နေပြည်တော် စက်တင်ဘာ ၁၂
ဂျီနီဗာမြို့၊ ကုလသမဂ္ဂအဆောက်အဦ၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၄၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးမှ လူ့အခွင့်အရေးဆိုင်ရာ နောက်ဆုံး အခြေအနေအား နှုတ်ဖြင့်ရှင်းလင်းတင်ပြမှုအစီအစဉ်(Oral Update) နှင့် လွတ်လပ် သောစုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism-IIM) ၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန် ဆွေးနွေးပွဲတို့ကို စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ပြုလုပ်ခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာအပေါ် အထွေထွေ ဆွေးနွေးမှုတွင် မြန်မာ အမြဲတမ်းကိုယ်စားလှယ်က လူသားအားလုံး လူ့အခွင့် အရေးရရှိစေရေးအတွက် မျှတ၍ အပြုသဘောဆောင်ပြီး လက်တေွ့ကျသည့်ယန္တရား များဖြင့် နိုင်ငံတကာ၏ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန် အရေးတကြီးလိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်။ ကုလသမဂ္ဂပဋိညာဉ်ပါ ရည်ရွယ်ချက်များ၊ အခြေခံမူ များကိုလိုက်နာရန် လိုအပ် ကြောင်း ထောက်ပြခဲ့ပြီး၊ လူတိုင်းပါဝင်မှုရှိခြင်း (Universality)၊ ဘက်လိုက်မှုမရှိခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ဓမ္မဓိဋ္ဌာန်ကျခြင်း စသည့် အခြေခံမူများကို ချိုးဖောက်ကာ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် နိုင်ငံများ၏ ပြည်တွင်း အချုပ် အခြာအာဏာကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် အရေးယူခြင်းများကို ရှောင်ကြဉ် သင့်ကြောင်း ပြောကြားခဲ့သည်။
မျှတစွာဆောင်ရွက်သွားရန် တိုက်တွန်း
မြန်မာအမြဲတမ်းကိုယ်စားလှယ်က အချက်အလက် ရှာဖွေရေးအဖွဲ့ (Fact Finding Mission-FFM) အစီရင်ခံစာနှင့်စပ်လျဉ်း၍ မြန်မာအစိုးရ၊ ကုန်သည်ကြီးများအသင်း၊ ပုဂ္ဂလိကကုမ္ပဏီများ၊ UEHRD နှင့် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်အပါအဝင် မြန်မာတစ်နိုင်ငံလုံး၏ ထူးထူးကဲကဲ ပြင်းထန်သည့် ကန့်ကွက်မှုများရှိကြောင်းနှင့် လူ့အခွင့်အရေးကောင်စီအနေဖြင့် ၎င်း၏လုပ်ငန်း တာဝန်နှင့် သက်ဆိုင်ရာနိုင်ငံ၏ ရပ်တည်မှုအကြား ဘက်လိုက်မှုမရှိဘဲ မျှတစွာ ဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားခဲ့သည်။
မကြာသေးမီကပြုလုပ်ခဲ့သည့် CEDAW ကော်မတီ နှင့် CRDP ကော်မတီတို့နှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများအပါအဝင် အပြည်ပြည်ဆိုင်ရာလူ့အခွင့် အရေးဆိုင်ရာ ကွန်ဗင်းရှင်းများတွင် မြန်မာနိုင်ငံအနေဖြင့် ၎င်း၏ တာဝန်ဝတ္တရား များကို ကျေပွန်စွာဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ပြောကြားရာတွင် မြန်မာအမြဲတမ်း ကိုယ်စားလှယ်က ကလေးသူငယ်များ၏ အခွင့်အရေးများ ဆိုင်ရာ နောက်ဆက် တွဲအခြေပြစာချုပ် (Optional Protocol to the Convention on the Rights of Child)ကို မြန်မာနိုင်ငံမှ အတည်ပြု လက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်းနှင့် ရှေ့လာမည့်နှစ်တွင် UPR လုပ်ငန်းစဉ်အောက်တွင် တတိယအကြိမ် အမျိုးသား အစီရင်ခံစာကို တင်သွင်းသွားရန်ရှိကြောင်း အသိပေးပြောကြားခဲ့သည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်က “UPR ယန္တရား များကို မြန်မာနိုင်ငံအနေဖြင့် အခိုင်အမာ ထောက်ခံ ကြောင်း” ၊ “UPR မှတစ်ဆင့် နိုင်ငံအားလုံး၏ လူ့အခွင့် အရေးအခြေအနေကို အပြုသဘောဆောင်၍ ဘက်လိုက်မှု ကင်းစွာ သုံးသပ်နိုင်ကြောင်း” ၊ “နိုင်ငံတိုင်းတွင် လူ့အခွင့် အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိန်ခေါ်မှုများရှိ ကြောင်းနှင့် မြန်မာနိုင်ငံသည် ခြွင်းချက်ဖြစ်မနေကြောင်း” ပြောကြားခဲ့ပြီး၊ နိုင်ငံတကာအသိုက်အဝန်းမှ မြန်မာနိုင်ငံ အပေါ် အပြုသဘော ဆောင်သည့် ပံ့ပိုးမှုများပေးရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။
IIM နှင့် အပြန်အလှန်ဆွေးနွေးမှုတွင် မြန်မာ အမြဲတမ်းကိုယ်စားလှယ်က လူ့အခွင့်အရေးအပေါ် မြန်မာနိုင်ငံ၏ ခိုင်မာသည့် ရပ်တည်ချက်၊ အရေးယူ ဆောင်ရွက်မှုနှင့် ကတိကဝတ်တို့ကို ထပ်လောင်းအတည်ပြု ပြောကြားခဲ့ပြီး၊ စံနှစ်မျိုးထားရှိမှု၊ နိုင်ငံရေးအသွင် ပြုလုပ်မှု၊ ဘက်လိုက်မှုနှင့် ရွေးချယ်ဆက်ဆံမှုတို့ကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးအပေါ် အမှန်တကယ်စိုးရိမ်ပူပန်မှုနှင့် နိုင်ငံရေး သွတ်သွင်းမှုတို့၏ ကွာခြားမှုကို အပြည့်အဝ နားလည်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံရေးသွတ်သွင်းမှုများရှိ
မြန်မာအမြဲတမ်းကိုယ်စားလှယ်က FFM နှင့် IIM တို့ကို ပြင်းထန်စွာ ကန့်ကွက် ကြောင်း ထပ်လောင်း ပြောကြားရာတွင် FFM ၏ အစီရင်ခံစာများသည် ချွတ်ယွင်း ချက်များရှိပြီး နိုင်ငံရေးသွတ်သွင်းမှုများရှိကြောင်းနှင့် အစီရင်ခံစာတွင် လုံခြုံရေးဝန်ထမ်းများ၊ ရာပေါင်းများစွာ သော ဟိန္ဒူရွာသူ ရွာသားများ၊ အခြားတိုင်းရင်းသား လူနည်းစုနှင့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည့် မွတ်စလင်များအပါအဝင် အပြစ်မဲ့ပြည်သူပေါင်းများစွာအား အာဆာ အကြမ်းဖက်အဖွဲ့မှ ရက်ရက်စက်စက်ကျူးလွန် မှုများကို ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းထားခြင်း မရှိကြောင်း ထောက်ပြခဲ့သည်။
နောက်တစ်ဆင့်နည်းလမ်းဖြစ်
မြန်မာအမြဲတမ်းကိုယ်စားလှယ်က IIM ကို ဖွဲ့စည်းခြင်းသည် မြန်မာနိုင်ငံအပေါ် လွန်ကဲစွာ ဖိအား ပေးခြင်းနှင့် ခွဲခြားစောင့်ကြည့်ခြင်း၏ နောက်တစ်ဆင့် နည်းလမ်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ကျူးလွန်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂရန်ပုံငွေ နည်းပါးနေချိန်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု သက်ဝင်ရှင်သန်နေသည့် မြန်မာနိုင်ငံ အပေါ် စောင့်ကြည့်ရန် ယင်းယန္တရား ၏ ၂ နှစ်တာကာလ အတွက် အမေရိကန်ဒေါ်လာ ၂၆ သန်းကျော် အလဟဿ ပြုလုပ်ခြင်းနှင့်ပတ်သက်၍ များစွာစိုးရိမ်မိကြောင်း၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်က သက်ဆိုင်ရာနိုင်ငံ၏ သဘောတူညီမှုမရှိဘဲ ယန္တရား တစ်ခုပြီးတစ်ခု ချမှတ်ပြီး ဝင်ရောက်စွက်ဖက်နေခြင်းသည် မြန်မာနိုင်ငံအရေးကိစ္စ ကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာအစိုးရ အနေဖြင့် လူ့အခွင့် အရေးချိုးဖောက်မှုမှန်သမျှကို လုံး၀ လျစ်လျူရှုမနေကြောင်းနှင့် လျစ်လျူရှုနေလိမ့်မည်လည်း မဟုတ်ကြောင်း၊ မူနှင့် ထုံးတမ်းစဉ်လာအရ အပြစ်ပေး အရေးယူမခံရသည့် အစဉ်အလာကိုလည်း လက်မခံ ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ တာဝန်ခံမှု တာဝန် ယူမှု ယန္တရား များဖြစ်သည့် လွတ်လပ် သောစုံစမ်းစစ်ဆေး ရေးကော်မရှင် (Independent Commission of Enquiry-ICOE)နှင့် စုံစမ်းစစ်ဆေးရေးခုံရုံးတို့ဖြင့် တာဝန်ခံမှု တာဝန်ယူမှုကိစ္စရပ်များကို အစိုးရမှ ကိုင်တွယ် ဖြေရှင်းလျက်ရှိကြောင်း အသိပေးပြောကြားခဲ့သည်။ ICOE ၏ လုပ်ငန်းတာဝန်များနှင့် ၎င်း၏ ကော့ခ်ဘဇား ခရီးစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်မှုစွပ်စွဲချက်များနှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအပိုင်းတွင် ကိုင်တွယ်ဖြေရှင်းရေး ဆန္ဒရှိသကဲ့သို့ ကိုင်တွယ်ဖြေရှင်း နိုင်စွမ်းလည်းရှိကြောင်းနှင့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ဆောင်ရွက်ရန်ရှိသည်များ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၏ တရားစီရင်မှုခံယူရေး မည်သည့်ကြိုးပမ်း မှုနှင့် ယန္တရားမျိုးကိုမဆို အခိုင်အမာ ကန့်ကွက်ကြောင်း အလေးပေးပြောကြားခဲ့သည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်၊ ပဋိပက္ခများအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ် အပါအဝင် သက်ဆိုင်ရာကုလသမဂ္ဂယန္တရားများနှင့် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးကိုလည်း မြန်မာနိုင်ငံမှ လက်ခံကြိုဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။
ကြိုးပမ်းဆောင်ရွက်လျက်ရှိ
အလုံးစုံချဉ်းကပ်မှုပုံစံဖြင့် နက်နဲရှုပ်ထွေးသည့် ရခိုင်အရေးကို ကိုင်တွယ် ဖြေရှင်းလျက်ရှိသည့် အစိုးရ၏ အားထုတ်မှုများကို ထပ်လောင်းပြောကြားခဲ့သည်။ နေရပ် စွန့်ခွာသူများ ပြန်လည်လွှဲပြောင်းရေး မြန်ဆန်စွာ ဆောင်ရွက် နိုင်ရေးသည် ဦးစားပေးကိစ္စရပ်ဖြစ်သည့်အတွက် မြန်မာ နိုင်ငံအနေဖြင့် UNDP ၊ UNHCR ၊ အာဆီယံနိုင်ငံများ နှင့် ရင်းနှီးသည့်နိုင်ငံများနှင့်ပူးပေါင်း၍ နေရပ်ပြန်လာမည့် သူများအတွက် ပိုမိုသင့်တင့် လျောက်ပတ်သည့် ပတ်ဝန်းကျင်ဖန်တီးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း မြန်မာအမြဲတမ်း ကိုယ်စားလှယ်က ပြောကြား ခဲ့သည်။
နေရပ်စွန့်ခွာသူများ ပြန်လည်လွှဲပြောင်းရေးကို အဟန့်အတားဖြစ်စေရေး ဒုက္ခသည်စခန်းအတွင်း အဖျက်အမှောင့်ပြုလုပ်နေမှုများနှင့် နေရပ်စွန့်ခွာသူများ၏ အတိ ဒုက္ခအခြေအနေအပေါ် အသုံးချမှုများအပါအဝင် များစွာသော အတားအဆီးများရှိကြောင်း၊ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်းနှင့် ချောမွေ့ အောင်မြင်သည့် ပြန်လည် လက်ခံရေးဖြစ်ရန်အတွက် သဘောတူလက်မှတ်ရေးထိုး ထားသည့် စာချုပ်များအား တိကျစွာလိုက်နာပြီး၊ စစ်မှန် သည့် နိုင်ငံရေးဆန္ဒနှင့် ကြိုးပမ်းမှုများစွာ လိုအပ်ကြောင်း ဖြင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်က အလေးအနက် ပြောကြားခဲ့သည်။
နိုင်ငံတကာ အသိုက်အဝန်းအား ဖိတ်ခေါ်
မြန်မာအမြဲတမ်း ကိုယ်စားလှယ်က လူ့အခွင့်အရေး အပေါ် အမှန်တကယ် ကာကွယ် လိုသည့်ဆန္ဒ(သို့မဟုတ်) နိုင်ငံရေးအကြောင်းပြချက်ဖြင့် လူ့အခွင့်အရေးကိစ္စကို ခုတုံးလုပ်လိုသည့်ဆန္ဒ စသည့် နောက်ကွယ်မှ ရည်ရွယ်ချက်ကို ခွဲခြားသိရှိရန် လူ့အခွင့်အရေးကောင်စီကို မေတ္တာ ရပ်ခံလိုကြောင်း၊ သိမ်မေွ့သည့် ရခိုင်အရေးကိစ္စကို ဖြေရှင်းရာတွင် မှန်ကန်မျှတမှုရှိပြီး၊ အပြုသဘောဆောင်သည့် ပံ့ပိုးမှုများကို လိုအပ်ကြောင်းနှင့် မလိုမုန်းထားမှုဖြင့် ခွဲခြား စောင့်ကြည့်စစ်ဆေးမှုနှင့် နိုင်ငံရေး ဖိအားပေးမှုများသည် မြန်မာနိုင်ငံ၏ ကြိုးပမ်း နေမှုများအပေါ် အထောက်အကူ မပြုကြောင်း ပြောကြားခဲ့သည်။ နိဂုံးချုပ်တွင် မြန်မာ အမြဲတမ်း ကိုယ်စားလှယ်က ရင်းနှီးသော မိတ်ဆွေများနှင့် မိတ်ဖက်နိုင်ငံများ၏ ပံ့ပိုးမှုနှင့် အပြုသဘောဆောင် ပူးပေါင်း ဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီခိုင်မာစွာ အမြစ်တွယ်ရေး အတွက် အပြုသဘောဆောင်သည့် နည်းလမ်းဖြင့် မြန်မာနိုင်ငံနှင့် အတူတကွ လက်တွဲဆောင်ရွက်ရန် နိုင်ငံတကာ အသိုက်အဝန်းအား ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment