နေပြည်တော် စက်တင်ဘာ ၉
ပြည်သူ့ဘဏ္ဍာငွေများအား
စီမံခန့်ခွဲရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်၊ တာဝန်ယူမှု တာဝန်ခံမှု
ရှိစေရန်နှင့် ပြည်သူ့ဘဏ္ဍာများကို ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်စေရန်
ရည်ရွယ်၍ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနမှ ဝန်ထမ်းများအား
ဝန်ကြီးဌာနတွင်း ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွင်
စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် ၁/၂၀၁၉ ဖွင့်ပွဲအခမ်းအနားကို
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး စုပေါင်းခန်းမ၌
ကျင်းပသည်။
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က ဌာနများတွင် ဘဏ္ဍာရန်ပုံငွေကိစ္စရပ်သည်
အရေးပါသကဲ့သို့ ဘဏ္ဍာရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေဘဲ စနစ်တကျ
နည်းလမ်း မှန်ကန်စွာ သုံးစွဲရေးမှာ အရေးကြီးကြောင်း၊
ရန်ပုံငွေသုံးစွဲရာတွင် နိုင်ငံတော်မှ ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များ၊
စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စု
စာရင်းစစ်ချုပ်ရုံးတို့က သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ
သုံးစွဲရန် လိုအပ်ပါကြောင်း၊ ထို့အပြင် အရ အသုံး ခန့်မှန်းခြေငွေစာရင်းများ
ပြုစုခြင်း၊ ဘဏ္ဍာငွေများ တောင်းခံခြင်းနှင့် အကျိုးရှိ ထိရောက်စွာ
သုံးစွဲခြင်းများကို သိရှိနားလည်ထားရန် လိုအပ်ပါကြောင်း၊ လာမည့် ၂၀၁၉-၂၀၂၀
ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ပြည်နယ်များရှိ ဌာနခွဲများအလိုက် ဘဏ္ဍာငွေ
အရ အသုံးစာရင်းများ၊ ငွေစာရင်း MD Account များ ဖွင့်လှစ်မည်ဖြစ်သည့်အတွက်
ယခုသင်ကြားမှုများကို မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လက်တွေ့
ဆောင်ရွက်သွားကြရန်နှင့် တာဝန်ယူမှု တာဝန်ခံမှုရှိရေးအတွက် သင်တန်းက
အထောက်အကူများစွာ ရရှိကြမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေကို ချွေချွေ
တာတာ စည်းကမ်းတကျ မှန်မှန်ကန်ကန် သုံးစွဲနိုင်ရန်အတွက်
သင်ယူဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက်
ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက MSDP နှင့် ချိတ်ဆက်၍ ပူးပေါင်း
ဆောင်ရွက်သွားမည့် အစီအစဉ်၊ တာဝန်ခံအရာရှိများအား ပြည်သူ့ဘဏ္ဍာငွေ
စီမံခန့်ခွဲမှုဆိုင်ရာ မွမ်းမံ သင်တန်းများ ဆက်လက်သင်ကြားသွားမည့်
အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
အဆိုပါ
ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၊
ငွေတိုက်ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြန်မာ့
စီးပွားရေးဘဏ်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး တို့မှ
ကျွမ်းကျင်ပညာရှင်များက စက်တင်ဘာ ၁၃ ရက်အထိ သင်ကြားပို့ချပေးသွားမည်
ဖြစ်သည်။
(သတင်းစဉ်)

No comments:
Post a Comment