နေပြည်တော် စက်တင်ဘာ ၉
ပင်လယ်ကြမ်းပြင် အရင်းအမြစ်များနှင့် အဏ္ဏဝါစီးပွားရေးဆိုင်ရာ အာဆီယံနှင့် ဘင်းမ်စတက် ဒေသတွင်း အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်အာဏာပိုင် အဖွဲ့ (International Seabed Authority)၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. Michael Lodge တို့က အဖွင့်အမှာစကား ပြောကြားကြသည်။
အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံများ၏ တရားစီရင်ပိုင်ခွင့် ပြင်ပဧရိယာ (နိုင်ငံတကာ ရေပြင်) ရှိ ပင်လယ်ကြမ်းပြင်၌ သယံဇာတများရှာဖွေ တူးဖော်ရာတွင် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင် အာဏာပိုင်အဖွဲ့၏ ဆောင်ရွက်ပိုင်ခွင့်နှင့် တာဝန်များ၊ သယံဇာတ ရှာဖွေတူးဖော်နိုင်ရေးအတွက် ကမကထပြုသည့် နိုင်ငံများနှင့် ရှာဖွေတူးဖော်သည့် အဖွဲ့အစည်းများ၏ ဝတ္တရားများနှင့် ပတ်သက်၍ အာဆီယံနှင့် ဘင်းမ်စတက်နိုင်ငံများအား အသိပညာပေးရန်၊ ပြင်ပဧရိယာရှိ ပင်လယ်ကြမ်းပြင် ဆောင်ရွက်မှုများတွင် တိုးမြှင့်ပါဝင်ခြင်းဖြင့် အာဆီယံနှင့် ဘင်းမ်စတက်နိုင်ငံများအတွက် ရရှိလာနိုင်မည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်နိုင်မှု အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။
အလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့တွင် ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ(The United Nations Convention on the Law of the Sea and 1994 Agreement) ကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဒေါ်လှမျိုးနွယ်က လည်းကောင်း၊ ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း အောက်မှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများ အနေဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် ဆောင်ရွက်နေမှု လုပ်ငန်းများ (Other institutions operating or created under the framework of the Convention in South Asia and South East Asia) ကို Mr. Michael Lodge က လည်းကောင်း၊ အာဆီယံနှင့် ဘင်းမ်စတက် နိုင်ငံများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် အဏ္ဏဝါ စီးပွားရေးကို ပံ့ပိုးပေးနိုင်ရေး အတွက်ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့် ရေးဆိုင်ရာ ကိစ္စရပ်များ (Increased regional international cooperation in support of the sustainable development of ASEAN and BIMSTEC members’ Blue Economy) ကို မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသူရဦးက လည်းကောင်း သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပြီး မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီး ဌာနများမှအဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံနှင့် ဘင်းမ်စတက် ဒေသတွင်း နိုင်ငံပေါင်း (၁၅)နိုင်ငံမှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းနှင့် စပ်လျဉ်းသည့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများဖြစ်ကြသည့် International Seabed Authority (ISA), Commission on the Limits of the Continental Shelf (CLCS), Division for Ocean Affairs and the Law of the Sea (DOALOS) နှင့် Korea Maritime Institute (KMI) တို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ဆွေးနွေး ကြသည်။
အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို စက်တင်ဘာ ၁၀ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲကို အာဆီယံနှင့်ဘင်းမ်စတက် ဒေသတွင်း နိုင်ငံများတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်အာဏာပိုင်အဖွဲ့နှင့် ပူးပေါင်း၍ Korea Maritime Institute ၏ ကူညီမှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။
International Seabed Authority ကို ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေ အာဏာ တည်ပြီးနောက် ၁၉၉၄ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရုံးချုပ်ကို ဂျမေကာနိုင်ငံ၊ ကင်းစတန် မြို့တွင် အခြေစိုက် ဖွင့်လှစ်ထားသည်။ International Seabed Authority ကို နိုင်ငံများ၏ တရားစီရင်ပိုင်ခွင့် ဧရိယာပြင်ပရှိ အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်တွင်ရှိသည့် ဓာတ်သတ္ထုနှင့် သယံဇာတများ ရှာဖွေတူးဖော်ခြင်းများ အပေါ် စုစည်းခြင်း၊ ထိန်းညှိခြင်းနှင့် ထိန်းချုပ်ခြင်းများ ဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်း ထားခြင်းဖြစ်သည်။
(သတင်းစဉ်)
No comments:
Post a Comment