Tuesday, September 17, 2019

အေးချမ်းပျော်ရွှင်တူယှဉ်နွှဲ မြို့ရွှေကျင်၏ မီးမျှောပူဇော်ပွဲ





မိုးအကုန် ဆောင်းအကူး စပ်ကူးမကူးကာလ ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါတွင် နှစ်စဉ် ရိုးရာမပျက် ကျင်းပလေ့ ရှိသည် ကား ဒေသတွင်း၌သာမက မြန်မာနိုင်ငံအရပ်ရပ်သို့ ပျံ့နှံ့ကျော်ကြားသည့် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့၏ သီတင်းကျွတ် မီးမျှောပွဲတော်ကြီးပင် ဖြစ်သည်။

▲ (၁၆၈)ကြိမ် တိုင်ခဲ့ပြီ ▲
ကုန်းဘောင်ခေတ် နှောင်းပိုင်းမှစ၍ ကျင်းပလာခဲ့သော ရွှေကျင်မီးမျှော ပူဇော်ပွဲသည် မြတ်စွာဘုရားအား အမှူးထား၍ တောင်သမုဒ္ဒရာ၌ ကြေးပြာသာဒ်ဖြင့် စံမြန်းနေသည့် ရှင်ဥပဂုတ္တ မထေရ်မြတ်အား ရည်စူးပြီးနှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက် နေ့တိုင်းတွင် ရွှေကျင်ချောင်းအတွင်း၌ ဆီမီးရောင်စုံ မီးကြာခွက်များကို ရေမျှောပူဇော်သည့် ပွဲတော်တစ်ခုဖြစ်ကာ ခေတ်အဆက်ဆက် ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၁၆၈)ကြိမ် တိုင်ခဲ့ပြီဟု သမိုင်းမှတ်တမ်းများအရ သိရသည်။
▲ ကုန်းပွဲ၊ ရေပွဲများ ▲
ရွှေကျင်မြို့၏ ယခုနှစ် သီတင်းကျွတ် မီးမျှောပူဇော်ပွဲကို သီတင်းကျွတ် လဆန်း ၈ ရက်မှ လပြည့် ကျော် ၂ ရက် (အောက်တိုဘာ ၆ ရက်မှ ၁၅ ရက်) အထိ ကုန်းပွဲ၊ ရေပွဲများဖြင့် ကျင်းပမည် ဖြစ်ကာ ရိုးရာအစဉ်အလာ မပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် တာဝန်ရှိသူများက စီစဉ်လျက်ရှိကြောင်း ကြားသိရသည်။
အစဉ်အလာအားဖြင့် ရွှေကျင်သီတင်းကျွတ် မီးမျှောပူဇော်ပွဲကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၈ ရက် သတ်မှတ်ထားသည့် မင်္ဂလာအချိန်မှစတင် ကျင်းပသည်။ မီးမျှောပူဇော်ပွဲမတိုင်မီ သီတင်းကျွတ် လဆန်း ၁၂ ရက် အထိ ရွှေကျင်မြို့ လေးထပ်ကျောင်း ဓမ္မာရုံကြီး၌ ရှင်ဥပဂုတ္တမထေရ်မြတ် အား အမှူးထား၍ သံဃာတော်များအား ရွှေကျင်မြို့သူမြို့သားများက နေ့ဆွမ်းဆက်ကပ်ပူဇော်ပြီး နောက်တစ်ရက်တွင် ရှင်ဥပဂုတ္တမထေရ် ရုပ်ပွားတော်ကို ရွှေကျင်မြို့အတွင်း၌ လှည့်လည် အပူဇော်ခံကြသည်။
ထို့နောက် ရုပ်ပွားတော်ကို ရွှေကျင် ချောင်းအတွင်းရှိ ကရဝိက်ဖောင်တော် ပေါ်သို့ ပင့်ဆောင်၍ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွား ပူဇော် မည်ဖြစ်သည်။ ယင်းအခါသမယမှ စတင်၍ ရွှေကျင်မီးမျှောပူဇော်ပွဲ ၏ ကုန်းပွဲတော် စတင်ပြီဖြစ်ပြီး ရွှေကျင်မြို့သည် လှုပ်ရှားသက်ဝင် လာကာ ပွဲတော်ကျင်းပရာ နေရာတစ်ဝိုက်၌ ဓမ္မတေးသံများ လွှမ်းခြုံ လျက် ကျင်းပနေကြသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။
