Saturday, September 14, 2019

ဧရာဝတီတိုင်းဒေသကြီးတွင် ဆောင်ရွက်မည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက် (၂)နှစ် အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်ရှင်းလင်းဆွေးနွေး



နေပြည်တော် စက်တင်ဘာ ၁၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ အစည်းအဝေးခန်းမ၌ ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။

တွေ့ဆုံရာ၌ ဝန်ကြီးဌာနက ဧရာဝတီတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် လျက်ရှိသည့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စများ၊ ဝန်ကြီး ဌာနနှင့် နားလည်မှုသဘောတူစာချွန်လွှာ လက်မှတ် ရေးထိုး၍ တိုင်းဒေသကြီးအတွင်း လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၏ ဆောင်ရွက် မှုများကို ပြည်သူများ အကျိုးရှိစွာ ခံစားရရှိစေရေးလိုအပ်သော ညှိနှိုင်းကြီးကြပ်မှုများ၊ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စများကို ဆွေးနွေးသည်။
ထို့အပြင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး မသန်စွမ်း အခွင့် အရေးများဆိုင်ရာ ကော်မတီတို့ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်း များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ လူငယ်ရေးရာကော်မတီ၏ မဟာဗျူဟာလုပ်ငန်းစဉ်များ အကောင် အထည်ဖော်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဘဏ္ဍာငွေခွဲဝေရရှိနိုင်ရေး၊ သဘာဝဘေးကြောင့် ပျက်စီးသွား သောရွာချင်းဆက် ကုန်ထုတ်လမ်း၊ တံတားများ အလျင်အမြန်ပြန်လည် ပြုပြင်တည်ဆောက် ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ရေကြည်မြို့နယ်၊ ချောင်းဝကျေးရွာချင်းဆက်တံတား၊ ရေကြည်မြို့နယ် နှင့် လေးမျက်နှာမြို့နယ် အတွင်းရှိ ကျေးရွာချင်းဆက်တံတား၊ လေးမျက်နှာမြို့နယ် ကျည်တော်စု-သောင်တန်းကျေးရွာချင်းဆက် တံတားတို့အတွက် တံတားတစ်စင်းလျှင် ငွေကျပ်သိန်း(၅၀)ဖြင့် စုစုပေါင်း ငွေကျပ်သိန်း(၁၅၀)ကို ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့က ထောက်ပံ့ပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိ သူတို့က လက်ခံခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကိုယ်ဝန် ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေး ထောက်ပံ့ခြင်း အစီအစဉ်ကို အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးအမျိုးသမီး ကော်မတီဝင်များ၊ လူငယ်ရေးရာကော်မတီဝင်များ၊ပြည်တွင်း/ ပြည်ပအစိုးရမဟုတ်သောအဖွဲ့ အစည်းများ၊ ကလေးသူငယ်ပြုစု စောင့်ရှောက်ရေး ဂေဟာများ၊ သင်တန်းကျောင်းများမှတာဝန်ရှိသူများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်း အတွင်း ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းမှမွေးဖွားသောအသက် (၂)နှစ်အောက် ကလေးငယ် များအား ငွေကြေးထောက်ပံပေးခြင်း အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်သဖြင့် ဝမ်းမြောက်ကြိုဆို ပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဌာနဆိုင်ရာ များအနေဖြင့် စီမံကိန်းအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ အကောင် အထည်ဖော်ဆောင်ရွက်မည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွား သော အသက် (၂)နှစ်အောက် ကလေး ငယ်များ ငွေကြေးထောက်ပံ့ခြင်း(MCCT)နှင့် ပညာ ပေးအစီအစဉ်များ ကိုရှင်းလင်းတင်ပြခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်တွင်း/ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသခံများက လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ၊ MCCT အစီအစဉ် အကောင်အထည်ဖော်မည့်ကိစ္စများနှင့်ပတ်သက်၍ သိရှိလို သည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment