Tuesday, September 17, 2019

ဒစ်ဂျစ်တယ်မြန်မာစာနှင့် ယူနီကုဒ်စံကူးပြောင်းရေး ယူနီကုဒ်စံစနစ်ကို အသုံးပြုနိုင်မှသာ မြန်မာစာနှင့် တိုင်းရင်းသားစာများ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်လာမည်


Image may contain: phone

No photo description available.
Image may contain: text
ဒေါက်တာထွန်းသူရသက် (ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်)
ယူနီကုဒ်ဆိုသည်မှာ တစ်ကမ္ဘာလုံးရှိ ဘာသာစကားအားလုံးကို ကွန်ပျူတာစနစ်အမျိုးမျိုးတွင် ရေးဖတ်နိုင်ရန်၊ အပြန်အလှန် တွဲဖက်အသုံးပြုနိုင်ရန်နှင့် အဆင့်မြင့်သော ဘာသာစကား အသုံးပြုခြင်း ဆောင်ရွက်မှုများ စွမ်းဆောင်နိုင်ရန် ရည်ရွယ်၍ အက္ခရာများအား နံပါတ်သတ်မှတ် သိမ်းဆည်းခြင်းဆိုင်ရာ နိုင်ငံတကာစံချိန်စံညွှန်း ဖြစ်ပါသည်။ ယူနီကုဒ်စံစနစ်ကို Unicode Consortium အဖွဲ့အစည်းက နိုင်ငံတကာစံချိန်စံညွှန်းအဖွဲ့အစည်း (International Standard Organization- ISO)နှင့် နိုင်ငံတကာအီလက်ထရောနစ်ဆိုင်ရာ နည်းပညာကော်မရှင် (International Electro-technical Commission- IEC)တို့နှင့် ပူးပေါင်းကာ နည်းပညာ အချက်အလက်များ (Character Database, Technical Standards, Technical Notes, Common Locale Data Repository) ကို သတ်မှတ်ပြီး ပြဋ္ဌာန်းထုတ်ပြန်ပါသည်။ နိုင်ငံတကာစံချိန်စံညွှန်း အဖွဲ့အစည်း ((ISO) ၏ ISO/IEC10646 စံချိန်စံညွှန်းအရ Universal Coded Character Set တွင် တစ်ကမ္ဘာလုံးရှိ ဘာသာစကားအားလုံးအတွက် အက္ခရာပေါင်း ၁၃၇၀ဝ၀ ကျော် သတ်မှတ်ထားပါသည်။

ယူနီကုဒ်စံကိုအသုံးပြုခြင်းအားဖြင့် မြန်မာစာနှင့် တိုင်းရင်းသားစာများကို ကမ္ဘာတစ်ဝန်းရှိ ဘာသာစကားများနှင့် တွဲဖက်ကာ အပြန်အလှန်ရေးသား အသုံးပြုနိုင်မည့်အပြင် ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းအသုံးပြုရာတွင် အက္ခရာစဉ်ခြင်း၊ ရှာဖွေခြင်းနှင့် ဘာသာပြန်ခြင်း အစရှိသော ဘာသာ စကားများနှင့် သက်ဆိုင်သည့် အခြေခံနှင့် အဆင့်မြင့်လုပ်ငန်းစဉ်များကို ဆော့ဝဲစနစ်မျိုးစုံတွင် လွယ်လင့်တကူ အသုံးပြုလာနိုင်ကြပါလိမ့်မည်။ Gboard, Google Translate, Google Maps, Google Lens, Microsoft Office, ICU, CLDR အစရှိသော နိုင်ငံတကာ ဆော့ဝဲစနစ် များနှင့် Windows, Mac, Linux, Android, iOS အစရှိသော Operating Systems များသည် ယူနီကုဒ် စံစနစ်ကိုသာ အခြေခံထားကြ သည့်အတွက် ၎င်းဆော့ဝဲများကိုလည်း ပိုမိုတွင်ကျယ်စွာ အကျိုးရှိရှိ အသုံးပြုလာနိုင်ကြမည်ဖြစ်ပါသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် ယူနီကုဒ်စံကို ပြောင်းလဲသုံးစွဲ နိုင်ခြင်းမရှိသေးသည့် တစ်ခုတည်းသောနိုင်ငံ ဖြစ်ပါသည်။ အခြား နောက်ဆုံးနိုင်ငံများဖြစ်ကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံတို့သည် ၂၀ဝ၈ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်တွင် ယူနီကုဒ်စံစနစ်သို့ ကူးပြောင်း သုံးစွဲနိုင်ခဲ့ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ယူနီကုဒ် ခရီးစဉ်မှာ နှစ် ၂၀ခန့် ကြာရှိခဲ့ ပြီဖြစ်ပါသည်။ မြန်မာစာအဖွဲ့ဝင် ဆရာကြီးများနှင့် မြန်မာကွန်ပျူတာပညာရှင်များ၏ ကြိုးပမ်းမှုဖြင့် မြန်မာသတ်ပုံကျမ်းပါ အစဉ်လိုက် သတ်မှတ်ထားသည့် မြန်မာအက္ခရာ ၇၈ လုံးအတွက် စံသတ်မှတ်ခြင်းကို ၁၉၉၉ ခုနှစ်တွင် ထွက်ရှိသော Unicode 3.0 တွင် စတင်ပါဝင်ခဲ့ပါသည်။ ထို့နောက်တွင် မြန်မာစာ အဖွဲ့ဝင် ဆရာကြီးများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူ များ၊ မြန်မာကွန်ပျူတာ ပညာရှင် များ၊ တိုင်းရင်းသားစာပေ ပညာရှင်များ ၏ ဆက်လက်ကြိုးပမ်းမှုများကြောင့် အဆင့်ဆင့် တိုးတက်မှု ရရှိခဲ့ပါသည်။ ဆက်လက်၍ ၂၀ဝ၈ ခုနှစ်တွင် ထွက်ရှိသော Unicode 5.1 တွင် မြန်မာအက္ခရာ ၁၅၆ လုံး၊ ၂၀ဝ၉ ခုနှစ်တွင် ထွက်ရှိသော Unicode 5.2 တွင် မြန်မာအက္ခရာ ၁၈၈ (၁၆၀ + ၂၈ Extended A) လုံး၊ ၂၀၁၄ ခုနှစ်တွင် ထွက်ရှိသော Unicode 7.0 တွင် မြန်မာအက္ခရာ ၂၂၃ (၁၆၀ + ၃၂ Extended A + ၃၁ Extended B) လုံး အဆင့်ဆင့် တိုးတက် ရရှိခဲ့ပါ သည်။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ အမျိုးသားစံချိန်စံညွှန်း ကောင်စီမှ ISO/IEC 10646:2017 သတင်း အချက်အလက်နည်းပညာ နိုင်ငံတကာသုံးယူနီကုဒ်စံစနစ်ကို မြန်မာစံချိန်စံညွှန်း တစ်ခုအဖြစ် အဆင့်ဆင့် စနစ်တကျဆောင်ရွက် သတ်မှတ်ခဲ့ပါသည်။ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ၂၀၁၉၊ ဧပြီလ ၁ ရက်နေ့မှစတင်၍ အစိုးရရုံးများတွင် ယူနီကုဒ်စံကို လိုက်နာ၍ တိုင်းရင်းသားစာများကိုပါ တွဲဖက်ရေးဖတ်နိုင်သော “ပြည်ထောင်စုဖောင့်” ကို တရားဝင် ရုံးသုံးဖောင့်အဖြစ် စတင်ပြောင်းလဲအသုံးပြုနိုင်ခဲ့ကြပြီဖြစ်ပါသည်။ အများပြည်သူလည်း ယူနီကုဒ် စံစနစ်သို့ ပြောင်းလဲအသုံးပြုရန် လိုအပ်ပါသည်။ ရေးသူ၊ ဖတ်သူ တစ်ပြိုင်နက်တည်းပြောင်းမှသာ အောင်မြင်နိုင်သည့်အတွက် ၂၀၁၉၊ အောက်တိုဘာလ ၁ ရက်နေ့ကို အများပြည်သူ ယူနီကုဒ် စံကူးပြောင်းသုံးစွဲရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။
