Wednesday, September 11, 2019

မိုးမိုး (အင်းလျား) ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော် ကျင်းပရန်အတွက် သတင်းစာရှင်းလင်းပွဲနှင့် စာပေစကားဝိုင်းကျင်းပမည်

ရန်ကုန် စက်တင်ဘာ ၁၀
မိုးမိုး (အင်းလျား) ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော် ကျင်းပရန် သတင်းစာရှင်းလင်းပွဲနှင့် စာပေစကားဝိုင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

စာရေးဆရာမ မိုးမိုး (အင်းလျား) သည် ၁၉၄၄ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် မွေးဖွားခဲ့သဖြင် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် အသက် ၇၅ နှစ်ပြည့်ပြီဖြစ်ပြီး ၎င်းဆုံးပါးသွားခဲ့သည်မှာ ယခုနှစ် မတ်လတွင် ၂၉ နှစ်ရှိခဲ့ပြီဖြစ်သည်။ စာရေးသူသည် လုံးချင်းဝတ္ထု ၂၆ အုပ်နှင့် ဝတ္ထုတိုများ၊ မဂ္ဂဇင်း ဝတ္ထုရှည်များ များစွာရေးသားခဲ့ပြီး အမျိုးသားစာပေဆုကို လေးကြိမ်ရရှိခဲ့သည်။ စာရေးသူ၏ 'ပျောက်သော လမ်းမှာ စမ်းတဝါး'၊ 'ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား'၊ 'မသုဓမ္မ စာရီ'၊ 'ငြိမ်းကိုရှက်ပါ'၊ 'မှတစ်ပါး အခြားမရှိပြီ'၊ 'ရွှေတိဂုံကိုမြင်လျှင်' ဝတ္ထုများမှာ ထင်ရှားသည်။ ၎င်း၏ ဝတ္ထုများကို ရုရှား၊ ဂျပန်၊ အင်္ဂလိပ် ဘာသာတို့သို့ ပြန်ဆိုခဲ့ကြပြီး ဗီဒီယိုနှင့် ရုပ်ရှင်များလည်း ရိုက်ကူးခဲ့ကြ သည်။
မိုးမိုး (အင်းလျား) ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်မှာ စာပေအနုပညာ နယ်ပယ်အသီးသီးမှ စာပေအနုပညာရှင်များအားလုံး ပူးပေါင်းပါဝင် တင်ဆက်ဆင်နွှဲနိုင်ရန် ဖြစ်ကြောင်း၊ မိုးမိုး (အင်းလျား) ကို ချစ်ခင်အားပေးသော စာချစ်သူများ အားလုံးအတွက် မိုးမိုး (အင်းလျား) အမှတ်တရ သီးသန့်ကဏ္ဍများသာ မဟုတ်ဘဲစာပေ အနုပညာကဏ္ဍ အားလုံးအတွက် ကျယ်ပြန့်စွာ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီမှ မွန်းလွဲ ၁၂ နာရီခွဲအထိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ပထမထပ်၊ ရွှေဥဒေါင်းခန်းမ သိမ်ဖြူလမ်း ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်သည်။
သတင်းစာ ရှင်းလင်းပွဲအပြီးတွင် မွန်းလွဲ ၁ နာရီမှ စတင်၍ ဆရာမ မစန္ဒာ၊ ဆရာ မောင်သာချို၊ မသွယ်သွယ်မျိုးညွန့်၊ ဆရာ နေဇော်နိုင်၊ ဆရာ မောင်သာမည တို့က ဆရာမ မိုးမိုး(အင်းလျား)၏ ၇၅ နှစ်ပြည့် မွေးနေအကြို စာပေစကားဝိုင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment