွန်မတို့က ပါဝင်ဆွေးနွေးခွင့် ရတဲ့အတွက် အားသာတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ပြီးတော့ ခုနက ဆွေးနွေးတဲ့ နိုင်ငံတကာ ကွန်ဗင်းရှင်းတွေ၊ နိုင်ငံတကာ သဘောတူစာချုပ်တွေနဲ့ ကိုက်ညီအောင် လည်း ဆွေးနွေးပေးရပါတယ်။ ကော်မတီမှာ တိုင်ကြားစာတွေလည်း ရှိပါတယ်။ တိုင်ကြားစာတွေအပေါ်မှာ ကော်မတီဝင်တွေက ခွဲဝေပြီး စိစစ်ကြပါတယ်။ ဒီလိုစိစစ်ပြီး မှတ်ချက်ပြုတဲ့အခါ ကော်မတီဝင်တွေရဲ့ မှတ်ချက်က တူတာမျိုး ရှိသလို ကွဲပြားတာလည်းရှိပါတယ်။ တူညီရင် တော့ သက်ဆိုင်ရာကို ဆက်လက်ပို့ပါတယ်။ မတူရင်တော့ ကော်မတီထဲ မှာ ပြန်ပြီး ဆွေးနွေးပါတယ်။ ဆွေးနွေး ပြီးတော့မှ ရလာတဲ့ ရလဒ်ကို သက်ဆိုင်ရာကို ပေးပို့တာဖြစ်ပါတယ်။
ပေးပို့တဲ့အခါ ပြန်ကြားစာတွေလာပါတယ်။ ပြန်ကြားစာတွေဟာ ပြည်သူတွေအတွက် အားရစရာကောင်းတဲ့ ပြန်ကြားစာမျိုးတွေလည်း ရှိပါတယ်။ တချို့စာတွေကျတော့ ယေဘုယျ ဆန်ဆန် ပြန်ကြားတာမျိုး ရှိပါတယ်။ ဒီလိုမျိုး ယေဘုယျဆန်ဆန် ပြန်ကြားတာမျိုးအတွက် ဒုတိယအကြိမ် တွန်းအားပေးနိုင်အောင် ကျွန်မတို့ ကော်မတီထဲမှာ ထပ်ပြီး ဆွေးနွေးပါတယ်။ ကျွန်မတို့ ကော်မတီရဲ့ လုပ်ဆောင်ချက်၊ အားသာချက်၊ အားနည်းချက်တွေကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးက တစ်ဆင့် ပြည်သူ့လွှတ်တော်ကို နှစ်စဉ် အစီရင်ခံစာ တင်သွင်းရပါတယ်။ ဥပဒေအရ ကျွန်မတို့ ကော်မတီတွေရဲ့ အစီရင်ခံစာတွေကို ကန့်ကွက်ခွင့် တော့ မရှိပါဘူး။ ဒါပေမယ့် လိုအပ် တာတွေကို လွှတ်တော်ကိုယ်စားလှယ် တွေ အနေနဲ့ အကြံပြုလို့ရပါတယ်။ ဖြည့်စွက်ဆွေးနွေးလို့လည်း ရပါတယ်။ ကျွန်မတို့အနေနဲ့ အားသာ ချက်၊ အားနည်းချက်တွေကို သုံးသပ်ပြီး ကျန်ရှိတဲ့ ကာလအတွင်းမှာ ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။
တတ်အားသမျှဆောင်ရွက်
ဦးစော ။ ။ ဒီနေ့ စကားဝိုင်းမှာ ကော်မတီဝင်တွေကလည်း စုံစုံလင်လင် ဆွေးနွေး သွားကြပါတယ်။ ကျွန်တော့်အနေနဲ့ ထပ်ပြီး ဆွေးနွေးလိုတာ ရှိပါတယ်။ တိုင်ကြားစာတွေ ဆောင်ရွက်တဲ့အခါ ကျွန်တော်တို့ ကော်မတီကို ပြန်ကြားတာတွေက ကြန့်ကြာမှုရှိတာတွေ ရှိပါတယ်။ ဒီလို ကြန့်ကြာမှုရှိတဲ့အတွက် အကြောင်း ပြန်ကြားပေးဖို့ ထပ်ပြီး တိုက်တွန်း ပြောကြား ရတာမျိုးတွေ ရှိနေတုန်းပါ။ ပြည်သူတွေရဲ့ နစ်နာမှုတွေကို ဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက် ပြည်သူတွေ မြန်မြန်ဆန်ဆန်၊ မှန်မှန်ကန်ကန် သိနိုင်ဖို့ လိုပါတယ်။ ပြီးတော့ တချို့ ပြည်သူတွေရဲ့ နစ်နာချက်တွေ တင်ပြတဲ့အခါ ပြည်သူတစ်ဦးချင်း၊ တစ်ယောက်ချင်း အတွက် နစ်နာတယ်လို့ ထင်ရပေမယ့် တစ်ဖက်ကလည်း ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်တွေနဲ့အညီ ဖြစ်ဖို့လည်း လိုပါတယ်။ ပြည်သူတွေအနေနဲ့လည်း ပြည့်ပြည့်စုံစုံ တိုင်ကြားဖို့ လိုတဲ့အကြောင်းနဲ့ သက်ဆိုင်ရာ ဌာနတွေကလည်း ပြည်သူတွေရဲ့ တိုင်ကြားမှုအပေါ် ဘယ်လိုဆောင်ရွက်ပေးသွား မယ်ဆိုတဲ့အကြောင်းကို အမြန်ပြန်လည် အကြောင်းပြန်ဖို့ လိုတယ်ဆိုတဲ့အကြောင်းကို အသိပေးတင်ပြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ကော်မတီကလည်း နိုင်ငံသားတွေရဲ့ အခွင့် အရေးအတွက် တတ်အားသမျှ ဆောင်ရွက်ပေး နေပါတယ်။ ဒီလိုဆောင်ရွက်မှုတွေထဲက အင်း၀ အပ်ချုပ်ဆိုင်ကိစ္စဆိုရင် သိသာထင်ရှားတဲ့ ကော်မတီရဲ့ ဆောင်ရွက်မှုတစ်ခုပါ။ ဆိုလိုတာက ကျွန်တော်တို့ ကော်မတီအနေနဲ့ လွှတ်တော်တက်ရောက်နေမှု အချိန်ကလွဲပြီး ကော်မတီရဲ့ ကိစ္စတွေကို အားထုတ်ဆောင်ရွက် နေပါတယ်လို့ အသိပေးလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
ရှင်မင်း၊ ဓာတ်ပုံ-ကေကေ

No comments:

Post a Comment