▲ ယိမ်းပြိုင်ပွဲနှင့် မီးမျှောပွဲ ▲
ထို့နောက် သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းတွင် ရွှေကျင်မြို့ အရှေ့ဘက် တောင်စွယ်ပေါ်ရှိ အရှေ့မဟာဗုဒ္ဓဘုရားကြီး၌ နံနက်အရုဏ် တက်ချိန်မှစတင်၍ ရွှေကျင်မြို့နယ်အတွင်းနှင့် ရပ်နီးရပ်ဝေးမှ ဘုရားဖူးများက ဆွမ်းတော်ကြီးတင်လှူပွဲကို ကျင်းပကြဦးမည်ဖြစ်သည်။
ပွဲတော်၏ အထွတ်အထိပ်ဖြစ်သည့် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင်မူ နံနက်ခင်း အလင်းရောင်ရသည်နှင့် ရွှေကျင်ချောင်း အတွင်း၌ တက်ခုတ် ယိမ်း၊ တက်ပျံယိမ်း၊ ယိမ်းအဖွဲ့၊ ကရင်ရိုးရာ ဒုံးယိမ်း နှင့် ရှမ်းတိုင်းရင်းသား အကအဖွဲ့များက အလွန်မြူးကြွသည့်အကမျိုးစုံကို လေ့ကျင့်ပြီး ကပြဖျော်ဖြေ ပြိုင်ပွဲဝင်ရန် တာစူနေကြမည်ဖြစ်ပြီး ထိုသို့ ရိုးရာမပျက် ပြိုင်ပွဲဝင်သည့် ယိမ်းအက အဖွဲ့သားများကို အကဲဖြတ် အဖွဲ့များဖြင့် အက၊ အလှ၊ သဘာ၀စိစစ်ပြီး တာဝန်ရှိသူများက ဆုများ ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးအပ်လေ့ရှိသည်။ ထို့နောက် ယင်းနေ့ ညနေပိုင်း မှောင်ရီပျိုးစ ပြုလာမည့် ၆ နာရီအချိန်ခန့်တွင်မူ ရှင်ဥပဂုတ္တ မထေရ်မြတ်အား ရည်စူး၍ ဆီမီးရောင်စုံ မီးကြာခွက်များကို ရွှေ ကျင်ချောင်းအတွင်း ရေမျှော ပူဇော်ကြမည်ဖြစ်သည်။
▲ ရွှေကျင်မီးမျှောပူဇော်ပွဲသို့ ▲
ရွှေကျင်ချောင်းနှင့် ရွှေကျင်မြို့သည် ခွဲခြားမရသကဲ့သို့ အစဉ်အလာမပျက် ကျင်းပနေသည့် မီးမျှောပွဲ တော်သည်လည်း ရွှေကျင်မြို့နှင့် ခွဲခြား၍ မရစကောင်းပေ။
ရွှေကျင်ချောင်းရေပြင်၌ ရွှေကျင်နယ်သူ နယ်သားများနှင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများ ထွန်းညှိပူဇော်ခဲ့သော ဆီမီးရောင်ရှိန် တို့သည် ရိုးရာဘာသာရေးထုံးတမ်းစဉ်လာအရ လောကုတ္တရာ အကျိုး စီးပွားကို ဖော်ဆောင်သည့် ပူဇော်မှုတစ်ခု ဖြစ်သလို ရွှေကျင်ဒေသ၏ အလှပြယုဂ်တစ်ခုလည်း ဖြစ်ပေသည်။
သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သည့် ရွှေရောင်တဝင်းဝင်းဖြင့် တင့်တယ်သပ္ပာယ်စွာ ဖူးတွေ့ရသော စေတီတော်တည်ရှိရာ နေရာ ဖြစ်သည့် ရွှေကျင်မြို့၏ သမိုင်းဝင် ရှေးဟောင်း စေတီတော်ကြီးကို ဖူးမြော်ရင်း ခြိမ့်ခြိမ့်သဲ ဆင်နွှဲကြမည့် ရွှေကျင်ဒေသ မီးမျှောပွဲတော်သို့ အေးချမ်းပျော်ရွှင်စွာ လာရောက်ဆင်နွှဲနိုင်ကြစေရန် ဖိတ်ခေါ် လိုက်ရပေသည်။
သတင်းဆောင်းပါး - ရဲသိန်းနှင့် ရန်အောင်ထွန်း

No comments:

Post a Comment