Tuesday, September 17, 2019

ထိခိုက်မိသူ မကျန်ရ ရှေးဦးပြုစုကြ




တက္ကသိုလ်ဇော်ထူးဦး
ယနေ့ကမ္ဘာတွင် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များစွာရှိနေ၏။ သဘာ၀တရားကြောင့် ဖြစ်ပျက်မှု၊ လူသားတို့၏ လုပ်ဆောင်မှုတို့ကြောင့် လူနှင့် သက်ရှိသတ္တဝါများသည် အသက်အန္တရာယ် ဖြစ်ပွားနိုင်မှုများစွာ နှင့် ရင်ဆိုင်နေကြရ၏။ လူတစ်ဦးတစ်ယောက်၏ အသက်အန္တရာယ် လုံခြုံမှုအတွက် အာမခံနိုင်မှုများ လိုအပ်နေသလို ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုသည်လည်း အလေးပေးရမည့် အချက်ပင်ဖြစ်၏။ လူတစ်ဦး၏ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်မှုနှင့် ပြုစုကုသမှု များကို ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ မတော်တဆထိခိုက် အနာတရ ဖြစ်မှုများ အတွက် အရေးပေါ်ပြုစုပေးနိုင်သည့် ကျန်းမာရေးဆိုင်ရာ အထောက်အကူ ပြုနည်းစနစ်များလည်း လိုအပ်မည်ဖြစ်သည်။

မတော်တဆ ဒဏ်ရာရမှုနှင့် ရုတ်တရက် ရောဂါဝေဒနာ ခံစားရမှုများ အတွက် ကျွမ်းကျင်သော ဆေးဝါးကုသမှုခံယူရန် လိုအပ်မည်ဖြစ်၏။ သို့သော်လည်း ဖြစ်ပွားသည့်နေရာ၊ ဖြစ်ပွားသည့် အခြေအနေအပေါ် မူတည်ကာ ချက်ချင်းဆေးဝါးကုသမှုရရှိရန် အခက်အခဲ ရှိကောင်းရှိ နေနိုင်၏။ ထိရောက်မှန်ကန်သော ပြုစုမှုကို ပေးနိုင်ပါက ဆေးဝါးကုသမှု ခံယူရန်ပင်မလိုဘဲ နှင့်လည်း ရှိနိုင်၏။ မည်သို့ပင်ဆိုစေကာမူ ဖြစ်ပွားသည့်နေရာနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ၊ ဆေးရုံ၊ ဆေးခန်းသို့ မရောက်မီ၊ ကုသမှုမခံယူမီ အသက်နှင့်ကိုယ်ခန္ဓာတည်မြဲရေး၊ အခြေအနေ ပိုပိုဆိုးရွား မလာစေရေး နှင့် အလျင်မြန်ဆုံး ပြန်လည် ကောင်းမွန်လာစေရေးအတွက် ပြုစုပေးရမည်ဖြစ်သည်။
▲ ရှေးဦးပြုစုခြင်းအတတ်ပညာ ▲
ပဏာမကျန်းမာရေး စောင့်ရှောက်မှုတွင် မတော်တဆထိခိုက် အနာတရ ဖြစ်ပွားခြင်းကို ဆေးဘက် ဆိုင်ရာမရောက်မီ အရေးပေါ်ပြုစုပေးခြင်းဖြင့် အသက်အန္တရာယ် ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်၏။ အရေးပေါ်ပြုစုပေး ရာတွင် ရှေးဦး ပြုစုခြင်း အတတ်ပညာသည် လူတိုင်းတတ် မြောက်သင့်သည့် အတတ်ပညာတစ်ခုဖြစ်ပြီး မိမိကိုယ်ကို လည်းကောင်း၊ မိသားစုအားလည်းကောင်း၊ မိမိပတ်ဝန်း ကျင်ရှိ လူသားများကို လည်းကောင်း ကူညီဆောင်ရွက်ပေးနိုင်သည်။
မျက်မှောက်ခေတ်ကာလတွင် ဆန်းပြားသောအနာရောဂါဝေဒနာများ ဖြစ်ပွားလျက်ရှိသကဲ့သို့ တိုးတက်သော နည်းပညာများဖြင့် ကုန်ထုတ် လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဆောက်လုပ် ရေးလုပ်ငန်း စသည်တို့တွင်လည်း ထိခိုက်အနာတရဖြစ်မှုများ ရှိနေကြ၏။ အလားတူ မိမိတို့နေအိမ်အတွင်း အသုံးပြုနေကြသော ပစ္စည်းကိရိယာများကို ကိုင်တွယ်အသုံးပြုမှုများတွင်လည်း မတော် တဆ ထိခိုက်အနာတရ ဖြစ်မှုများနှင့် ကြုံတွေ့နိုင်သည်။
ဘေးအန္တရာယ် တစ်ခုခုကြောင့်ဖြစ်စေ၊ မတော်တဆထိခိုက် အနာတရ ဖြစ်သည့် အခါတွင်ဖြစ်စေ၊ ရုတ်တရက် နေထိုင်မကောင်းမှုများ တွင်ဖြစ်စေ၊ အခြေအနေ ပိုမိုမဆိုးရွားစေရန်နှင့် အလျင်မြန်ဆုံး ပြန်လည်ကောင်းမွန်စေရန် ရှေးဦးပြုစုပေးဖို့လိုအပ်၏။ အရေးပေါ် ရှေးဦးပြုစုပေးခြင်းသည် ဖြစ်ပွားသည့်နေရာနှင့် ကျွမ်းကျင်သော ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်(သို့မဟုတ်) ဆေးရုံ၊ ဆေးခန်းသို့ မရောက်မီ အသက်ဆုံးရှုံးမှုကို ကာကွယ်ပေးခြင်းပင် ဖြစ်သည်။
▲ စစ်ပွဲများမှစသည့်ပညာ ▲
ရှေးဦးပြုစုခြင်း နည်းစနစ်များသည် စစ်ပွဲကိုအခြေပြုကာ ပေါ်ပေါက်လာ ခဲ့ပြီး ရှေ့တန်းစစ်မျက်နှာတွင် ဒဏ်ရာရသောစစ်သည်များကို နောက်တန်းစစ်မြေပြင်ဆေးရုံသို့ ပို့ဆောင်စဉ် အသက်မဆုံးရှုံးစေရန် ဆောင်ရွက်ပေးသည့် ဆေးအတတ်ပညာ နည်းစနစ်များဖြစ်၏။ နောက်ပိုင်း စစ်အေးကာလတွင် အရပ်ဘက်တွင်လည်း တွင်ကျယ်စွာအသုံးဝင်လာခဲ့သည်။
ရှေးဦးပြုစုနည်းကို စတင်တီထွင်သူမှာ ဂျာမန်စစ်တပ်၏ ဆေးမှူးချုပ် ဒေါက်တာအက်စ်မတ်ခ်ျ Dr.Esmarch ဖြစ်ပြီး ပြင်သစ်နှင့်ပရပ်ရှား စစ်ပွဲကာလတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်၏။ စစ်မြေပြင်မှ တွေ့ရှိချက်များကို အခြေခံကာ ထိခိုက်ဒဏ်ရာရသူများအတွက် ရှေးဦးပြုစုခြင်းနှင့် စစ်မြေပြင်မှ ရှေးဦးပြုစုနည်းများ စာအုပ်ကို ရေးသား ခဲ့၏။ စစ်ပွဲများမှစခဲ့သော ရှေးဦးပြုစု နည်းပညာသည် ယနေ့မျက်မှောက် ခေတ် ကာလအရပ်ဘက်ဆိုင်ရာ လူမှုပတ်ဝန်းကျင်တွင် အရေးပေါ် ထိခိုက်အနာတရဖြစ်မှုများအတွက် အသက်ကယ်နည်း အတတ် ပညာအဖြစ် အသုံး၀င် လျက်ရှိနေသည်။
ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ကြက်ခြေနီလှုပ်ရှားမှု၏ ဖခင်ဖြစ်သော ဟင်နရီဒူးနန့်သည် ဆိုဖာရီနိုစစ်ပွဲ၏ အနိဋ္ဌာရုံမြင်ကွင်းကို မြင်တွေ့ပြီး ဒဏ်ရာရစစ်သည်တော်များအတွက် စစ်တပ်များ တွင် ဆေးအဖွဲ့များ အလုံအလောက်ထားသင့်ကြောင်း၊ နိုင်ငံတိုင်းတွင် စစ်မက်ဖြစ်ပွားပါက တပ်မတော်ဆေးတပ်ဖွဲ့များအား ကူညီနိုင်ရန် စေတနာ့ဝန်ထမ်း ဆေးအဖွဲ့များကိုဖွဲ့စည်းကာ ကြိုတင် လေ့ကျင့် ပေးထားသင့်ကြောင်း တိုက်တွန်းခဲ့၏။ ယင်းနောက်ပိုင်းတွင် ကြက်ခြေနီစေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့သည်။
အသင်းဝင် ၁၉၂ နိုင်ငံပါဝင်သော အမျိုးသားကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း (The International Federation of Red Cross and Red Crescent Societies IFRC) သည် လူသားတို့၏ အသက်နှင့်ခန္ဓာတည်မြဲရေးကို စွမ်းဆောင်ပေးနိုင်သော ရှေးဦးပြုစုခြင်း အတတ်ပညာ ကို အလေးအနက်ဖော်ညွှန်းလိုခြင်း၊ ဂုဏ်ပြုလိုခြင်း အတွက် အထိမ်းအမှတ်နေ့တစ်နေ့ကို ရွေးချယ် သတ်မှတ်ခဲ့သည်။
▲ ရှေးဦးပြုစုခြင်းနေ့ ▲
၂၀၀၀ ပြည့်နှစ်တွင် ဥရောပ ၁၆ နိုင်ငံရှိ အမျိုးသားကြက်ခြေနီ အသင်းများက ရှေးဦးပြုစုခြင်း နေ့ကို စတင်ကျင်းပခဲ့၏။ ၂၀၀၁ ခုနှစ်တွင် အမေရိကအလယ်ပိုင်း ဒေသတွင်းရှိ နိုင်ငံများမှ ကြက်ခြေနီအသင်းများ ကပါ ကျင်းပလာကြ၏။ ၂၀၀၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၏ စည်းရုံးလှုံ့ဆော်မှုဖြင့် ကမ္ဘာတစ်ဝန်းလုံးတွင် ကျင်းပသွားရန် ဆုံးဖြတ်ခဲ့၏။ ကမ္ဘာ့ရှေးဦးပြုစု ခြင်းနေ့ကို နှစ်စဉ်စက်တင်ဘာလ ဒုတိယပတ်(စနေနေ့) ဒေသ စံတော်ချိန် ၁၁ နာရီတွင် နိုင်ငံတိုင်း၌ တစ်ပြိုင်နက်တည်း ကျင်းပကြ ရန် သတ်မှတ်ခဲ့သည်။
▲ နှစ်စဉ်ဆောင်ပုဒ်များ▲
ထိုသို့ ကျင်းပရာတွင် နှစ်စဉ်ဆောင်ပုဒ်တစ်ခုကို သတ်မှတ်ခဲ့၏။ ၂၀၀၃ နှင့် ၂၀၀၄ ခုနှစ်တွင် “ ရှေးဦး ပြုစု လူမှုကရုဏာ အပေါင်းလက္ခဏာ” ၂၀၀၅ ခုနှစ်တွင် “ဘေးဖြစ်လွယ်သူ အားပေးကူ ရှေးဦး ပြုစုနည်းဖြင့် တာဝန်ယူ”၊ ၂၀၀၆ ခုနှစ်တွင် “မခွဲမခြား အသက်ပေါင်းများစွာ ကယ်တင် သူ ကြက် ခြေနီရှေးဦးပြုစုသူ”၊ ၂၀၀၇ ခုနှစ်တွင် “မခွဲမခြား ရှေးဦးပြုစု ပေးတာ ဘေးကင်းကျန်းမာ လူထု အတွက်ပါ”၊ ၂၀၀၈ ခုနှစ်တွင် “လူသားအသက် ရှင်သန်ရေး ရှေးဦးပြုစုပေး”၊ ၂၀၀၉ ခုနှစ်တွင် “လူမှုကရုဏာစွမ်းဆောင်ရာ ရှေးဦးပြုစုခြင်းပညာ” ၊ ၂၀၁၀၊ ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်တွင် “အားလုံးအတွက်သာ ရှေးဦးပြုစုခြင်းပညာ”၊ ၂၀၁၃ ခုနှစ်တွင် “လမ်းအန္တရာယ် ကင်းရှင်းရေး ရှေးဦးပြုစုဝိုင်းကူပေး”၊ ၂၀၁၄ ခုနှစ်တွင် “ရှေးဦးပြုစုစွမ်းဆောင်ရှင် နေ့စဉ်ကြုံတွေ့မှုများတွင် ကူညီအမြဲပင်”၊ ၂၀၁၅ ခုနှစ်တွင် “ရှေးဦးပြုစု ကူညီရေး ကလေးငယ် များ ပါဝင်ပေး”၊ ၂၀၁၆ ခုနှစ် တွင် “ရှေးဦးပြုစုကူညီရေး သက်ရွယ်ကြီးသူ များပါဝင်ပေး”၊ ၂၀၁၇ ခုနှစ်တွင် “အိမ်တွင်းဖြစ်ပွား ထိခိုက်မှုများ ရှေးဦးပြုစုနည်းဖြင့်ကူညီထား”၊ ၂၀၁၈ ခုနှစ်တွင် “ထိခိုက်ဒဏ်ရာ လမ်းပေါ်မှာ ရှေးဦးပြုစုပါ” စသည့်ဆောင်ပုဒ်များဖြင့် ကျင်းပခဲ့သည်။
ယခု ၂၀၁၉ ခုနှစ်အတွက် ဆောင်ပုဒ်မှာ “Addressing exclusion through first aid” ဖြစ်ပြီး “ထိခိုက်မိသူ မကျန်ရရှေးဦးပြုစုကြ”ဟု ဆီလျော်အောင် ပြန်ဆိုနိုင်မည်ဖြစ်သည်။ ရည်ရွယ်သည်မှာ မည်သူမဆို (လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊ ရန်သူ၊ မိတ်ဆွေ၊ အမျိုးသား၊ အမျိုးသမီး၊ သန်စွမ်း သူ၊ မသန်စွမ်းသူ၊ နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေကြသူ၊ အသက်ကြီးသူ၊ အသက်ငယ်သူ) ထိခိုက် ဒဏ်ရာရရှိပါက ပစ်ပယ်ချန်လှပ်မထားဘဲ ပြုစုပေးရမည်ဟု ဖြစ်သည်။
အရေးပေါ်ကူညီရန် ဥပဒေအကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် အရေးပေါ်လူနာအား အချိန်မီကူညီ စောင့်ရှောက်ပြီး ဆေးဝါးကုသမှုပေးနိုင်ရန် ဥပဒေတစ်ရပ်ကို ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းပေးထား၏။ အဆိုပါ ဥပဒေတွင် ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာကို တွေ့ရှိသူသည် ယင်းလူနာကို မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားသူတစ်ဦး၏ အကူအညီ ကိုရယူ၍ဖြစ်စေ အရေးပေါ်ကူညီစောင့်ရှောက်ပေးရန် တာဝန်ရှိသည်ဟု ဖော်ပြထား၏။
ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ယာဉ်တစ်မျိုးမျိုးကြောင့်သော် လည်းကောင်း၊ သဘာ၀ဘေးအန္တရာယ် ကြောင့်သော်လည်းကောင်း၊ အခြားအကြောင်း တစ်ရပ်ရပ်ကြောင့် သော်လည်းကောင်း လူ၏အသက်ကိုဖြစ်စေ၊ ကိုယ်ခန္ဓာ အစိတ်အပိုင်း ကိုဖြစ်စေ၊ စိတ်ပိုင်း ဆိုင်ရာကိုဖြစ်စေ ထိခိုက်မှုဖြစ်စေသည့် ဒဏ်ရာရရှိသူ ကို ဆိုလို၏။ ယင်းကဲ့သို့ လမ်းပေါ်တွင် ထိခိုက်အနာတရဖြစ်သော လူနာများအား တေွ့ရှိပါက အသက်အ္တရာယ်မဆုံးရှုံးစေရန် ရှေးဦးပြုစု နည်းဖြင့် ပြုစုပေးရမည်ဖြစ်သည်။
▲ တပ်ကြပ်ကြီး စိုင်းအောင်လှိုင်မြင့် ▲
ရှေးဦးပြုစုနည်းဖြင့် အသက်ကယ်နိုင်ခဲ့သည့်အတွက် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ သူ တစ်ဦးရှိခဲ့၏။ ကချင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ တပ်ကြပ်ကြီး စိုင်းအောင်လှိုင်မြင့်ဖြစ်၏။ တပ်မတော်ယာဉ် တစ်စီး ကူးတို့ဖောင်ပေါ် တက်စဉ် အရှိန်လွန်ပြီး ရေထဲနစ်မြုပ်ခဲ့ရာ ကားတွင်ပါလာသော တပ်မတော်သား တစ်ဦးအား ရေထဲမှစွန့်စွန့်စား စားကယ်တင်ကာ ရှေးဦးပြုစုနည်းဖြင့် အသက် ပြန်ရှင်အောင် ကယ်ဆယ်နိုင်ခဲ့သည့်အတွက် ၁၉၇၇ ခုနှစ်တွင် “ဟင်နရီဒူးနန့်” ဆုတံဆိပ်ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။
ရှေးဦးပြုစုနည်းပညာသည် လူသားတို့အတွက် ပဏာမကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း တစ်ရပ်ဖြစ်ပြီး လွယ်ကူထိရောက်ကာ လူတိုင်းကူညီပြုစုပေးနိုင်သော နည်းစနစ်များပင်ဖြစ်၏။ မည်သို့ပင် ခေတ်မီသောကုသနည်းများ၊ အထောက်အကူပြုပစ္စည်း ကိရိယာများရှိနေပါစေ ဆေးကုသမှုရရှိမည့် ဆေးရုံ၊ ဆေးခန်း၊ ဆေးဘက်ဆိုင်ရာဌာနသို့ မရောက်မီ ထိခိုက်အနာတရ ဖြစ်သူနှင့် ရုတ်တရက်ရောဂါ ဝေဒနာခံစားရသူ၏ အသက်ကိုကယ်တင်ပေးနိုင်သော အတတ်ပညာ ဖြစ်သည်။
▲ အခြေခံ ရှေးဦးပြုစုနည်းပညာ ▲
ရှေးဦးပြုစုခြင်း၏ အခြေခံပြုစုနည်းမှာ ရောဂါဝေဒနာခံစားနေရသူ၊ ထိခိုက်ဒဏ်ရာရရှိသူ၏ အသက် ရှင်သန်ရေးအတွက် အခြေခံကျသော၊ အသက်ရှူလမ်းကြောင်း(လေပြွန်ချောင်း) ပွင့်နေစေရန်၊ အသက်ပုံမှန်ရှူနေ စေရန်နှင့် သွေးလှည့်ပတ်မှု (သွေးခုန်မှု) ရှိနေစေရန် ဆောင်ရွက်ပေးခြင်းဖြစ်၏။
ရှေးဦးပြုစုရာတွင် သွေးလှည့်ပတ်မှုဆိုင်ရာကို ထိခိုက်စေသည့်ဒဏ်ရာများမှ သွေးယိုထွက်ခြင်းများ၊ သွေးဆုတ် သွေးလန့်ခြင်းများ၊ နှလုံးရုတ်တရက်ထိခိုက်မှု၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ထိခိုက်မှုကို ဖြစ်စေသည့် အစာနင်ခြင်း၊ ရေနစ်ခြင်း၊ အာရုံကြောစနစ်ကို ထိခိုက်စေသည့် ဓာတ်လိုက်ခြင်း၊ သတိလစ်မေ့မြောခြင်း၊ ဝက်ရူးပြန်ခြင်း၊ တက်ခြင်း၊ ဦးနှောက်ထိခိုက်ခြင်း၊ အရိုး နှင့် ကြွက်သားများကို ထိခိုက်စေသည့် အရိုးကျိုးခြင်း၊ ကျောရိုးတန်းမ ထိခိုက်ခြင်း၊ ကြွက်သားနှင့် အဆစ်အမျက်များထိခိုက်ခြင်း စသည့်တို့ကို ဖြစ်သည့်နေရာတွင် ရရာပစ္စည်းဖြင့် ပြုစုပေးခြင်း ဖြစ်သည်။
ရှေးဦးပြုစုနည်းများသည် စမ်းတဝါးဝါး ဆောင်ရွက်ပေးခြင်းမျိုး မဟုတ်ပါ။ ဆေးဘက်ဆိုင်ရာက လက်ခံထားသည့် နည်းစနစ်များဖြစ်၏။ ပြုစုသူ၏ ထိခိုက်အနာတရဖြစ်မှုအပေါ် စီမံခန့်ခွဲနိုင်မှု၊ သင့်လျော်သော ပြုစုနည်းကို ဆုံးဖြတ်ရွေးချယ်နိုင်မှုအပေါ် မူတည်၏။ လူတန်းစားအလွှာမရွေး သင်ကြားတတ် မြောက်နိုင်၏။ မိသားစုတစ်စုတွင် အနည်းဆုံးတစ်ဦးတတ်မြောက်ထားသင့်၏။ စာသင်ကျောင်းများတွင်လည်း ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအား သင်ကြား ပေးသင့်၏။ စက်ရုံအလုပ်ရုံ၊ လုပ်ငန်းခွင်များတွင် လုပ်သားအရေအတွက် အပေါ်မူတည်ပြီး သင်ကြားပေးသင့်၏။ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော ဟိုတယ်၊ စူပါမားကက်၊ လေယာဉ်၊ သင်္ဘော၊ ခရီးသည်တင်ယာဉ်များတွင် လုံခြုံရေးဝန်ဆောင်မှုပေးနေသူများကလည်း တတ်မြောက် ထားရန် လိုအပ်သည်။
ရှေးဦးပြုစုပေးခြင်းသည် လူသားချင်းစာနာ ထောက်ထားမှုကို အခြေခံသော အကူအညီပေးခြင်း လည်းဖြစ်၏။ အသက်ကိုကယ်တင်ပေးသည့် ကုသိုလ်ဒါနလည်းဖြစ်၏။ ထိုသို့ မွန်မြတ်သော အကူအညီကို ပေးခဲ့ကြသည့် ရှေးဦးပြုစုသူများအား အသိအမှတ်ပြု ဂုဏ်ပြုသည့်အနေဖြင့် လည်းကောင်း၊ ရှေးဦးပြုစုခြင်း အတတ်ပညာ၏ ထိရောက်မှုကို လူသားတိုင်း သိရှိနားလည်ကာ တတ်မြောက်ထားသင့်ကြောင်း အသိပေးနှိုးဆော်သည့် အနေဖြင့်လည်းကောင်း ကမ္ဘာ့ရှေးဦး ပြုစုခြင်းနေ့(World First Aid Day) အခမ်းအနားများကို နှစ်စဉ်စက်တင်ဘာလ၏(ဒုတိယပတ်) စနေနေ့တိုင်းတွင် ကျင်းပလျက်ရှိကြ ပေသည်။

No comments:

Post a Comment