နေပြည်တော် စက်တင်ဘာ ၁၃
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး သည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး
မတ္တရာမြို့နယ်ရှိ ရေနံသာ အနာကြီးရောဂါ အထူးကု ဆေးရုံကြီး သို့ သွားရောက်ပြီး
"ပြန်လည်သန်စွမ်းရေးဆေးရုံ (အထက်မြန်မာပြည်)" အဖြစ် ပြောင်းလဲဖွင့်လှစ်နိုင်ရေးအတွက်
တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
ရှေးဦးစွာ ရေနံသာ
အနာကြီးရောဂါ အထူးကုဆေးရုံကြီး၏ ဆေးရုံအုပ်ဒေါက်တာ ခင်မို့မို့က အနာကြီးရောဂါလူနာနှင့်
အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါချို့ယွင်းမှု ဖြစ်ပွားသူ လူနာများကို ကုသပေးနေမှု၊
ခြေတုတပ်ဆင်ပေးခြင်းလုပ်ငန်းနှင့် အကြော အဆစ် ပြန်လည် သန်စွမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ၊
ဝန်ထမ်းအင်အား နှင့် အဆောက်အဦများ အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ်
ပြည်ထောင်စုဝန်ကြီးက ဆေးရုံအုပ်ကြီးအပါအဝင် ဝန်ထမ်းများ အားလုံးက စိတ်စေတနာပြည့်ဝစွာဖြင့်
ကြိုးစားဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရသည်မှာ အလွန်ကောင်း မွန်ပါကြောင်း၊ မြန်မာနိုင်ငံ၏
အနာကြီးရောဂါ ဖြစ်ပွားမှု နှုန်းသည် ၂၀၁၈ခုနှစ် စာရင်းအရ လူဦးရေ (၁၀၀၀)လျှင် (၀ဒသမ၃၉)ဦးသာ
ရှိသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နှစ်စဉ် အနာကြီးရောဂါ လူနာသစ် (၂၀၀၀) ဦး
ခန့်ရှိနေသေးသောကြောင့် အနာကြီး ရောဂါ တိုက်ဖျက်ရေး လုပ်ငန်း များကို အားဖြည့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ဤရေနံသာ ဆေးရုံကြီးကို
အနာကြီးရောဂါလူနာကုသရေးနှင့် ဆက်စပ် လုပ်ငန်းများကို သာမက အခြားကိုယ်အင်္ဂါ မသန်စွမ်းလူနာအမျိုးမျိုးကိုလည်း
ပြုစု ကုသပေးနိုင်သည့် ပြန်လည်သန်စွမ်းရေး ဆေးရုံ (အထက်မြန်မာပြည်) အဖြစ် တိုးချဲ့ပြောင်းလဲဖွင့်လှစ်နိုင်ရေးအတွက်
လိုအပ်သော ကျွမ်းကျင်ဝန်ထမ်းများ၊ အဆောက်အဦများနှင့် စက်ပစ္စည်းကိရိယာများကို ဝန်ကြီး
ဌာနက ဦးစားပေး အစီအစဉ်ဖြင့်(၂၀၁၉-၂၀၂၀) ခုဘဏ္ဍာနှစ်တွင် ဖြည့်ဆည်း ပေးသွား မည်ဖြစ်
ပါကြောင်း။
ဤဆေးရုံကြီးကို အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ
(ရန်ကုန်)ကဲ့သို့ ကိုယ်အင်္ဂါ ပြန်လည် သန်စွမ်းရေးဆိုင်ရာ ကုသမှုအမျိုးမျိုးပြုလုပ်ပေးနိုင်သော
အဆင့်အတန်း ရှိသည့် ဆေးရုံ ကြီးတစ်ခု ဖြစ်လာစေရန် ဝန်ကြီးဌာနမှ လိုအပ်ချက်များကို အဆင့်လိုက်
ဖြည့်ဆည်း ဆောင်ရွက် ပေးသွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်
ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်၊ (ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)
ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မန္တလေးတိုင်းဒေသကြီး
ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး၊ အမျိုးသား ပြန်လည် သန်စွမ်းရေးဆေးရုံအုပ်
(ရန်ကုန်) တို့မှ ပြန်လည်သန်စွမ်းရေး ဆေးရုံ (အထက်မြန်မာပြည်) အဖြစ်ပြောင်းလဲဖွင့်လှစ်နိုင်ရေး
အတွက်အထွေထွေအကြံပြု ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်
ရေနံသာအနာကြီး ရောဂါအထူးကုဆေးရုံရှိ ပြင်ပလူနာဌာန၊ လူနာဆောင်များ၊ ဓါတ်ခွဲဌာန၊ အကြောအဆစ်ကုဌာန၊
ခြေတု လက်တုနှင့် အားပြု ကိရိယာဌာနခွဲ၊ ခြေတုလက်တုထုတ်လုပ် တပ်ဆင်ဌာနခွဲ၊ ဖိနပ်ချုပ်လုပ်ငန်းဌာနခွဲများသို့
လှည့်လည်ကြည့်ရှု၍ မော်တော်ယာဉ်၊ ဓါတ်မှန်စက် အသစ် အပါအဝင် လိုအပ်သည်များ ကို ပံ့ပိုးဖြည့်ဆည်းပေးသည်။
ပြည်ထောင်စုဝန်ကြီးသည်
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မန္တလာသီရိ အားကစား ကွင်းတွင် ကျင်းပသော
ကမ္ဘာ့ချန်ပီယံများနှင့် အာရှနိုင်ငံများပါဝင်သော ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲ
(Mandalay IBSF World Billiards and Snooker Championship 2019) သို့ သွားရောက်၍ ယှဉ်ပြိုင်နေသောပွဲစဉ်များကို
ကြည့်ရှုအားပေးခဲ့ပြီး မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါက်တာ
မင်းနိုင် နှင့် နိုင်ငံတကာ ဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ် (IBSF) ဒုတိယဥက္ကဋ္ဌ Mr.
James Leacyတို့နှင့် တွေ့ဆုံဆွေးနွေးသည်။ အဆိုပါ ပြိုင်ပွဲတွင် နိုင်ငံပေါင်း (၂၁)နိုင်ငံမှ
ဘိလိယက်နှင့် စနူကာ အားကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်ကြပြီး စက်တင်ဘာ (၉)ရက်မှ
(၂၅)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment