မြန်မာယူနီကုဒ် စံစနစ်ကူးပြောင်းခြင်းဆိုင်ရာ
လုပ်ငန်းစဉ်များအတွက် သတင်း မီဒီယာ၊ စာနယ်ဇင်း အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲနှင့်
သံတမန် ခန့်အပ်လွှာ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်
၊ MICT Park ရှိ Conference Hall ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ
ကွန်ပျူတာ ပညာဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က အမှာစကား ပြောကြားရာတွင် မြန်မာယူနီကုဒ်စံစနစ်ကို
ကူးပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ အတွက် အောက်တိုဘာ ၁ ရက်မှစတင်၍ အများပြည်သူအကြား
တွင်ကျယ်စွာ အသုံးပြုနိုင်ရေး အတွက် သတင်းမီဒီယာနှင့်စာနယ်ဇင်းများမှ တက်ရောက် လာကြသူများ
အနေဖြင့် ပြည်သူလူထုအကြား မြန်မာယူနီကုဒ်စံစနစ်နှင့် ပတ်သက်၍ ပိုမိုသိရှိနားလည်ပြီး
အသုံးပြုနိုင်ရေးအတွက် မီဒီယာများက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရန်လိုကြောင်း၊ မြန်မာယူနီကုဒ်စံစနစ်သည်
နိုင်ငံတော် အစိုးရ၏ e-Government လုပ်ငန်းစဉ် အရှိန်အဟုန်ဖြင့်တိုးတက်လာစေရေးအတွက်
အထောက်အကူဖြစ်စေမှာဖြစ်ပြီး ထိုမှတဆင့် သတင်းအချက်အလက်နှင့် နည်းပညာ များ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊
အစိုးရ၊ ပုဂ္ဂလိက
အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများအနေဖြင့် ပြည်သူများအား ဝန်ဆောင်မှုပေးရာတွင် တူညီသည့်စနစ်တစ်ခုကို
အသုံးပြုခြင်းဖြင့် အပြန်အလှန် သိရှိ နားလည်ပြီး လုပ်ငန်းများလွယ်ကူ မြန်ဆန်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊
ယခုပြောင်းလဲအသုံးပြုသွားမည့် စံစနစ်သည် နိုင်ငံတကာနှင့် ကိုက်ညီသည့် စံစနစ် တစ်ခုဖြစ်သောကြောင့်
နိုင်ငံတကာနှင့် ပေါင်းကူးဆက်ဆံရာတွင် သတင်းအချက် အလက်နှင့် နည်းပညာများ သွက်လက်မြန်ဆန်လာမည်ဖြစ်သည့်အတွက်
ပြည်သူ များနှင့် ထိတွေမှုများသော သတင်းမီဒီယာများနှင့် စာနယ်ဇင်းသမားများ အနေဖြင့်
ဝိုင်းဝန်းကူညီပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က အမှာစကားပြောကြားရာတွင် မြန်မာယူနီကုဒ် စံစနစ်ကို စတင်စိတ်ကူးခဲ့သည်မှာ
နှစ်ပေါင်း ၂၀ ခန့်ရှိပြီဖြစ်သော်လည်း ယခုမှလက်တွေ့ အကောင်အထည်ဖော်ရန် စီစဉ် နိုင်ခြင်းဖြစ်ကြောင်း၊
မိမိတို့နိုင်ငံအတွက် အလွန်အရေးကြီးသည့် ကိစ္စကြီးတစ်ခုဖြစ် သဖြင့် မီဒီယာများ၏ ပူးပေါင်းပါဝင်မှုအားသည်
အဓိကနေရာမှ ပါဝင်နေကြောင်း၊ ပြည်သူအားလုံးလိုက်ပါရန်လိုအပ်ပြီး မိမိတို့နိုင်ငံ၏ ညီညွှတ်မှုကိုပြသရန်
အခွင့်အရေး တစ်ရပ်ပင်ဖြစ်ကြောင်း၊ အောက်တိုဘာ ၁ ရက်တွင်စတင်အကောင်အထည် ဖော်သွား မည်ဖြစ်ပြီး
စတင် အကောင်အထည်ဖော်ရာတွင် အခက်အခဲတချို့ရှိနိုင်သော်လည်း အချိန်အနည်းငယ်အတွင်း ပြေလည်သွားမည်ဟုယုံကြည်ကြောင်း၊
ထိုသို့အကောင် အထည်ဖော်ဆောင်မှုနှင့် ပတ်သက်၍ မီဒီယာများနှင့် ထပ်မံတွေ့ဆုံရန်ရှိကြောင်း၊
ယခုပြောင်းလဲမှုအတွက် မီဒီယာများ၏အားကိုလိုအပ်ကြောင်း၊ မီဒီယာများအနေဖြင့် လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားလိမ့်မည်ဟု
မိမိအနေဖြင့်ယုံကြည်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံကွန်ပျူတာ
အသင်းချုပ် (MCF) ဥက္ကဌ ဦးမင်းဇေယျာလှိုင် က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး
ဒုတိယ ဥက္ကဌ ဒေါက်တာ ထွန်းသူရသက်က မြန်မာယူနီကုဒ်စံစနစ်နှင့် စပ်လျဉ်း၍လည်းကောင်း၊
အထွေထွေ အတွင်းရေးမှူး ဦးသောင်းစုငြိမ်းက အများပြည်သူ အသိပညာပေးလုပ်ငန်း အစီအစဉ် များနှင့်
စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး
ဦးသန့်စင်မောင်က မြန်မာယူနီကုဒ်စံစနစ် ကူးပြောင်းရေး သံတမန် ခန့်အပ်လွှာများကိုပေးအပ်သည်။
အဆိုပါ အခမ်းအနားကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ပြန်ကြားရေးဝန်ကြီး
ဌာန၏ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် (MCF) က ဦးဆောင်ကာ
ကျင်းပခြင်းဖြစ်ပြီး မြန်မာယူနီကုဒ်စံစနစ်ကို ပြည်သူများပိုမိုသိရှိ နားလည်လာနိုင်
စေရန်နှင့် တွင်ကျယ်စွာ အသုံးပြုလာနိုင်စေရန်ရည်ရွယ် ၍ပြုလုပ်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊
သတင်းမီဒီယာကျင့်ဝတ်နှင့် ဖွံ့ဖြိုးတိုး တက်ရေး ကော်မတီ အတွင်းရေးမှူး ဦးဇေယျာလှိုင်က``သတင်းမီဒီယာသမားဆို
တာ မီဒီယာကိုကြားခံ အသုံးပြုပြီး လူထုနဲ့ဆက်သွယ်တဲ့ အခါမှာ လူအများအဆင်ပြေ နိုင်မယ့်
နည်းလမ်းတွေကိုရှာဖွေ အသုံးပြုပြီးဆက်သွယ်ရတယ်။ ကျွန်တော်တို့ မီဒီယာ သမားတွေအနေနဲ့ကတော့
မီဒီယာသီအိုရီအရ ပရိသတ်ကို အလွယ်တကူ နားလည် အောင်ကြိုးစားရမှာပဲ။ ချက်ချင်းကြီး ပြောင်းလဲဖို့ဆိုရင်
ဝန်ကြီးဌာနတွေအနေနဲ့ တော့ပြောင်းလဲလို့ ရကောင်းရနိုင်လိမ့်မယ်။ ဒါပေမယ့် လူထုပါဝင်ပြောင်းလဲဖို့ဆိုရင်
သူတို့အတွက် အလွယ်တကူ အသုံးပြုနိုင်ဖို့ အကူအညီလိုအပ်တယ်။ အခုပြောင်းလဲ မှုက ကောင်းပါတယ်။
အလွယ်တကူနဲ့ အများလိုက်ပါပြောင်းလဲ အသုံးပြုနိုင်ဖို့ လိုအပ် ပါတယ်´´ ဟု မီဒီယာများကိုပြောကြားသည်။
အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး၊ သတင်းမီဒီယာ၊ စာနယ်ဇင်း အဖွဲ့အစည်းများမှ
တာဝန်ရှိသူများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-လှမိုး
No comments:
Post a Comment