Wednesday, September 11, 2019

ပျော်ရွှင်ဖွယ်ရာ သုံးပတ်တာ ဝန်ကြီးများရုံးမှာ အစီအစဉ်ကျင်းပမည် ပြည်သူများ အခမဲ့လာရောက်လေ့လာနိုင်




 ရန်ကုန် စက်တင်ဘာ ၁၀

ပျော်ရွှင်ဖွယ်ရာသုံးပတ်တာ ဝန်ကြီးများရုံး မှာ(Three for free weekends @The Secretariat) အစီအစဉ်ကို မြန်မာနိုင်ငံသားများနှင့် နိုင်ငံတကာ ခရီးသွားများအတွက် ရည်ရွယ်၍ ယခုလ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဝင်ကြေး အခမဲ့ဖြင့် The Secretariat Yangon က ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက် တွင် ''အတိတ်ဟောင်းကို ပြန်လည် လေ့လာခြင်း'' အစီအစဉ်အဖြစ်၂၀ ရာစု ခေတ် ရန်ကုန်မြို့ မြင်ကွင်းကို ပြန်လည် ကြည့်ရှုနိုင်ရန် ခေတ်ဟောင်းဓာတ်ပုံပြပွဲ ကို Delta Media မှ ကျင်းပသွားမည် ဖြစ်ပြီး ၁၉၀၀ ပြည့်နှစ်များဆီမှ မြန်မာ့ ရှေးဟောင်း အသုံးအဆောင်များကိုလည်း ပြသထားမည်ဖြစ်သောကြောင့် ထိုခေတ် ရန်ကုန်မြို့၏ သမိုင်းကြောင်းနှင့် လူမှုဘ၀နေထိုင်မှုများအား လေ့လာနိုင် မည်ဖြစ်သည်။

စက်တင်ဘာ ၂၂ ရက်နှင့်၂၃ ရက် တွင် ''ရုံးပိတ်ရက်များတွင် ဝန်ကြီးများ ရုံး၌ ဈေးဝယ်ထွက်ခြင်း''အစီအစဉ်အဖြစ် မြန်မာ့ရိုးရာကုန်ပစ္စည်းများ၊ အလှကုန်များနှင့် အမျိုးသမီးဝတ် အဝတ်အထည် အမျိုးမျိုး၊ လက်ကိုင် အိတ်များနှင့် လက်မှုပစ္စည်းများကို Singapore- Myanmar Invest Co., Ltd.(SMI)မှ ရောင်းချ ပေးသွားမည်ဖြစ်သည်။

စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက် တွင် ''မိသားစု၊ မိတ်ဆွေများနှင့် ရုံးပိတ် ရက်ကို ဝန်ကြီးများရုံးတွင် ကုန်ဆုံးခြင်း ''အစီအစဉ်အဖြစ် ပျော်ရွှင်ဖွယ်ရာ ကစားနည်းများ၊ ကလေးငယ်များအတွက် ပုံပြောခြင်းနှင့် အသက် ၁၀ နှစ်အောက် ကလေးများအတွက် ကစားကွင်းအစီ အစဉ်၊ ပညာရေး အထောက်အကူပြု ကစားနည်းများအပြင် အမျိုးသမီးများအတွက် ကွင်းပြင်ဈေးရောင်းပွဲတော် အစရှိသည့် အစီအစဉ်များကို ကျင်းပမည် ဖြစ်ပြီး ဈေးရောင်းပွဲမှရရှိသည့် အမြတ် အချို့အား ရေဘေးသင့် ပြည်သူများထံ လှူဒါန်းသွားမည်ဖြစ်သည်။

The Secretariat Yangon \ Commercial Director, Mr. Steven Stubblefield က ''ဝန်ကြီး များရုံးဟာ မြန်မာ့သမိုင်းမှာ အရေးကြီး တဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အခုအစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ အတိတ်က မျိုးဆက်တွေနဲ့ လက်ရှိမျိုးဆက်တွေအကြား ကွာဟမှုတွေကို တံတားခင်းပေးနိုင်ဖို့ ရည်ရွယ်ထားပြီး ဝန်ကြီးများ ရုံးရဲ့ သမိုင်းသစ်ကို လက်တွဲဖော်ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်''ဟု ပြော သည်။

ထို့ပြင် လာရောက်လေ့လာသူများ၏ အတွေ့အကြုံများအား လူမှုကွန်ရက်တွင် ပြန်လည်မျှဝေနိုင်စေရန် selfie-contest တစ်ခုကိုလည်း ကျင်းပသွားမည် ဖြစ်ကာ ပါဝင်သူများအား ဆုများချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ-မွန်းဦးနဒီ

No comments:

Post a Comment