အများယူဆသကဲ့သို့ ယူနီကုဒ်ဆိုသည်မှာ ဖောင့်နှင့်ကီးဘုတ် မဟုတ်ပါ။ ယူနီကုဒ်သည် ဖောင့်နှင့် ကီးဘုတ် ဆော့ဝဲရေးသားသူများ လိုက်နာရမည့် စံစနစ်တစ်ခု ဖြစ်ပါသည်။ မြန်မာစာဖောင့်များနှင့် ကီးဘုတ်များ ရေးသား ရာတွင် ယူနီကုဒ်စံစနစ်သာမက မြန်မာစာစံရေးထုံးစံနှင့် ကိုက်ညီရန် လိုအပ်ပါသည်။ မြန်မာစာရေးသားရာတွင် ဗျည်း၊ ဗျည်းတွဲ၊ သရ ဟူ၍ ရှိပါသည်။ ဗျည်းနှင့် ဗျည်းတွဲကို ထိဆက်အောင်ရေးသားရပြီး ဗျည်း၊ ဗျည်းတွဲကို သရနှင့် ထိဆက်အောင် မရေးသားရပါ။ ဥပမာ “ကျောင်း”ဟူသောစကားလုံးကို ရေးသားရာတွင် “က” (ကကြီး)နှင့် ၊ “ျ” (ယပင့်) ကို ထိဆက်အောင်ရေးသားရပြီး “​ေ” (သဝေထိုး)၊ “ာ” (ရေးချ)၊ “င်” (ငသတ်) နှင့် “ း ” (ဝစ္ဆန်ပေါက်) တို့ကို မထိဆက်အောင် ရေးသားရပါသည်။ “ကြောင်း”ဟူသော စကားလုံးကို ရေးသားရာတွင် “​ေ” (သဝေထိုး) + “က” (ကကြီး) + “ြ” (ရရစ်) + “m” (ရေးချ)+ “ င် ” (ငသတ်) +“ ; ” (ဝစ္ဆန်ပေါက်) ဟူ၍ ရေးသားရမည်ဖြစ်ပါသည်။ “a” (သဝေထိုး) + “ j ” (ရရစ်) + “က” (ကကြီး)+ “ာ” (ရေးချ) + “ င် ” (ငသတ်) + “ း ” (ဝစ္ဆန်ပေါက်) မဟုတ်ပါ။ မြန်မာစာကွန်ပျူတာစနစ်ကို တည်ဆောက်ရာတွင် မြန်မာစာစံနှင့် ရေးထုံးမှန်ကန်မှသာ စစ်မှန်သောမြန်မာစာ တည်တံ့ခိုင်မြဲနိုင်မည်ဖြစ်ပါသည်။ မြန်မာစာနှင့်တန်းတူ တိုင်းရင်းသားစာများ၊ ရေရှည်တည်တံ့ ခိုင်မြဲစေရေးသည်လည်း မြန်မာနိုင်ငံ သားများအားလုံး၏ တာဝန်ပင်ဖြစ်ပါသည်။
မြန်မာယူနီကုဒ်စံကူးပြောင်းရေး အောင်မြင်စေရန် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးစားကြရန် လိုအပ်ပါ သည်။ အများပြည်သူ မြန်မာယူနီကုဒ်စံ ကူးပြောင်းရေးသည် အစိုးရရုံးများကူးပြောင်းရေးထက် ပိုမို၍ အခက်အခဲများစွာကို ရင်ဆိုင်ရမည်ဖြစ်ပါသည်။ ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများ၊ ဆာဗာများ အမျိုးအစားစုံ အချိန်မီပြောင်းလဲရန် လိုအပ်ပါသည်။ ဖုန်းအော်ပရေတာများ၊ စာနယ်ဇင်းနှင့် သတင်းမီဒီယာများ၊ ဘဏ်များ၊ NGO များ၊ အခြားအများပြည်သူနှင့် ဆိုင်သော အဖွဲ့အစည်းများ၊ ဆားဗစ်စင်တာများ၊ ဖုန်းအရောင်းဆိုင်များ၊ ကွန်ပျူတာနှင့် ဖုန်းထုတ်လုပ်သူများ၊ ကွန်ပျူတာ အသင်းများ၊ အခြားလုပ်ငန်းရှင် အသင်းအဖွဲ့များ၊ နည်းပညာရှင်များ၊ အားလုံးပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါသည်။ သို့မှသာ ပြည်သူများ ပြောင်းလဲသုံးစွဲ ရာတွင် အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ ပြည်သူအများစုသည် မိုဘိုင်းဖုန်း မျိုးစုံကို မော်ဒယ်မျိုးစုံ အသုံးပြုနေကြပါသည်။ စနစ်အသစ်များ၊ စနစ် အဟောင်းများ အားလုံးပါဝင်ပါသည်။ နိုင်ငံခြားမှ တိုက်ရိုက်ဝယ်ယူ လာသော ဖုန်းများတွင် ယူနီကုဒ်စံစနစ်ကို အဆင်သင့် အသုံးပြု နိုင်သော် လည်း မြန်မာနိုင်ငံအတွင်း၌ ဝယ်ယူထားသောဖုန်းများတွင် စံစနစ် မကိုက်ညီသော ဖောင့်နှင့် ကီးဘုတ်များကို ထည့်သွင်းပြီး ဖြစ်သော ကြောင့် မူလယူနီကုဒ်ဖောင့်နှင့် ကီးဘုတ်ကို ပြန်လည် ပြောင်းပေး ရန်လိုအပ်ပါသည်။ ကွန်ပျူတာနှင့် ဖုန်းကျွမ်းကျင်သူ များအတွက် အခက်အခဲမရှိနိုင်သော်လည်း မကျွမ်းကျင်သူများ အနေဖြင့် ခက်ခဲနိုင်ပါသည်။ ထို့ကြောင့် သတင်းစာများ၊ တီဗွီချန်နယ်များ၊ လူမှုကွန်ရက်များ၊ အနုပညာရှင်များ၊ Social Influencers များ၊ Key Opinion Leader (KOL) များမှတစ်ဆင့် အရေးကြီးသော အချက်အလက် များ ပြည်သူများအားလုံးထံ ရောက်ရှိအောင် ဆောင်ရွက်ရန် လိုအပ်ပါသည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ တွင် ယူနီကုဒ်စံစနစ်သို့ တစ်နိုင်ငံလုံး ကူးပြောင်းသုံးစွဲကြမည်ကို ပြည်သူအားလုံး သိရန်လိုအပ်ပါသည်။ အခက်အခဲမျိုးစုံ တွေ့ကြုံလာ နိုင်မည် ဖြစ်သဖြင့် ကြိုတင်၍ စမ်းသပ်ပြောင်းလဲထားသင့်ကြောင်း ကြိုတင်အသိပညာပေးခြင်းများ လိုအပ်ပါသည်။
အချုပ်အားဖြင့်တင်ပြရသော် ယူနီကုဒ်စံစနစ်ကို အသုံးပြုနိုင်မှသာ မြန်မာစာနှင့် တိုင်းရင်းသား စာများ ကမ္ဘာနှင့် ရင်ပေါင်တန်း နိုင်ပါလိမ့်မည်။ မြန်မာနိုင်ငံ၏ ”ဒစ်ဂျစ်တယ်အစိုးရနှင့် ဒစ်ဂျစ်တယ် စီးပွားရေးစနစ်များ တိုးတက်အောင်မြင်နိုင်ရန်နှင့် စတုတ္ထစက်မှု တော်လှန်ရေးတွင် နောက်ကျ မကျန်ရစ်စေရန်အတွက် အများပြည်သူအနေဖြင့် အဆင့်မြင့်နည်းပညာများကို မြန်မာစာနှင့် တိုင်းရင်းသားစာများဖြင့် အခြေခံ၍ အသုံးပြုနိုင်ရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် အရေးကြီး ဆုံး အခြေခံလိုအပ် ချက်တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ယူနီကုဒ်စံကူးပြောင်းခြင်းဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားတိုးတက်အောင်မြင်မှုရရှိစေရန် အဓိကကျသောခြေလှမ်းကို ဆောင်ရွက် ကြရမည်ဖြစ်ပါသည်။
“မြန်မာယူနီကုဒ်စံ ကူးပြောင်းရေးသည် ပြည်ထောင်စု တိုင်းရင်းသား အားလုံး၏ အမျိုးသားရေး တာဝန်တစ်ရပ် ဖြစ်ပါသည်။ ပြိုင်တူရွှေ့မှ ရွေ့မည့် အရွေ့တစ်ခုလည်း ဖြစ်ပါသည်။”

No comments:

Post a Comment